Tuesday, July 13, 2010

ဆေး


မနေ့က အိမ်ရှင်းရင်းနဲ့ ဆေးတွေထည့်ထားတဲ့ ဘီဒိုကို ရှင်းဖြစ်တယ်။ စင်ကာပူကိုရောက်တဲ့ ၄နှစ်ခွဲအတွင်းမှာ တခါမှ အိမ်မပြောင်းဖူးတော့ အခုပြောင်းမယ်လည်းဆိုရော ပစ္စည်းတွေက သိမ်းလို့ကို မကုန်နိုင်ဘူး။ ချောင်ကြိုချောင်ကြားက ထွက်ထွက်လာတဲ့ ပစ္စည်းမွစိမွစိတွေလည်း မနည်း။
ဆေးဘီဒိုဖွင့်ပြီး ရှိသမျှဆေးတွေ ဆွဲထုတ်လာပြီး Expiry Date ဖြစ်တာတွေ လွှတ်ပစ်မယ်။ မဖြစ်သေးတာတွေကို သေတ္တာထဲ ထည့်သိမ်းမယ်ဆိုပြီး ရှင်းလိုက်တာ အားလာလာ အပေါ်က ဓာတ်ပုံထဲက ဆေးတွေအကုန်လုံးက Expiry Date ဖြစ်နေတဲ့ဟာတွေပေါ့။ မနည်းဘူး ။ ဒါတောင် မနှစ်က တစ်ခါရှင်းပြီး လွှတ်ပစ်သေးတယ်။ ကောင်းတဲ့ဆေးတွေကတော့ ဖိနပ်ဘူး ၁ဘူးခွဲစာလောက် ကျန်သေးတယ်။
ဘာတွေတုန်းတစ်ယောက် ဘာကိစ္စနဲ့ ဆေးတွေဒီလောက်များနေရသလဲ။ ရောဂါထူလို့လားလို့ မေးရင် မဟုတ်ပါဘူးလို့ ဖြေပါရစေ။ :D
အဲ့ဒီဆေးတွေ အကုန်လုံးက ရန်ကုန်က မားသား လူကြုံရှိတိုင်းထည့်ပေးလိုက်တာပါ။ မာသားရဲ့ စေတနာမေတ္တာတွေပါ။ သူမ မရှိတဲ့ ဒီနိုင်ငံမှာ ကျွန်မနေမကောင်းဖြစ်ရင် မလုပ်တတ်မကိုင်တတ်ဖြစ်မှာစိုးလို့ စာတွေနဲ့ ဆေးညွှန်းတွေ သေချာရေးပြီးထည့်ပေးလိုက်တာပါ။ ကျွန်မက တော်ရုံတန်ရုံနဲ့ မဖျားတတ်သလို ဆေးခန်းလည်း မသွားဘူး။ အိမ်မှာရှိတဲ့ဆေးသောက်ပြီး ဒီတိုင်းနေလိုက်တာများတယ်။ အခုမှသာ ကြီးကျယ်နေတာ။ ချောင်းဆိုးရင် ဆေးခန်းသွားရတာနဲ့။ နှာစေးရင် ဆေးခန်းသွားရတာနဲ့။ (အမှန်တော့ ကျောင်းလခထဲမှာ ဆေးဖိုးပါပြီးသားမို့လို့ ကျောင်းက ဆေးခန်းကို တန်အောင်သွားတာပါ ... အဟီး)

မာသားကတော့ ညဖက်တွေ ဘာတွေ အရေးကြီးလို့ ဆေးသောက်စရာမရှိ ဖြစ်မှာစိုးလို့ ခုချိန်ထိ ထည့်ပေးတုန်းပါပဲ။ အရမ်း ချစ်ဖို့ကောင်းပါတယ်။ ဒါပေမဲ့ အစာအိမ်ဆေးက လွဲရင် ဘာဆေးမှ သိပ်မသောက်ဖြစ်တော့ ဆေးတွေက အလဟဿဖြစ်ကုန်တာတော့ နှမြောစရာပါ။ ဘာပဲဖြစ်ဖြစ် ဒါလည်းမိဘမေတ္တာပဲလေ.. မထည့်ပေးနဲ့ ပြောရင်လည်း မာသားက စိတ်မကောင်းဖြစ်မှာစိုးလို့ လျှော့ပဲ ထည့်ခိုင်းလိုက်ပါတယ်။

