Showing posts with label ၀တ္ထုတို. Show all posts
Showing posts with label ၀တ္ထုတို. Show all posts

Tuesday, July 28, 2009

အလောင်းအစား ၂

ကျွန်တော် အလောင်းကို ကျောပေးထိုင်ရင်း ပြတင်းပေါက်ဖက်မျက်နှာမူကာ ဟိုဟိုဒီဒီအတွေးနယ်ချဲ့မိသည်။ ကျောင်းကိစ္စ အိမ်ကိစ္စ သူငယ်ချင်းကိစ္စ အစရှိသဖြင့် တောင်တွေးမြောက်တွေး လျှောက်စဉ်းစားနေမိတယ်။ ကျွန်တော်က ပြတင်းပေါက်ဖက်ကို မျက်နှာမူထားတယ်ဆိုပေမဲ့ အလောင်းရဲ့ ခေါင်းနဲ့ ခြေထောက်ဖက်ကို မျက်လုံးထောင့်နားကတော့ မြင်ရတယ်။ အလောင်းက ပိတ်ဖြူအုပ်ထားတာဆိုတော့ အမှောင်ထဲမှာ အတန်ငယ်မြင်ရတယ်။ ရုတ်တရက် ကျွန်တော့်မျက်စိထောင့်က အလောင်းရဲ့ ခြေထောက်ဖက်က တစ်ချက်လှုပ်သွားတာကို မြင်လိုက်ရသလို ခံစားလိုက်ရတယ်။ ရင်တစ်ချက်တုန်သွားတယ်။ သေချာအောင် နောက်ပြန်လှည့်ကြည့်မိတယ်။ အလောင်းက ခုနက ပုံစံအတိုင်းပဲ ဘာမှ မထူးခြား။ သူစိတ်ထင်တာ ဖြစ်မည်ဟု ထင်၏။ ဒါပေမဲ့ အလောင်းကို ကျောပေးပြီး မထိုင်ချင်တော့။ ကျောမလုံသလို ခံစားရတယ်။ ဒါနဲ့ ကျွန်တော် သံမံတလင်းပေါ်ဆင်းထိုင်တယ်။ ပြတင်းပေါက်ရှိတဲ့ နံရံကို ကျောမှီပြီးတော့ပေါ့။ အဲ့တော့ ကျွန်တော့်အနေအထားက အလောင်းကို ထိုင်ကြည့်နေသလို ဖြစ်သွားတယ်။ ကျွန်တော် အချိန်ကို ကြည့်လိုက်တော့ ၉နာရီကျော်လောက်ရှိသွားပြီ။ ကျွန်တော်လေ ဒီအလောင်းအစားလုပ်မိတာ နည်းနည်းတော့ နောင်တရလာတယ်။ ဖြစ်နိုင်ရင် သူတို့ကို လောင်းကြေးငွေ လျော်ပြီး ကျွန်တော် အိမ်ပြန်လိုက်ချင်တယ်။ အလောင်းကို ကြောက်တာမဟုတ်ပေမဲ့ စိတ်ထဲကတော့ တစ်ယောက်တည်းမို့လို့လား မသိဘူး။ နည်းနည်းခြောက်ခြားလာသလိုပဲ။ ဒါပေမဲ့ ကျွန်တော့်သူငယ်ချင်းတွေကို ပြန်လာခေါ်ခိုင်းရအောင် ဖုန်းလည်းမရှိ။ လှမ်းအော်လို့လည်း မရ။ မနက်မိုးလင်းတဲ့ထိ စောင့်ဖို့က လွဲရင် ကျွန်တော်မှာ တခြားရွေးချယ်စရာမရှိဘူး။

