Friday, April 17, 2009

အလုပ်ထဲက အဖြစ်များ

ဒီတလော အလုပ်က စလုပ်ခါစဆိုတော့ သိပ်နေသားမကျသေးဘူး။ ပြီးတော့ အလုပ်ချိန်က တစ်ခါတစ်လေ မနက်၉နာရီလောက်ကနေ ည၁၀နာရီလောက်အထိဆိုတော့ အိမ်ပြန်ရောက်တာနဲ့ ဘာမှမလုပ်ချင်တော့ဘူး။ ညောင်းနေလို့။ :D စာတောင်မရိုက်ချင်တော့ဘူး။ အဲ့ဒါကြောင့် ဘလော့လေးတောင် ဖုန်တွေနည်းနည်းတက်ချင်နေပြီ။ ဖူး ဖူး ဖူး(ဖုန်ခါနေသောအသံ)
တစ်နေ့တစ်နေ့ အလုပ်ထဲမှာပဲ အချိန်ကုန်နေတယ်ဆိုတော့ အလုပ်ထဲက အကြောင်းလေးတွေပဲ ရေးချင်စိတ်ပေါက်လာတယ်ဗျို့.. ခါတိုင်းဆို တနေ့တာ ဖြစ်ပျက်သမျှကို မားသားကို ပြန်ပြောပြနေကျ.. ခုမာသားက အနားမှာမရှိတော့ ဘော်ဘော်တွေကိုပဲ ဖောက်သည်ချရတာပေါ့ကွယ်။

၁)အကြွေးတောင်းတဲ့ ပညာ
ကျွန်မအလုပ်လုပ်တဲ့ ဆေးခန်းမှာ များသောအားဖြင့် စနေ တနင်္ဂနွေနေ့တွေမှာ လူများတတ်ပါတယ်။ အဲ့နေ့က စနေနေ့ပါ။ ဆေးခန်းရဲ့ ထုံးစံက ဆရာဝန်နဲ့တွေ့ပြီးရင် လူနာက အပြင်မှာ ခဏထိုင်စောင့်ရပါတယ်။ ဆေးယူဖို့နဲ့ ပိုက်ဆံရှင်းဖို့ပါ။ ဆရာဝန်က လူနာမှတ်တမ်းစာအုပ်မှာ ရေးစရာရှိတာရေးပြီး ကောင်တာကို ပို့ပါတယ်။ ထိုအခါမှ ကျွန်မတို့က ဆေးပေးခြင်းနဲ့ ငွေသိမ်းခြင်းကို လုပ်ရတာပါ။ဖြစ်ချင်တော့ မလေးလူမျိုးလူနာတစ်ယောက်က ကာကွယ်ဆေးလာထိုးပါတယ်။ ဆေးလာထိုးရုံပဲဆိုတော့ ဆေးယူဖို့ မလိုပါဘူး။ ငွေရှင်းဖို့ပဲ စောင့်ရမှာပါ။ ဒါပေမဲ့ အဲ့လူနာက ငွေမရှင်းပဲနဲ့ တစ်ခါတည်းပြန်သွားပါတယ်။ ကျွန်မတို့လည်း လူရှုပ်နေတော့ သတိမထားမိဘူး။ နောက်မှ လူနာမှတ်တမ်းစာအုပ် ကောင်တာရောက်လာမှ ကျသင့်ငွေယူမလို့ လူနာနာမည်ကို ခေါ်တော့မှ မရှိတော့မှန်းသိပါတယ်။ ဒါနဲ့ ဖုန်းခေါ်ပါတယ်။ ငွေမရှင်းရသေးတဲ့အတွက် ပြန်လာရှင်းဖို့ ပြောပါတယ်။ ရှင်းပြီးပြီးဆိုပြီးငြင်းပါတယ်။ ကျသင့်ငွေက စလုံး၇၀ပါ။ တော်သေးတာက သူ့ရဲ့အိမ်က ကျွန်မတို့ဆေးခန်းရဲ့ အပေါ်ထပ်မှာပါ။ အဲ့တော့ ဆရာဝန်က ကျွန်မကို receipt ပေးပြီး လူနာဆီက ငွေသွားတောင်းခိုင်းပါတယ်။ ကျွန်မလည်း သွားရပါတယ်။ အပေါ်ရောက်တော့ လူနာနဲ့တွေ့ပါတယ်။ ဒါပေမဲ့ ပိုက်ဆံမရခဲ့ပါဘူး။ အတင်းငြင်းပါတယ်။ ဒါနဲ့ ကျွန်မလည်း ပြန်လာပါတယ်။ မရတဲ့ အကြောင်းပြောတော့ ဆေးခန်းက ခပ်စွာစွာကောင်မလေးတစ်ယောက်ကို ထပ်သွားတောင်းခိုင်းပါတယ်။ မိနစ်၂၀လောက်နေတော့ ၇၀ကိုင်ပြီး ပြန်ဆင်းလာပါတယ်။ ကျွန်မလည်း အဲ့ကောင်မလေးကို တော်တော်လေးစားသွားတယ်။ သူကတော့ သင်ပေးတယ်။ အဲ့လိုမျိုးလူနာကို ကြမ်းပေးမှ ရတယ်တဲ့။ သူအိမ်ထဲထိဝင်ပြီး ကြမ်းခဲ့တာဆိုပဲ။ သြော် ဒါလည်း ပညာပဲလေ။ ကိုယ်မလုပ်နိုင်တာ သူလုပ်နိုင်တယ်ဆိုတော့...ဘာပဲဖြစ်ဖြစ် ၇၀ကို ကိုယ့်အိတ်ထဲက မစိုက်ရတာ တော်ပါသေးရဲ့။