ကဲ... ဆေးတွေ ဘာတွေ တစ်ခုခုလိုရင် ဘာတွေတုန်းကို ပြောပါ။ ဒေါက်တာ ရမ်းကု လုပ်ပါမယ် :)

Tuesday, June 29, 2010

Jurong Point သို့အလည်တခေါက်

ဒီကနေ့ ညနေ၄နာရီ အတန်းပြီးတော့ အိမ်မပြန်ချင်သေးတာနဲ့ နဂိုထဲက ခြေများတဲ့ကျွန်မ jurong pointကို တစ်ယောက်တည်းရောက်သွားရော..
ဟိုရောက်တော့ ဗိုက်ကနည်းနည်းဆာတာနဲ့ janpanese food street ကနေဖြတ်အသွား sushi တစ်တုံး ၀ယ်စားတယ်။ ပြား၇၀တဲ့ စားလို့လည်း သိပ်မကောင်းလှပါဘူး။ လမ်းသွားရင်း ဟိုငေးဒီငေး တွေ့သမျှအရုပ်ဆိုင်ဝင် အိမ်ပြောင်းရင် လိုမဲ့ပစ္စည်းလေးတွေ လိုက်ကြည့်ရင်း ခြေထောက်ညောင်းလာတာနဲ့ လိုအပ်တဲ့ပစ္စည်းတွေပဲ ကြည့်တော့မယ်ဆိုပြီး အပေါ်ထပ်က Courts နဲ့ Harvey Norman ကိုချီတက်တယ်။ သွားကြည့်တာက portable air con..ခုပြောင်းမယ့်အခန်းက air con မရှိဘူး အခန်းကလည်း နည်းနည်းလှောင်တာနဲ့ ဈေးနည်းနည်းသက်သာတာရှိရင် ၀ယ်မယ်ဆိုပြီး သွားကြည့်တာ။ ဈေးတွေက သက်သာရှာပါတယ်။ အပေါဆုံးက $600 ကျော် ကနေ $999 ထိရှိတယ်။ =(မှန်းထားတာနဲ့က ကွာနေတော့ နောက်မှပဲ ကြည့်တော့မယ်ဆိုပြီး the market place ဖက်ကို လျှောက်တယ်။