ကျွန်တော်လည်း အခန်းထောင့်လေးမှာ ဒူးနှစ်ချောင်းထောင်ပြီး ခဏမှေးနေလိုက်တယ်။ ကျွန်တော့်မျက်လုံးတွေ နည်းနည်းစင်းလာတယ်။ ဒါပေမဲ့ အိပ်တော့မအိပ်ချင်သေးဘူး။ရုတ်တရက် ဖယောင်းတိုင်ကို သတိရသွားတယ်။ မအိပ်ခင်လေး ဖယောင်းတိုင်လေးထွန်းလိုက်ဦးမယ်ပေါ့။ ဖယောင်းတိုင်က တစ်နာရီခံတယ်ဆိုတော့ အဲ့အချိန်လောက်ဆို ကျွန်တော်လည်း အိပ်ချင်လောက်ပြီ။ အိပ်သွားရင် ဘာမှ သိတော့မှာ မဟုတ်ဘူး။ မနက်နိုးလာရင် ဟိုကောင်တွေ တံခါးလာဖွင့်တာနဲ့ အတော်ပဲဆိုပြီး ဖယောင်းတိုင်ညှိလိုက်တယ်။ဒါပေမဲ့ ဖယောင်းတိုင်က ချက်ချင်းမီးမတောက်ဘူး။ ဖယောင်းတွေက ရှဲကနဲ မြည်ပြီး မီးပြန်သေသွားတယ်။ ကျွန်တော်ကလည်း မီးခြစ်ဆံငြိမ်းလိုက်ပြီဆိုတော့ စိတ်နည်းနည်းတိုသွားတယ်။ နောက်တစ်ဆံထက်ညှိရတယ်။ မီးခြစ်ဆံက ၂ဆံပဲကျန်တော့တယ်။ မီးထွန်းလိုက်တော့ တခန်းလုံးကို သေချာမြင်ရတယ်။ ကျွန်တော့်ကြောက်စိတ်လည်း နည်းနည်းပျောက်သလောက် ဖြစ်သွားတယ်။ ဖယောင်းတိုင်ကို ကျွန်တော်က ခုတင်ခြေရင်း သံတိုင်ပေါ်မှာ ဖယောင်းအစက်လေး ချပြီး ထွန်းထားတယ်။ ပြီးတော့ ခုတင်ကို မှီုပြီး ကျွန်တော်ထိုင်နေလိုက်တယ်။ ကျွန်တော်ဆေးလိပ်သောက်ချင်လာတယ်။ မီးခြစ်ဆံတစ်ဆံယူပြီး မီးညှိလိုက်တယ်။ ကျွန်တော့်မှာ နောက်ဆုံးမီးခြစ်ဆံပဲ ကျန်တော့တယ်။ အမှန်တော့ ကျွန်တော်နည်းနည်းစိတ်ထွေပြီး မေ့သွားတာ။ ဆေးလိပ်ကို ဖယောင်းတိုင်မီးနဲ့ညှိလို့ရတာပဲ။ မီးခြစ်ဆံမှ မလိုတာ။ အလကား တစ်ချောင်းကုန်သွားတယ်။ ဆေးလိပ်ကုန်ပြီး သိပ်မကြာခင်မှာ ဖယောင်းတိုင်လည်း ကုန်သွားတယ်။ ကျွန်တော်လည်း နည်းနည်းအိပ်ချင်လာပြီ။ အချိန်က ၁၀နာရီကျော်။ ဒါနဲ့ အိပ်ဖို့ဆုံးဖြတ်လိုက်တယ်။

