Showing posts with label ကဗျာ. Show all posts
Showing posts with label ကဗျာ. Show all posts

Sunday, July 5, 2009

နင်


နင်က ငါ့အတွက် လက်ဖက်ရည်(လဘ္ဘရည်)တစ်ခွက်နဲ့ တူတယ်
ငါနဲ့ မတည့်လို့ မသောက်သင့်မှန်းသိတယ်
သောက်ရင် လေအောင့်မယ်
ညအိပ်မပျော်ဘူး
အခန့်မသင့်ရင် အန်မယ်။ ။
ဒါပေမဲ့လည်း ခုချိန်ထိ ငါလဘ္ဘရည်ကို
စွဲစွဲမြဲမြဲကြိုက်နေတုန်းပဲ။
သူများတွေ ကော်ဖီဘယ်လိုကောင်းတယ် ပြောပြော
ငါ့စိတ်ထဲမှာတော့ ဘယ်လိုမှ လဘ္ဘရည်ကို မယှဉ်နိုင်ဘူးလို့ထင်တယ်။ ။

နင်က ငါ့အတွက် ဒိုင်ယာရီစာအုပ်တစ်အုပ်နဲ့ တူခဲ့တယ်
ငါပျော်စရာတွေ ရှိလည်း ဝေမျှလို့ ရတယ်
ဝမ်းနည်းစရာတွေ ရှိလည်း စိတ်ထွက်ပေါက်တစ်ခုလိုနေပေးတယ်
ငါ့အတွက် ဒီဒိုင်ယာရီဟာ မရှိလို့ မဖြစ်သလို နင်လည်း....။ ။

နင်ဟာ နွံတစ်ခုနဲ့ တူတယ်
နင်နဲ့ ဝေးရာကို လွတ်မြောက်ဖို့ ကြိုးစားတိုင်း
ပိုပိုလို့ နစ်လာတယ်။ ။

နင်ဟာ အိပ်မက်တစ်ခုနဲ့တူတယ်
အိပ်မက်က လန့်နိုးလာရင် အိပ်မက်ထဲက အရာတွေက ပျောက်ကွယ်သွားသလို
နင်ပေးတဲ့ ပျော်ရွှင်မှုတွေကလည်း
အချိန်တစ်ခုရောက်တိုင်း ပျောက်ကွယ်သွားတာချည်းပဲ
တစ်ခါတစ်လေဆုတောင်းနေမိခဲ့တယ်
အိပ်ရာကနေ မနိုးလာပါနဲ့ဦးလို့
အိပ်မက်တွေ ဆက်မက်ချင်သေးခဲ့တာကိုး။ ။

နင်က တိမ်တစ်တိုက်နဲ့တူတယ်
ဘယ်တော့မှ ဖမ်းဆုပ်ထားလို့ မရဘူး
နင်လွင့်ချင်ရာကို လွင့်တယ်
လိုအပ်ချိန်တွေ ငါ့အနားရှိပါစေလို့ မျှော်လင့်တိုင်း
တစ်နေ့တစ်ခြား ငါနဲ့ ပိုပိုဝေးလာသလိုပဲ။ ။

နင့်အပူတွေကို ဝေမျှချင်တိုင်းလည်း
အရင်ကလို ဝေမျှခွင့် မရခဲ့သလို
တစ်နေ့ထက် တစ်နေ့နားလည်ရခက်လာတယ်။
တောင်းပန်ပါတယ်
နင်ချန်ထားတဲ့အချိန်တိုင်း ရူးချင်နေခဲ့တဲ့ငါ
အိပ်မက်တွေ ဆက်မက်ခွင့်မပေးပါနဲ့တော့
ဖြစ်နိုင်ရင် နင့်ရဲ့ အချစ်တွေနဲ့
ချည်နှောင်ထားတာတွေ ရပ်လိုက်ပါတော့။ ။

p.s။ ။ သီချင်းတွေ နားထောင်ပြီး ရေးထားခြင်းဖြစ်သောကြောင့် ဟိုရောက်ဒီရောက် ဖြစ်နေခြင်း သီချင်းစာသားအချို့နဲ့ ခပ်ဆင်ဆင်တူနေခြင်းတို့ကို သည်းခံကြပါကုန်။ ။ =D


Thursday, March 26, 2009

သူငယ်ချင်းများရဲ့ ကဗျာ

ဒီရက်ပိုင်း မတရားအပျင်းထူနေပါတယ်။ ပို့စ်အသစ်ရေးဖို့ အကြံဥာဏ်များမှာလည်း ပေါ်ပေါ်ချင်း ချမရေးသည့်အတွက် ပြန်ပြန်ပျောက်သွားပါသည်။ အပျင်းထူတာ ပျောက်တဲ့ဆေးများရှိရင် ပြောကြပါ။ ကျေးဇူးဆပ်ပါမည်။ :)