အဲ့မှာ အရပ်ရှည်ရှည်နဲ့ ဘိုတစ်ယောက်က ကြော်ငြာစာရွက်လေးနဲ့အတူ ခေါင်းလျှော်ရည်လိုအထုပ်လေးတစ်ထုပ်ကမ်းတယ်။ ကျွန်မလည်း အရင်တခါ flyerဝေတဲ့ အလုပ်မျိုးလုပ်ပြီးကတည်းက လမ်းမှာဝေတဲ့ကြော်ငြာတိုင်းကို ယူပေးတတ်တဲ့အကျင့်ဖြစ်နေတော့ လှမ်းယူလိုက်တယ်။ [ယူမိတာကိုက အနော့်အမှားပါ =( ] ကျွန်မလှမ်းယူပြီးထွက်လာတော့ အဲ့လူက လှမ်းအော်ပြီးမေးပါတယ် "Where are you from?"တဲ့။ ကျွန်မက "Myanmar" လို့ပြောတာကို သူက"Japan" လို့ ကြားတယ်။ ကျွန်မက "No"လို့ပြောတော့ အဲ့လူက အနားရောက်လာရော။နောက်ထပ်မေးပြီးတော့မှ "Oh you are Myanmar? I really like to be friend with Myanmar people..Can you show me your hand?" တဲ့.။ ဘာတွေပြောမှန်းလဲမသိဘူး။ ကျွန်မလည်း ကြောင်ပြီးလက်ပြမိလိုက်တယ်။ အဲ့မှာ ကျွန်မညာလက်ကို ဆွဲယူပြီးတော့ လက်သည်းကို တံစဉ်းတိုက်တဲ့ အတုံးလေးနဲ့တိုက်တယ်။ ကျွန်မလည်း ရုတ်တရက်ဆိုတော့ လက်ကို ပြန်ဆွဲတာပေါ့။ အဲ့လူက မလွှတ်ပေးဘူး။ ပြီးတော့ စကားဆက်ပြောတယ်။ "How old are you?"တဲ့။ ကျွန်မလည်း ၂၁ ပါ လို့ပြောတော့။ "Hey..dun bluff me..tell me seriously"တဲ့။ (ကျွန်မက လူကောင်အတော်ညှက်ပါတယ်။ အရပ်ပုတယ်ဆိုပါတော့။ တချို့တွေဆို secondary ကျောင်းသူဆိုပြီးတော့တောင်ထင်ကြတယ်။ ရုပ်နုလို့တော့ ဟုတ်မယ်မထင်)ဟိုလူက အဲ့လိုပြောနေတုန်း ကျွန်မလက်သည်းကို တိုက်နေတုန်းပဲ။ ကျွန်မလည်း သည်းမခံနိုင်တော့တာနဲ့ "Sorry..I am in a hurry.Need to meet my friend" လို့ပြောတာတောင် ဟိုဘိုးတော်က ကျွန်မကို စူးစူးကြီးကြည့်ပြီး "Why in a hurry? hum?"လို့ပြောပြီး ကျွန်မကို သူ့ပစ္စည်းတွေ စီထားတဲ့နေရာကို ဆွဲခေါ်တယ်။ ကျွန်မလည်း သူ့ကြည့်ပြီး ကြောက်လာတာနဲ့ လက်ကိုဆောင့်ဆွဲပြီး "I will come back later..really in a hurry" ဆိုပြီး နောက်ကြောင်းလှည့်မကြည့်ပဲ အမြန်လစ်ထွက်လာတယ်။ အဲ့ဒါတောင် အနောက်ကလှမ်းအော်ပြောတာ ကြားလိုက်ရသေးတယ်။ "Ok..Come back later.. I will wait for you " တဲ့။ ကြက်သီးတောင်ထတယ်။

အဲ့လူကြီးရုပ်က အင်းဂလိပ်ကားထဲက လူဆိုးရုပ်ကြီးနဲ့တူတယ်။ သူတိုက်ထားတဲ့လက်မကို ကြည့်လိုက်တော့ လက်မက လက်သည်းအကြည်ရောင်ဆိုးထားသလို ပြောင်နေတယ်။ သူတို့ရောင်းတဲ့ ပစ္စည်းတွေက skin,nail care နဲ့ hand soap တွေထင်တယ်။ သူflyer ပေးတုန်းက တံဆိပ်နာမည်ကို မဖတ်လိုက်ပေးမဲ့ ပုံတော့ မြင်လိုက်တယ်။ အဲ့ဒီ brand က နိုင်ငံခြားသားတွေပဲ ရောင်းတာများတယ်။

Funan mall macdonald ရှေ့မှာ push cart နဲ့ ရှိတယ်။ marina square မှာ ဆိုင်ခန်းနဲ့။jurong point မှာတော့ road showလုပ်နေတာ။ ကျွန်မ Funan mall မှာတုန်းက တခါခံရပြီးပြီ။ အခုသေချာမကြည့်ပဲ flyer ယူမိလို့ ထပ်ခံရတာ။ Funan မှာတုန်းက အဲ့ဘိုမက ကျွန်မကို သူတို့product စမ်းကြည့်ဖို့ခေါ်တော့ မားသား အိမ်သာသွားနေတာ စောင့်နေရမဲ့အတူတူ စမ်းလိုက်မယ်လေဆိုပြီး သူပေးတဲ့ သဲစေ့လိုဟာလေးတွေကို လက်ဖမိုးမှာလိမ်း ပြီးတော့ ရေနဲ့ဆေး..အသားချောသွားလားမေးတော့...ဟုတ် ချောသွားတယ် လို့ပြောတော့ သူတို့ပစ္စည်းကို အတင်းရောင်းရော..အဲ့လို လက်ဆေးတဲ့ သဲစေ့လေးတဘူးကို $100 ကျော်လားမသိဘူး ရောင်းတာ။ ကျွန်မလည်း မ၀ယ်တော့ဘူး သွားတော့မယ်ဆိုပြီးပြောတော့ အတင်းဆွဲပြီးရောင်းတာ။ တော်သေးတယ် မားသားရောက်လာလို့။ ခုjurong point ကလည်း အဲ့လိုပဲ။ သူကပိုဆိုးတယ် ..စမ်းမယ်တောင် မပြောရသေးဘူး အတင်းအကျပ်လုပ်တာ။