အိပ်ဖို့ကျတော့ သံမံတလင်းမှာအိပ်လို့ ဘယ်လိုမှ အဆင်မပြေဘူး။ လေဖြတ်သွားနိုင်တယ်။ တစ်နည်းပဲရရှိတယ်။ အလောင်းကို ဟိုဖက်နည်းနည်းထပ်တိုးပြီး သူ့ဘေးနားဝင်အိပ်မှပဲရမှာ။ ဒါနဲ့ ကျွန်တော်အလောင်းကို ဖြည်းဖြည်းလေးတွန်းလိုက်တယ်။ ပြီးတော့ သူ့ဘေးနားမှာ အသာလေးဝင်လှဲနေလိုက်တယ်။ သူ့ခေါင်းကိုလည်း နည်းနည်းဟိုဖက်တိုးပြီး ခေါင်းအုံးပဲ အုံးလိုက်တယ်။ ကျွန်တော်က ခါတိုင်းအိပ်ရင် တစောင်းအိပ်လေ့ရှိတယ်။ ဒါပေမဲ့ အခုအနေအထားက တစောင်းစောင်းမယ်ဆို အလောင်းနဲ့ မျက်နှာချင်းဆိုင်ရင်ဆိုင် ဒါမှ မဟုတ် ကျောပေးမှပဲရမယ်။ အဲ့လိုမျိုးကြီးတော့ မအိပ်ချင်ဘူး။ ဒါနဲ့ ပက်လက်ကလေး လှဲနေလိုက်တယ်။ အိပ်နေကျ ပုံစံမဟုတ်တော့ အချိန်တော်တော်ကြီး ကြာသွားတာတောင် အိပ်မပျော်ဘူး။ ဒီကြားထဲ ပက်လက်ပဲ နေရတော့ ကျောနဲ့ ခေါင်းက ပူလာတယ်။ အချိန်က ၁၂နာရီလောက်တော့ရှိပြီ။ အိပ်မပျော်တော့ ပေါက်ကရလျှောက်စဉ်းစားမိတယ်။ အလောင်းက ယောက်ျားလား မိန်းမလားပေါ့။ ကျွန်တော်က မိန်းမသရဲက ပိုကြောက်ဖို့ကောင်းမယ်ထင်တယ်။ ရုပ်ရှင်တွေထဲမှာ ဆံပင်ဖားလားကြီးတွေနဲ့ဆိုတော့။ ယောကျာ်းအလောင်းဆိုရင်တော့ အိုကေတယ်။ ဒါနဲ့ အလောင်းက ယောက်ျားမိန်းမကြည့်ရအောင် နောက်ဆုံး မီးခြစ်ဆံကိုလည်းထုတ်မသုံးချင်ဘူး။ အရေးပေါ်သုံးဖို့ မရှိမှာစိုးလို့။ ဒါနဲ့ အကြံတစ်ခုရသွားတယ်။ အလောင်းရဲ့ မျက်နှာကို စမ်းကြည့်မယ်ပေါ့။ ဟိုကောင်တွေပြောတာ အလောင်းက လတ်လတ်ဆတ်ဆတ်ဆိုတော့ အကယ်လို့ ယောကျာ်းအလောင်းသာဆိုရင် နှုတ်ခမ်းမွှေး မုတ်ဆိတ်မွှေးတော့ ရှိမှာပဲ။ ကျွန်တော် ပိတ်ဖြူလေးကို အသာလှန်လိုက်တယ်။ မျက်နှာကို စမ်းကြည့်တော့ တကယ်ပဲ နှုတ်ခမ်းမွှေးတွေရှိနေတယ်။ ဆံပင်ကလည်း ဘိုကေနဲ့။ သေချာပါပြီ ယောက်ျားအလောင်းဆိုတာ။ စိတ်နည်းနည်းအေးသွားသည်။