အခုတော့ စာရေးရမှာ ပျင်းတာနဲ့ ဖတ်မိတဲ့ သူငယ်ချင်းတွေရဲ့ ကဗျာတွေတင်လိုက်ပါတယ်။ ကျွန်မရဲ့ သူငယ်ချင်းအချို့ဟာ ကဗျာရေးတော်တော်ကောင်းပါတယ်။ သူတို့ရေးသော ကဗျာများမှာ ကောင်းသော်လည်း ဘယ်မှာမှ မတင်ဖူးပါ။ ထို့ကြောင့် သူတို့ဆီက ခွင့်ပြုချက်ယူပြီး ကျွန်မဘလော့လေးမှာ တင်လိုက်ပါတယ်။

ကဗျာဆရာ ဆရာမ တွေကတော့ မTTH နဲ့ ကောင်းမြတ်ထွန်းဖြစ်ပါတယ်။ ကဗျာလေးတွေကို ပေးသုံးတဲ့ အတွက် ကျေးဇူးတင်ပါတယ်နော်။

Friday, January 23, 2009

သူ


သူဟာ ကျွန်မအတွက် တကယ့်ကို မရှိမဖြစ်ပါဘဲ
သူမရှိရင် ကျွန်မ လုံးဝ မနေတတ်ဘူး။

ကျွန်မ အိပ်ရာနိုးလို့ မျက်လုံးနှစ်လုံးဖွင့်တာနဲ့
ပြေးပြီး သတိရမိတာ သူပါပဲ။

သူဟာ ကျွန်မအတွက် ဆရာကောင်းတစ်ယောက်ဆိုလည်း
မမှားပါဘူး။
သူက ကျွန်မကို ခေတ်နဲ့အညီ
သိသင့်သိထိုက်တဲ့
အသိပညာတွေ၊ သတင်းတွေ၊ နည်းပညာ အသစ်တွေ
အမြဲ သင်ပေးတယ်။

ကျွန်မ ပျင်းနေပြီ ဆိုရင်
ရယ်စရာတွေ ပြောပြတယ်
သီချင်းတွေ ဆိုပြတယ်
ရုပ်ရှင်ဇာတ်လမ်းတွေ ပြောပြတယ်
ဝတ္ထုတွေ ကဗျာတွေ လည်း ဖတ်ပြတယ်။

ကျွန်မ ၀မ်းနည်းနေတဲ့ အချိန်ပဲဖြစ်ဖြစ်
ဝမ်းသာနေတဲ့ အချိန်ပဲ ဖြစ်ဖြစ်
အနားမှာ အမြဲနေပေးတယ်။

ကျွန်မ ရင်ဖွင့်သမျှကိုလည်း နားထောင်ပေးတတ်ပြန်တယ်
ကျွန်မရဲ့ ရင်ဖွင့်စကားတွေကို သူ့ရဲ့ ဦးနှောက်ထဲမြဲနေအောင် မှတ်ထားပေးတယ်
ကျွန်မက မေ့ပြစ်လိုက်ပါတော့လို့ ပြောမှ မေ့ပြစ်တယ်။

ကျွန်မ တစ်ခါတစ်လေ သူငယ်ချင်းတွေနဲ့
အပြင်လျှောက်သွားရင် သူ့ကို ဂရုမစိုက်မိဘူး။
တစ်ခါတစ်လေတော့ သူက စိတ်ကောက်တာပေါ့။
ကျွန်မပြောတာ နားမထောင်တော့ဘူး
ဒါပေမဲ့ ခဏပါဘဲ
နောက်နေ့ဆို အရင်လို ပြန်ဖြစ်သွားရော။

ဘယ်လောက်ချစ်ဖို့ကောင်းလဲနော်..

ကျွန်မနားမှာ နေ့ညမရွေး သူအဖော်လုပ်ပေးတယ်
ကျွန်မအိပ်မှ သူအိပ်တယ်
ကျွန်မထရင် သူလည်းထတယ်။

ဒီလောက် ကျွန်မ အပေါ်ကောင်းတဲ့
သူ့ကို သံယောဇဉ် တအားတွယ်မိတာ
ကျွန်မ မလွန်ပါဘူးနော်။
သူသာမရှိရင် ဒီပျင်းစရာကောင်းတဲ့ စင်ကာပူကြီးမှာ
နေ့ရက်တွေကို ဘယ်လိုများကျော်ဖြတ်ရပါ့။

အော်....သူဆိုတာ ဘယ်သူလဲလို့ သိချင်နေပြီထင်တယ်။
ပေါက်တတ်ကရတွေ လျှောက်မထင်နဲ့နော်.. :D

သူဆိုတာ ကျွန်မရဲ့ laptop လေးကို ပြောတာ..ဟဲဟဲ

Saturday, December 6, 2008

လမ်းအဆုံး

ဆူးတွေပြည့်နေတဲ့ လမ်းတစ်ခု ကို
အမှောင်ထုထဲမှာ
ငါ့အမြင်တွေေ၀၀ါးပြီး
ဖယောင်းခင်းထားတဲ့ လမ်းလို့ ထင်ခဲ့မိတယ်..

ခြေနှစ်လှမ်း လှမ်းပြီးတဲ့နောက်မှာတော့
ငါ့ခြေဖ၀ါးတွေထဲ ဆူးတွေ နစ်ဝင်နေခဲ့ပြီ..