သတိပေးချင်တာ နောက် shopping mall တွေမှာ နိုင်ငံခြားသားဘိုတွေချည်းပဲ ရောင်းတဲ့ skin care shop လေးကို မြင်ရင် မ၀ယ်ဘူးဆိုရင် ဝေးဝေးရှောင်ပါလို့.။ သူတို့ရဲ့ဈေးရောင်းပုံက အင်မတန်ကြောက်ဖို့ကောင်းပါတယ်။ မ၀ယ်ဘူးဆိုရင်တောင် ပြူးပြဲပြပြီး အတင်းဝယ်ခိုင်းပါတယ်။ ပစ္စည်းကောင်းမကောင်းတော့ မသိပါ။ ပစ္စည်းတကယ်ကောင်းတယ်ဆိုရင်တောင် ကျွန်မဘယ်တော့မှ ၀ယ်မှာမဟုတ်ပါဘူး။ဆိုင်နာမည် ကျွန်မမှတ်မိတာ မမှားဘူးဆိုရင် Dead Sea Premier ထင်တယ်။ မသေချာပါဘူး။ ဒါပေမဲ့ အဲ့လို ဘိုတွေချည်းပဲရောင်းတဲ့ဆိုင်က ရှားပါတယ်။ ၃ဆိုင်လုံးက တူတူပဲလို့ထင်ပါတယ်။

အဲ့ဒီကနေလည်း ထွက်လာပြီးရော ကြောက်ကြောက်လန့်လန့်နဲ့ ပလာတာကြက်အူချောင်းညှပ်လေးမြန်မြန် ၀ယ်စားပြီး ဘာမှမ၀ယ်ပဲ လက်ဗလာ အိမ်ပြန်လာပါတော့တယ် =P


Thursday, April 29, 2010

စာမေးပွဲရှိခြင်း၏ ကောင်းကျိုးနှင့် ဆိုးကျိုး


ကောင်းကျိုး

၁)semester တစ်ခုလုံး သင်သမျှစာများကို သေသေချာချာဖတ်ဖြစ်စေသည့်အတွက် စာတတ်စေသည်။ (ဟုထင်မှတ်ရသည်။)
၂) စာမေးပွဲနီးလေ ဘုရားပိုရှိခိုးဖြစ်လေ..ဆရာ ဆရာမ များကို မေတ္တာပို့ဖြစ်သဖြင့် ကုသိုလ်ရသည်။ :D