ကျွန်တော် ကျောသိပ်ပူလာတာနဲ့ အလောင်းဖက်တစ်ချက်စောင်းပြီး ကျောပူသက်သာအောင် နေလိုက်တယ်။ ခေါင်းအုံးက အိကျသွားလို့ထင်တယ်။ အလောင်းရဲ့ခေါင်းက ကျွန်တော့်မျက်နှာပေါ်ကျလာတယ်။ ကျွန်တော်လန့်ပြီး ထရပ်မိတယ်။ စိတ်ထဲမှာ အလောင်းက လှုပ်သွားသလို ခံစားမိပြန်တယ်။ နောက်ဆုံး ကျန်နေတဲ့ မီးခြစ်တစ်ဆံကို ညှိပြီး ကျွန်တော်ရပ်နေမိတယ်။ မီးဆံလေးက စက္ကန့်ပိုင်းအတွင်းကုန်သွားတယ်။ ကျွန်တော်လည်း စိတ်ညစ်ညစ်နဲ့ ခုတင်ကို ကျောမှီပြီးထိုင်လိုက်တယ်။ ရုတ်တရက် မွေ့ယာက အိကနဲ ဖြစ်သွားတယ်။ ကျွန်တော် ကြက်သီးဖြန်းဖြန်းထသွားတယ်။ လုံးဝ နောက်လှည့်မကြည့်ဘူး။ အားးးး လက်အေးကြီးတစ်ခု သူ့မျက်နှာကို လာစမ်းမိတဲ့ အခိုက် သူဘာမှ မသိတော့ပဲ လောကကြီးနဲ့ အဆက်ပြတ်သွားတော့တယ်။

****************************************************************************
မနက် ဇော်ဇော်တံခါးလာဖွင့်တော့ အောင်အောင်က ခုတင်ခြေရင်းမှာ မေ့လျက်သား။ အောင်အောင်ကို ဆေးရုံပို့လိုက်ကြတယ်။ ၂နာရီလောက် ကြာတော့ အောင်အောင် ပြန်သတိရလာတယ်။ အောင်အောင်ကို ဆေးရုံပို့တဲ့ အချိန်မှာ မောင်မောင်တစ်ယောက် ရုတ်တရက်နှလုံးရပ်ပြီး ဆုံးပြီ ဆိုတာ ဆရာဝန်တွေ မှတ်ချက်ချလိုက်တယ်။ ရှုပ်သွားပြီထင်တယ်။ အားလုံးသတိထားမိလား။ ဇာတ်လမ်းအစထဲက အလောင်းအစားကိစ္စမှာ အောင်အောင့်ကို ဇော်ဇော်ပဲ အားလုံးရှင်းပြပြီး လိုက်ပြင်ဆင်ပေးတာ။ မောင်မောင်က ပျောက်နေတယ်။ အမှန်တော့ အခန်းထဲက အလောင်းကောင်က တကယ့်အလောင်းကောင်မဟုတ်ဘူး။ မောင်မောင့်ကို အိပ်ဆေးထိုးပြီး အိပ်ခိုင်းထားတာ။ သူတို့လို ဆေးကျောင်းသားတွေ အနေနဲ့ ဒီလို အလောင်းခိုးထုတ်ဖို့ဆိုတာ ဖြစ်မှ မဖြစ်နိုင်တာ။ အဲ့တော့ မောင်မောင်နဲ့ ဇော်ဇော် မဲနှိုက်ပြီး အလောင်းကောင်အဖြစ် တစ်ညအိပ်ဆေးနဲ့ အိပ်ဖို့ သဘောတူထားတယ်။ ဖြစ်ချင်တော့ အဲ့နေ့ညက အိပ်ဆေးက စောစောပြယ်ပြီး မောင်မောင်က နိုးလာတယ်။ ရုတ်တရက်နိုးလာတဲ့ အချိန် အမှောင်ထဲမှာဆိုတော့ အလောင်းအစားကိစ္စကို မေ့ပြီး အိပ်ရာက ထထိုင်ပြီး ဘေးဘီဝဲယာကို လျှောက်စမ်းမိတယ်။ အဲ့မှာ အောင်အောင်ကို စမ်းမိတာပဲ။ အောင်အောင် သတိလစ်ပြီး လဲကျသွားတာကို မောင်မောင်က အကြောက်လွန်ပြီး သေသွားတယ်လို့ ထင်သွားတယ်။ အနားကပ်ပြီးလည်း မစမ်းသပ်ရဲဘူး။ သူ့အနေနဲ့ နဂိုထဲက သရဲကို သေအောင်ကြောက်ပါတယ်ဆိုမှ အခု လောလောလတ်လတ်အသက်ထွက်သွားတဲ့ သူငယ်ချင်းအလောင်းနဲ့ အမှောင်ထဲမှာ နေရတော့ အကြောက်လွန်ပြီး နှလုံးရပ်သွားတာပဲ။ အလောင်းယောင်ဆောင်ရာကနေ တကယ့်အလောင်းဖြစ်သွားတယ်။