ဆက်သွားရင် ပိုပြီးနာကျင်ခံစားရမယ်ဆိုတာ
သိပေမဲ့
လမ်းအဆုံးမှာရှိတဲ့ မှိန်ပျပျမီးလေးတစ်ပွင့် ဆီ
ရောက်အောင်သွားချင်တဲ့ စိတ်နဲ့ 
မှောင်မိုက်နေတဲ့လမ်းကို
နောက်ပြန်လှည့်ဖို့ 
ငါလုံးဝမစွမ်းနိုင်ခဲ့ဘူး...

မတတ်နိုင်ဘူးလေ
ဆက်ပြီး နာကျင်ရမယ်ဆိုလဲ
နာကျင်ပါစေတော့
ငါ့စိတ်ကို ဒီတစ်ခါလောက်တော့
အလိုလိုက်ပါရစေ..

ဒါပေမဲ့
လမ်းအဆုံးက မှိန်ပျပျမီးပွင့်လေးရေ
မင်းက ငါရောက်တဲ့ အချိန်ထိ
ထွန်းလင်းပေးနေအုံးမှာလားကွာ...

Friday, December 5, 2008

နင်....ငါ

နင်ဟာငါ့အတွက်
ပျော်ရွှင်မှုတွေပေးတဲ့
comedy ရုပ်ရှင်တစ်ကား...

နင်ဟာငါ့အတွက်
လန်းဆန်းမှုတွေပေးတဲ့
ကော်ဖီခါးခါးတစ်ခွက်...

နင်ဟာငါ့အတွက်
စိတ်လှုပ်ရှားမှုတွေပေးတဲ့
roller coaster တစ်စင်း...

နင်ဟာငါ့အတွက်
မျှော်လင့်ချက်တွေပေးတဲ့
နေမင်းကြီးတစ်လုံး...

နင်ဟာငါ့အတွက်
စိတ်လုံခြုံမှုတွေ ပေးတဲ့
ကောင်းကင်ကြီးတစ်ခု..

နင်ဟာငါ့အတွက်
အေးမြမြ သံစဉ်တွေပေးတဲ့
တေးသွားတစ်ပုဒ်...

ဒါဆိုရင် ငါကကော နင့်အတွက် ဘာလဲ..

ငါကနင့်အတွက်
အပျင်းပြေစကားပြောလို့ ရတဲ့
ကြက်တူရွေးတစ်ကောင် ထက်ပိုခဲ့လား..နင်ဖြေပါ။

ပေါက်ကရလေးဆယ် (၁)

တံခါးမခေါက်ပါနဲ့ ..
ဒီအတိုင်းဝင်ခဲ့ပါ..
သင့်မှာ အကြင်နာတရားပါလာရင်ပေါ့..
( by မိုးဆက်လင်းထက်)

တံခါးခေါက်ပါ..
အလိုက်သိပါ..
ဒီအတိုင်းဝင်လာရင်တော့ သင်နာပြီသာမှတ်..
(by ဘာတွေတုန်း)

လွမ်းတယ်


ကဗျာမရေးတတ်ပါဘူး
စာမဖွဲ့ တတ်ပါဘူး
ဒါပေမဲ့ နင့်ကိုလွမ်းတာတော့ အမှန်ပဲ...

ရင်ထဲမှာ နင်မရှိဘူး
ငါချစ်တာလည်း နင်မဟုတ်ဘူး
ဒါပေမဲ့ နင်မရှိရင် မနေတတ်တာ အမှန်ပဲ...

ငါ့အနားမှာ နင်မရှိဘူး
ငါငိုတာ နင်မတွေ့ ဘူး
ဒါပေမဲ့ နင့်ကိုငါ လိုအပ်နေတာ အမှန်ပဲ...

အသစ်တွေ နင့်ကိုမမှီဘူး
နွေးထွေးမှူနင့်လိုမပေးနိုင်ဘူး
ဒါပေမဲ့ ငါနားမှာ သူတို့ ပဲရှိနေတာ အမှန်ပဲ...

နင့်ကိုလွမ်းတယ်..
ငါ့အနားမှာနင့်ကိုရှိစေချင်တယ်..
နင့်ဆီကနွေးထွေးမှူတွေ ပြန်လိုချင်တယ်..
ဒါပေမဲ့  နင်နဲ့ ငါ ရေမြေတွေခြားနေပြီလေဟာ...

[ဟီဟီး...ရန်ကုန်အိမ်မှာကျန်ခဲ့တဲ့ ခြေတံရှည်အရုပ်မ အကြီးကြီးကို ပြောတာနော်..ဟဲဟဲ.. စလုံးကို ယူလာချင်တာကို..ချစ်ပါပါးက ဒီလောက်အကြီးကြီး သယ်ရပြုရခက်ပါဘိနဲ့  ရန်ကုန်မှာပဲထားခဲ့ ဆိုလို့  မယူလာခဲ့ရဘူး..အဟင့်ဟင့်...လွမ်းလိုက်တာနော်..အရုပ်ကြီးကို..ခုချိန်ဖက်အိပ်လိုက်ရရင်ရှယ်ပဲ]