ဆိုးကျိုး

၁) စိတ်ဖိစီးမှုပေးသည်
၂) ထို့အတွက်ကြောင့် လူကို ရုပ်ဆိုးစေသည် (ဥပမာ ..၀က်ခြံပေါက်လာခြင်း)
၃) လူကို ၀စေသည် (စာလုပ်ရင် energy ကုန်သည့်အတွက် များများစားရသည်.. )
၎) အိပ်ရေးပျက်စေသည့်အတွက် ကျန်းမာရေးကိုလည်း ထိခိုက်စေသည်။
၅) ညတွင် ကျောင်းတွင် စာမပြီးသည့်အခါ နောက်ဆုံးဘတ်စ်ကို မမှီသည့်အတွက် taxi နှင့် ပြန်ရသည်။ ထို့ကြောင့် ပိုက်ဆံကုန်သည်။
၆) မိတ်ဆွေအပေါင်းအသင်းများနှင့် တွေ့ဆုံပွဲများလည်း မသွားနိုင်သဖြင့် လူမှုရေးကို ထိခိုက်စေနိုင်သည်။
၇) ကျောင်းနှင့်အိမ်မှအပ ဘယ်မှမသွားဖြစ်သဖြင့် ပြင်ပလောကနှင့် အဆက်ပြတ်ရသည်။(ဥပမာ.. သူများတကာတွေ ဘယ်ရုပ်ရှင်ကတော့ဖြင့် ဘယ်လိုကောင်းတယ် ..ဟိုမှာတော့ဖြင့် ဘာပစ္စည်းတွေ ဘယ်လိုဈေးချနေတယ်ဟုပြောရင်လည်း ..ဟုတ်လားဟု ပြောရုံကလွဲပြီး ကိုယ်နဲ့မဆိုင်သလိုနေရသည့် ဒုက္ခလည်း ကြီးသည်။)

ဆက်စဉ်းစားရင် ဆက်ရှိနိုင်သေးသည်။

ကဲ... ဒါတွေကို ကြည့်တာနဲ့ စာမေးပွဲဆိုသည့်အရာက ကောင်းလား ဆိုးလားဆိုတာ သိသာနေပြီ ထင်ပါရဲ့... ဟီးး
ထပ်ဖြည့်ချင်တဲ့ေ
ကာင်းကျိုးဆိုးကျိုးလေးတွေရှိရင်လည်း ကွန်မန့်မှာ လွတ်လပ်စွာရေးသွားနိုင်ပါ၏..

(ပေါက်ကရ စိတ်ထဲပေါ်တာလေးတွေ ချရေးထားခြင်းသာ ဖြစ်ပါကြောင်း...) :D



Friday, January 22, 2010

PPT ပညာတန်ဆောင်



ဘာတွေတုန်းတစ်ယောက် အပျင်းထူပြီး သူ့ဘလော့ကြီးကို ပစ်ထားတာ ၄လတောင် ပြည့်ရော့မယ်။ :) စာတွေမနိုင်တာရယ် ရန်ကုန်ပြန်သွားတာရယ် ပရောဂျက်ပညာတန်ဆောင်ရယ်ကြောင့် ဘလော့ဖက်ကို လုံးဝခြေဦးမလှည့်ဖြစ်ဘူး။ စိတ်ထဲမှာတော့ ရေးချင်တာတွေက အများကြီး။ ဒါပေမဲ့ စိတ်ကူးထဲစာစီပြီးတော့ ဘလော့ပေါ်ထိ မရောက်လာခဲ့ဘူး။