***********************************************************************
ဒီအဖြစ်အပျက်လေးက တကယ့်အဖြစ်အပျက်လို့ ပြောပါတယ်။ ကြားဖူးသူတွေလည်း ရှိမှာပါ။ အရင်က ဆေးကျောင်း ၂ရဲ့ ကျောင်းသားသစ်ကြိုဆိုပွဲတွေမှာ အဲ့ဇာတ်လမ်းလေးတွေကို ပုံနှိပ်ပြီး ဝေကြတယ်လို့လည်း ပြောကြပါတယ်။ ကျွန်မရေးထားတဲ့ ဇာတ်လမ်းက မူရင်းဇာတ်လမ်းနဲ့ နည်းနည်းပါးပါးတော့ လွဲနိုင်ပါတယ်။ ကျွန်မမှတ်မိသလောက် ပြန်ရေးထားတာကြောင့်ပါ။ အားလုံးဖတ်ပြီးတဲ့အခါမှာ ရင်ထဲတစ်ခုခုကျန်ခဲ့မယ် ကွန်မန့်လေးများထားခဲ့မယ်ဆိုရင် ကျွန်မလက်ညောင်းရကျိုးနပ်ပါပြီ။ ။

ပြီးပါပြီ။ ။


Saturday, July 25, 2009

အလောင်းအစား

ဘာတွေတုန်းတစ်ယောက် ဒီရက်ပိုင်း ဘလော့ဖက်ကို သိပ်ခြေဦးမလှည့်ဖြစ်ပါဘူး။ အကြောင်းကတော့ ဓါတ်ပုံရိုက်တဲ့ဖက် ခြေဦးလှည့်သွားလို့။ :D
ဒါလေးကတော့ ရိုက်ဖြစ်တဲ့ ဓါတ်ပုံတွေထဲက တစ်ပုံပါ။ တခြားပုံတွေကတော့ ဓါတ်ပုံဘလော့လေးသက်သက် လုပ်ပြီးမှ တင်မလားလို့ စဉ်းစားထားတယ်။

ကဲရေးချင်တာက သရဲကြောက်မကြောက် အလောင်းအစားလုပ်ကြတဲ့ ဆေးကျောင်းသား၃ယောက်အကြောင်း။ ဓါတ်ပုံအကြောင်း အင်ထရိုလုပ်တာလေး ခဏရပ်ပြီး ဇာတ်လမ်းစပါတော့မယ်။ ကျောင်းက စီနီယာတစ်ယောက်ပြောပြဖူးတာကို မှတ်မိသလောက်လေး ပြန်ချရေးထားတာပါ။