၂)အသံထွက်
ကျွန်မအလုပ်တာဝန်ထဲမှာ လူနာတွေကို ဆေးပေးရတာလည်း ပါပါတယ်။ တစ်ခါတုန်းက လူနာတစ်ယောက်ကို ဆေးပေးတော့ လည်ချောင်းနာရင် ငုံရတဲ့ဆေးပေးပါတယ်။ အဲ့ဒါကို "For Suck"ဆိုပြီး label ပေါ်မှာရေးထားပါတယ်။ ကျွန်မက လူနာကို"This one is for suck" ဆိုပြီး ပေးလိုက်ပါတယ်။ Suck ကို ဆက်ခ် လို့ ကျွန်မက အသံထွက်ပါတယ်။ အဲ့အခါမှာ ကျွန်မဘေးက အလုပ်လုပ်နေတဲ့ အမက မျက်လုံးပြူးပြီး ကျွန်မကို ကြည့်ပါတယ်။ "For Sex?" ဆိုပြီး မေးပါတယ်။ ကျွန်မလည်း ကြောင်သွားတော့ သူက ဆေးကိုယူကြည့်ပါတယ်။ ပြီးတော့ ရယ်တယ်။ ဆက်ခ်လို့ အသံမထွက်ရဘူး။ ဆခ် လို့ အသံထွက်ရတယ်တဲ့။ သူက ဆက်ခ် လို့ အသံထွက်တာကို Sex လို့ ကြားတယ်တဲ့။ မှားပါတယ် မမရယ်။
နောက်တစ်ခါ အဲ့ဒီ Suck နဲ့ ပတ်သက်ပြီး ထပ်ဖြစ်သေးတယ်။ ဒီတစ်ခါတော့ အသံထွက်မှန်တယ်။ မှားတာက တရုတ်လိုနဲ့အင်္ဂလိပ်လို ရောပြောမိတာ။ "This one is for you to suck." လို့ပြောရင်ပြော မပြောရင် "ကျဲ့ကို့စွတ် ကေနီ ဟန်တဲ့"ဆိုပြီး ပြောရမှာ။ ကျွန်မပြောလိုက်တာက "ကျဲ့ကို့စွတ် ကေနီ ဆခ် တဲ့" ဆိုပြီး။ ဒီတစ်ခါလည်း ဘေးနားက အမက လှမ်းကြည့်ပါတယ်။ လူနာပြန်သွားတော့ ကျွန်မကို ရယ်ပြီးပြောတယ်။ နင်ပြောတဲ့ အဓိပ္ပာယ်က တစ်မျိုးဖြစ်သွားတယ်တဲ့။ တရုတ်လို ဆခ် (အမှန်တော့ "ဆ"က kill လို့ အဓိပ္ပာယ်ရပါတယ်။ အဲ့တော့ ကျွန်မပြောလိုက်တဲ့ဆေးက ငုံဆေးမဟုတ်ပဲ အဆိပ်ဖြစ်သွားပီ။ ဟိဟိ

ဒီမှာပဲ ခဏရပ်ဦးမယ်နော်။ ။
အားပေးတဲ့လူရှိရင်တော့ အလုပ်ထဲမှ အဖြစ်များ ၂ ဆိုပြီး ဆက်ရေးမယ်။ :P

အားလုံးပဲ ပျော်ရွှင်စရာကောင်းသော မြန်မာနှစ်သစ်လေးဖြစ်ပါစေ။ ။


11 comments:

Phyo Maw said...