ပရောဂျက်ပညာတန်ဆောင်ဆိုတာ ကျွန်မတို့ကျောင်းကကျောင်းသူကျောင်းသားတွေ စုပေါင်းပြီး တွံတေးက ဘုရားကြီးကျေးရွာလေးက မိဘမဲ့ကျောင်းလေးတစ်ကျောင်းမှာ စာသွားသင်ရတဲ့ ပရောဂျက်လေးပါ။ မြန်မာ၈ယောက် စင်ကာပူသား၁၂ယောက် နဲ့ ဖွဲ့ထားတဲ့ volunteer group လေးပေါ့။ အဲ့ဒီပရောဂျက်ကြော်ငြာလေးတွေ့ကတဲက ကျွန်မတော်တော်စိတ်ဝင်စားပြီး ဟောပြောပွဲ သွားနားထောင်ခဲ့တယ်။ ဓါတ်ပုံတွေ ဗီဒီယိုတွေ ကြည့်ပြီးတဲ့နောက် ကျွန်မအဲ့ဒီအဖွဲ့ထဲ ပါဝင်ဖို့ ချက်ချင်းစာရင်းပေးခဲ့မိတယ်။ နာဂစ်ပြီးတဲ့အခါမှာ အဲ့ဒီမိဘမဲ့ကျောင်းလေးက ကလေး ၂၀၀ ကနေ ၄၀၀ အထိများလာခဲ့တယ်။ အမှန်တကယ်ကို အကူအညီတွေလိုအပ်ပါတယ်။ မိဘမဲ့ကျောင်းလေးကို အုပ်ချူပ်တဲ့ ဘုန်းဘုန်းဟာလည်း ၂ဆလောက် တိုးလာတဲ့ကလေးဦးရေကြောင့် အစားအသောက်တောင် အရင်လို သိပ်ကောင်းကောင်းမွန်မွန်မကျွေးနိုင်ဘူးဆိုတာ အပြောသက်သက်မဟုတ်ကြောင်း ကျွန်မကိုယ်တိုင် အဲ့ကို ရောက်သွားမှ မျက်မြင်တွေ့ခဲ့ရပါတယ်။ အလှူရှင်မရှိရင် ထမင်းတစ်ဇလုံနဲ့ ဟင်းရွက်ဟင်းချိုလေးသာ သောက်ရတဲ့ကလေးတွေ မြင်ပြီးတော့ ကျွန်မနောက်ဘယ်တော့မှ အိမ်မှာ ဟင်းဂျီးမများတော့ဘူးလို့တောင် စိတ်ထဲကတွေးမိတယ်။ ဒီလို အကူအညီလိုနေတဲ့ကလေးတွေကို စင်ကာပူနိုင်ငံသားတွေတောင် သွားကူဖို့ တက်တက်ကြွကြွပါဝင်နေတဲ့အချိန်မှာ ကျွန်မလည်း တထောင့်တနေရာကနေ ပါသင့်တယ်ဆိုပြီး အဖွဲ့ထဲဝင်ခဲ့တယ်။

အဲ့ဒီပရောဂျက်အတွက် ကျွန်မတို့အတော်ပြင်ဆင်ခဲ့ရတယ်။ စာတွေမနိုင်တဲ့ကြားက semester တစ်ခုလုံး တပတ်ကို တရက် အစည်းအဝေးထိုင်ပြီး စင်ကာပူသားတွေကို မြန်မာစာနဲ့ မြန်မာ့ယဉ်ကျေးမှုအကြောင်းတွေ သင်ပေးရတယ်။ အဖွဲ့ထဲမှာ ကော်မတီတွေအများကြီးခွဲထားတဲ့ အထဲက ကျွန်မက ပညာရေးကော်မတီမှာပါလိုက်တယ်။ စလုံး၂ယောက် မြန်မာ၂ယောက်။ သင်ရမဲ့ဘာသာတွေက English, Arts and Crafts, Geography,Physics, Chemistry နဲ့ Biology စုစုပေါင်း ၆ဘာသာ။ ကျွန်မတို့ မြန်မာ၂ယောက်က သိပံ္ပဘာသာတွေ သင်ရတယ်။ အကြီးတန်းကလေးတွေကိုပေါ့။ ၈တန်းနဲ့ ၉တန်း။ ကျွန်မတို့ အထက်တန်းတုန်းက သိပံ္ပဘာသာတွေကို သီအိုရီတွေသာ သင်ရပြီး လက်တွေ့လုပ်ခွင့်မရခဲ့တော့ ကလေးတွေကို သူတို့ဖတ်စာအုပ်ထဲက experiment တွေကို ပစ္စည်းကိရိယာအစုံနဲ့ လက်တွေ့ပြမယ်ဆိုပြီး ကျွန်မတို့ မြန်မာ၂ယောက် ပစ္စည်းတွေဝယ် ပြီးတော့ တကယ်ပြမှ အရှက်မကွဲအောင် ကိုယ့်ဟာကိုယ် အရင်စမ်းကြည့်နဲ့ ရန်ကုန်မပြန်ခင်နဲ့ စာမေးပွဲပြီးတဲ့ တပတ်စပ်ကြားမှာ အလုပ်တော်တော်ရှုပ်သွားပါတယ်။