*************************************************************************************
တစ်ခါက ဆေးတက္ကသိုလ် ၂မှာ သူငယ်ချင်း ၃ယောက်ရှိသတဲ့။ အဲ့၃ယောက်မှာ တစ်ယောက်က သရဲတအားကြောက်တယ်။ တစ်ယောက်ကတော့ ကြောက်တယ်လည်းမဟုတ် မကြောက်ဖူးလဲမဟုတ်တဲ့ neutral ပေါ့။ နောက်ဆုံးတစ်ယောက်ကတော့ လုံးဝ သရဲကို အယုံအကြည်မရှိဘူးတဲ့။သူတို့ နာမည်ကို မောင်မောင် ရယ် ဇော်ဇော်ရယ် အောင်အောင်ရယ် ထားပါတော့။ အောင်အောင်က တခြားသူငယ်ချင်း ၂ယောက်က သရဲအကြောင်းပြောတဲ့အခါမျိုးတိုင်းမှာ "မင်းတို့ကကွာ ဒီခေတ်ကြီးထဲမှာ ဒါမျိုးတွေ ကြောက်နေရသေးတယ်။ အလကား အဓိပ္ပာယ်မရှိတာတွေ။ ငါတော့ ရှိတာလည်း မယုံဘူး။ လုံးဝလည်း မကြောက်ဘူး။" အဲ့လိုမျိုးပြောလေ့ရှိတယ်။ အဲ့စကားကို ကြားဖန်များလာတော့ ကြာတော့ ဟို၂ယောက်လည်း အမြင်ကပ်လာတယ်။
တစ်နေ့ကျတော့ သူတို့ ၃ယောက် အဲ့ကိစ္စနဲ့ ပတ်သက်ပြီး အလောင်းအစားတစ်ခုလုပ်ကြတယ်။ ဘယ်လို အလောင်းအစားမျိုးလည်းဆိုတော့ အောင်အောင်ကို "မင်း သရဲလုံးဝမကြောက်တတ်ဘူးဆိုရင် အခန်းလေးတစ်ခုထဲမှာ အလောင်းကောင်တစ်ခုရယ် မင်းတစ်ယောက်တည်းရယ် တစ်ညလုံးနေနိုင်လား။ မင်းကို ငါတို့ အခန်းထဲမှာ သော့ခတ်ထားမယ်။ ငါတို့ မနက်မိုးလင်းလို့ တံခါးလာဖွင့်တဲ့ အချိန်မှာ မင်းက မတုန်မလှုပ် အေးအေးဆေးဆေးရှိနေသေးတယ်ဆိုရင် မင်းနိုင်တယ်။ မင်းကို ငါတို့၂ယောက် လောင်းကြေးငွေ ၂သောင်းပေးမယ်။ (အဲ့ဒီခေတ်တုန်းက ငွေ၂သောင်းဆိုတာ တော်တော်များတယ်တဲ့)"။ အောင်အောင်ကလည်း "အိုကေ စိမ်လိုက်လေ။ ငါ့ဖက်က ready ပဲ။ မင်းတို့သာ ငါ့ကို ပေးဖို့ ပိုက်ဆံ အဆင်သင့်ပြင်ထား" တဲ့။ ဒါနဲ့ သူတို့ အလောင်းအစားလုပ်ဖြစ်သွားတယ်.။

သူတို့ အလောင်းအစားရဲ့ စည်းကမ်းချက်တွေက အခန်းထဲမှာ ခုတင်တစ်လုံးထားမယ်။ အဲ့ကုတင်ပေါ်မှာ အလောင်းကို ပိတ်ဖြူအုပ်ပြီး တင်ထားမယ်။ ဆေးကျောင်းက အလောင်းထားတဲ့ အခန်းကိုစောင့်တဲ့လူကို ပေါင်းပြီးတော့ လတ်လတ်ဆတ်ဆတ်အလောင်းတစ်ခုကို တစ်ညလောက် ခိုးထုတ်လာမယ်။ ပြီးရင် ည၆နာရီမှာ တံခါးစပိတ်မယ်။ မနက် ၆နာရီတံခါး လာဖွင့်ပေးမယ်။ မီးကို အပြင်က မိန်းswitch ချသွားမယ်။ ဆက်သွယ်ရေးပစ္စည်းတွေ မယူရဘူး။ လိုအပ်တဲ့ ပစ္စည်းအချို့တောင်းနိုင်တယ်။