၇၀ စိုက်လိုက်ရမှာ ဒါမှ ဘာဘာကြီးလည်း ကြမ်းတတ်သွားမှာ။ ဒါမှ တခါတည်း စိတ်ကြမ်း လူကြမ်းကြီး ကိုဖြစ်ကော။ :D

သီဟသစ် said...

pm လေးမြှောက်သွားတာကို လျှောက်မလုပ်နဲ့နော်..

ပျော်ရွှင်နှစ်သစ် ရင်ခုန်နှစ်သစ်ဖြစ်ပါစေကွယ်..

နွေးနေခြည် said...

အားပေးတယ်ဗျို့ အားပေးတယ်
ဆက်ရေးပါ

ဘယ်လိုကြမ်းလိုက်လဲမေးထားလေ... နောက်သူမရှိရင် ကိုယ်ကြမ်းရမှာ

တရုတ်လိုပြောလိုက်တာ သိပ်မလွဲပါဘူး (နည်းနည်းပါ)

ZT said...

ဆေးပေး မီးယူ လုပ်နေတယ်ပေါ့။ :D

ဘာတွေတုန်း said...

သို့ ဖျော်မိုး => သူများတကာကို သူ့လို စိတ်ကြမ်းလူကြမ်း ဖြစ်စေချင်တယ်ပေါ့လေ

သို့ ကိုသဟသ=>pm ကြီးက အချွန်နဲ့မသွားတာဗျ.. လိုက်လုပ်လို့ မဖြစ်ဘူး

သို့ မမနေခြည်=> တို့က အားပေးရင် ဆက်ရေးဦးမှာ.. :P
ကြမ်းနည်းတောင် မမေးလိုက်ရဘူး..မေးထားဦးမှ

သို့ ကိုဇက်တီ=>ဆေးတော့ ပေးပါတယ်။ မီးတော့ မယူဘူး :D

ဂျပန်ကောင်လေး said...

အဟား.. စာလေးတွေက မြူးတယ်သိလား.. ဖတ်ရတာ တခါတည်း ပြီးအောင်ကို ဖတ်သွားမိတယ်...

My Diary said...

ဟေး2
မရီဘူးနော် - လှောင်တာ အဲမှားလို့
လာအားပေးတာ
မရောက်တာကြာသွားတယ်
စာကြွေးဆပ်ခဲ့တယ်နော်

ရဲဝင့်သူ said...

အင်း...နောက်တခါအသံထွက်သတိထားနော်အမိလေး။
အဆင်ပြေပါစေဗျာ။

Anonymous said...

ဘာဘာလေးရေ.....မရောက်ဖြစ်တာတောင်
တော်တော်ကြာသွားခဲ့ပြီ။
နေကောင်းရဲ့လား။
အားပေးနေတယ်။ ကြိုးစား။:)

ဘာတွေတုန်း said...

သို့ ဂျပန်ကောင်လေး=> ပီးအောင် ဖတ်သွားတယ်ဆိုလို့ ကျေးဇူးပါနော်
သို့ မိုင်ဒိုင်ယာရီ=> မတွေ့တာတောင် ကြာပေါ့..ဘယ်တွေပျောက်
သို့ ရဲဝင့်သူ => ဟုတ် သတိထားနေပီ :)
သို့ မမမာလာ=> နေကောင်းပါတယ်ရှင်။

Mogok Thar said...

အာေးပးတယ်။ ဆက်ရေးပါဗျာ။ ရုံးခဏ နေ့စာ စားချိန်လေး ပြေးဖတ်မိတာ ကွန်ပျူတာ ကြည့်ပြီး အသံထွက် ရယ်မိလို့ စပ်စု ခံလိုက်ရဘီ။ အိမ်ရောက်မှ ဖတ်တော့မယ်။