ဒီပရောဂျက်မှာ ရခဲ့တဲ့ အတွေ့အကြုံတွေကို တခုချင်းပြောပြမယ်ဆိုရင် ကျွန်မအခန်းဆက်တွေ ရေးရမှာ အမှန်ပဲ။ ရယ်စရာတွေ စိတ်ညစ်စရာတွေ အဆင်မပြေမှုတွေကြားထဲက ၈ရက်ကြာတဲ့ ခရီးတိုလေးကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းခဲ့ကြတယ်။ ခရီးလည်းက နည်းနည်းကြမ်းတော့ တရက်ကို ၄နာရီကားစီးရတဲ့ ကျွန်မတို့ ကားခုန်တဲ့ဒဏ်ကြောင့် ဖျားတဲ့လူများ လဲတဲ့လူလဲပေမဲ့ ရှိတဲ့လူနဲ့ ဖြစ်အောင်လုပ်ခဲ့ကြတယ်။ ဒါပေမဲ့ ကလေးတွေဆီက ဆရာမလို့ ခေါ်သံကြားရင် အဲ့ဒီအမောတွေ ပြေသွားတာတော့ အမှန်ပါ။ ကျွန်မတို့ နားတဲ့အဆောင်က ထွက်တာနဲ့ အထုပ်တွေ လာပြေးဆွဲ ပန်းတွေလာပေးတဲ့အခါ ကိုယ့်ဟာကို တကယ့်ဆရာမအစစ်လို့တောင် ဘ၀င်လေဟပ်မိပါရဲ့။ ဟိဟိ။ နောက်ဆုံးနေ့မှာ culture exchange လုပ်ကြတော့ ကလေးတွေက ကရင်ဒုံးယိမ်းတွေ ပအို့ဝ်အကတွေ ကပြတဲ့အချိန်မှာ ကျွန်မတို့တွေက Singapore Town သီချင်းရယ် Wondergirls ရဲ့ Nobody သီချင်းနဲ့ ကပြကြရတာ ရယ်ရလွန်းလို့ အူတောင်တက်တယ်။ အဟုတ်။ပုံကို ကြည့်ပါလား။ :D


မကခင် စင်ပေါ်မတက်ခင်ကကော စင်ပေါ်ကဆင်းတော့ရော ကလေးတွေက အော်တိုစာအုပ်လေးတွေကိုင်ပြီး ဆရာမသမီးကို အော်တိုလေးရေးပေးပါဆိုပြီး ကျွန်မတို့ အားလုံးကို လိုက်ရေးခိုင်းတာ အယောက် ၅၀ကျော်လောက်လည်းကျရော မရေးနိုင်တော့လို့ လူအုပ်ကြားထဲက မနည်း ထွက်လာရတယ်။ မသိရင် celebrity လိုလို ဘာလိုလို။ ဟဲဟဲ။ ဒါတောင် ထွက်လာတဲ့ လမ်းမှာတွေ့တဲ့ ကလေးတွေက လိုက်ရေးခိုင်းလို့ လမ်းလျှောက်ရင်း ရေးပေးရတယ်။ ပြောရရင် ကျွန်မဘ၀မှာ ကိုယ့်ဟာကိုယ် အရေးပါပါလားလို့ ခံစားမိတာ ဒီတခါပဲရှိပါတယ်။ ကြော်ငြာခဏဖြတ်မယ်နော်။ ကျွန်မပိုလီပြီးတော့ ကျောင်းဆက်တက်တဲ့ အချိန်ကစပြီး ကျွန်မကိုယ့်ဟာကိုယ် အသုံးမကျသလိုခံစားရတယ်။ ကျောင်းမှာဆို ကျွန်မစာမလိုက်နိုင်ဘူး။ ကျွန်မသူငယ်ချင်းတွေ လွယ်လွယ်နဲ့ နားလည်နိုင်တဲ့စာမျိုးတောင် ကျွန်မချက်ချင်းနားမလည်းဘူး။ အမြဲတမ်း သူများကို ဒုက္ခပေးပြီး စာရှင်းခိုင်းရတယ်။ သူတို့တွေ စာမရတဲ့ အချိန်ကျတော့ ကျွန်မက ဘာမှ ထိထိရောက်ရောက်မရှင်းပြနိုင်ဘူး။ လူတစ်ယောက် နားလည်အောင် လိပ်ပတ်လည်အောင် မရှင်းပြနိုင်ဘူး။ ကျွန်မရှင်းလိုက်မှ သူတို့ ပိုပိုရှုပ်သွားတဲ့အတွက်လည်း အားနာမိတယ်။ ကျွန်မက သူတို့အတွက် ၀န်ထုပ်ဝန်ပိုးသူငယ်ချင်းတစ်ယောက်ဖြစ်နေပြီလားဆိုတဲ့စိတ် အမြဲဝင်လာတယ်။ အဲ့လို စိတ်အားငယ်ပြီး စိတ်ဓာတ်ကျနေလို့လည်း ဘလော့ဖက်ခြေဦးမလှည့်ဖြစ်တာပါမယ်။ ဘာပဲဖြစ်ဖြစ် ပညာတန်ဆောင်ပရောဂျက်ကြောင့် ကျွန်မအရင်ကထက်စာရင် နည်းနည်းတော့ စိတ်အားတက်လာတယ်လို့ ပြောရမယ်။

ပြောရင်းက စကားလမ်းကြောင်းက ပြောင်းသွားပြီ။ PPT ဖက် ပြန်လှည့်ဦးမယ်။ အဲ့ဒီနောက်ဆုံးနေ့ ပြန်ခါနီးလည်းကျရော ကျွန်မရဲ့တပည့်လေးတွေက ကျွန်မကို လက်ဆောင်လေးတွေ လာပေးတယ်ဗျ။ သူတို့ကိုယ်တိုင်လုပ်ထားတဲ့ သော့ချိတ်လေးတွေ ဟမ်းချိန်းလေးတွေ။ ကလေးသေးသေးလေးတွေကျတော့ ကျွန်မကို သူတို့ပေးစရာမရှိလို့ ရှိတာလေးပေးပါရစေဆိုပြီး ၀တ်ထားတဲ့ ကလစ်တွေ အလှလက်စွပ်လေးတွေ ချွတ်ပေးတယ်။ ဘယ်လိုမှ မယူဘူးပြောပြော မရဘူး။ မယူရင် ငိုမဲ့မဲ့လေးတွေ ဖြစ်ရော။ ကျွန်မမှာလည်း မသိရင် မိဘမဲ့ကျောင်းလာပြီးတော့ ကလေးတွေကို ဓားပြတိုက်နေသလိုပဲ။ "ရှိတာအကုန်ချွတ်"ဆိုပြီးတော့လေ။ ဟဟား။ အမယ် လက်ဆောင်ပေးတဲ့ထဲမှာ လေးခွလည်း ပါတယ်ဗျ။ သူတို့ဆရာမကို မျောက်မူးလဲထင်နေလို့လားမသိ။ ကျွန်မပုံတူလေးတွေ ဆွဲထားတာလည်း ပါတယ်။ အဲ့ထဲက တော်တော်လှတဲ့ပုံလေး ကျောင်းမှာကျန်ခဲ့တယ် လောလောလောလောနဲ့ ပြန်ခဲ့ရလို့ :( အောက်ကပုံလေးက သူတို့ဆီက ကျွန်မရထားတာလေးတွေပေါ့။ တကယ်ကို အမှတ်တရပါ။ သူတို့ရဲ့ စေတနာတွေနဲ့ ပြည့်နေတဲ့ ပစ္စည်းလေးတွေကို ကြွားပါရစေနော်။ ကြွားတယ်လို့ မမှတ်ကြေး =)



ကဲ ရေးရတာလည်း လက်ညောင်းသွားပြီ... ဒီမှာတင်ပဲ တခန်းရပ်ပါစေ။ ကျွန်မ ရောက်တတ်ရာရာတွေ ရေးထားတာကို သည်းခံပြီး အဆုံးအထိဖတ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ရှင်။