အောင်အောင်က ဆေးလိပ်သမားဆိုတော့ ဆေးလိပ်တစ်ဗူးတောင်းတယ်။ ပြီးတော့ မီးခြစ်။ ဒါပေမဲ့ ဇော်ဇော်က ဂတ်စ်မီးခြစ်မပေးဘူး။ မီးခြစ်ဆံ ၅ချောင်းပေးတယ်။ ပြီးတော့ ၁နာရီစာခံတဲ့ ဖယောင်းတိုင်တစ်ချောင်း။ နောက်ပြီးတော့ ရေတစ်ဘူး။

အဲ့ဒီ အလောင်းအစားလုပ်မဲ့နေ့ နေ့လည် ၃နာရီလောက်ထဲက အဲ့အခန်းကို ဇော်ဇော်က အောင်အောင်ကို လိုက်ပြတယ်။ အလောင်းကို ဘယ်လိုပုံစံထားမယ် ဘယ်နေရာမှာ ဘာပစ္စည်းထားမယ် အစရှိသဖြင့်ပေါ့။ ဒီနေရာမှာ အခန်းရဲ့အနေအထားကို ပြောပြဖို့လိုလာပြီ။ အခန်းက ၁၀ပေပတ်လည်အခန်း။ ဘေးပတ်ဝန်းကျင်အခန်းတွေမှာလည်း လူမရှိဘူး။ ဒီအခန်းကျဉ်းလေးထဲမှာ ပြတင်းပေါက်တစ်ပေါက်ရယ် တံခါးတစ်ချပ်ရယ်ပဲ ပါတယ်။ ပြတင်းပေါက်က တရုတ်ကပ်မှန်နဲ့ဆိုတော့ နည်းနည်းပဲ ဖွင့်လို့ရတယ်။ လေဖွင့်လေထွက်ရရုံလေးပဲပေါ့။ အခန်းမှာ ပရိဘောဂဆိုလို့ ဆေးရုံတွေမှာ ထားတဲ့ အဖြူရောင် သံကုတင်တစ်လုံးပဲရှိမယ်။ အဲ့ဒီကုတင်က ၇ပေလောက် ရှည်တယ်ဆိုတော့ သူတို့ အလျားလိုက်ထားမဲ့အစား ထောင့်ဖြတ်(diagonally) ထားဖို့ ဆုံးဖြတ်လိုက်တယ်။ အဲ့လို ထားလိုက်ရင် အောင်အောင်အတွက် နေစရာက ထောင့်၂ခု တြိဂံပုံစံလေးပဲ ကျန်မယ်။ ထောင့်တစ်ခုက တံခါးဖက်။ နောက်တစ်ခုက ပြတင်းပေါက်ဖက်။ အဲ့တော့ အကယ်လို့ အောင်အောင်သာ ပြတင်းပေါက်ဖက်သွားချင်တယ် ဆိုရင် အလောင်းကောင်ကို ကျော်ခွသွားရမယ်။

ကဲခုနဇာတ်လမ်းလေး ပြန်ဆက်မယ်။ ဇော်ဇော်က အောင်အောင့်ကို စည်းကမ်းချက်တွေ အသေးစိတ်ပြောပြီးတော့ အလောင်းသွားယူမယ်ဆိုပြီး ထွက်သွားတယ်။ ၅နာရီခွဲမှာ အဲ့နေရာ ပြန်ဆုံဖို့ချိန်းထားတယ်။ ဒီလိုနဲ့ အောင်အောင် ၅နာရီခွဲလောက် အခန်းကို ပြန်ရောက်တဲ့အချိန်မှာ ကုတင်ပေါ်ကို အလောင်းကောင်က ရောက်နေပြီ။ ပိတ်ဖြူပါးလေး အုပ်ထားတယ်။ အလောင်းက ယောက်ျားလား မိန်းမလားတော့ မမြင်ရဘူး။ အောင်အောင်ကလည်း စိတ်မ၀င်စားဘူး။ သူ့အနေနဲ့ ဒါဟာ သူတို့ practical အနေနဲ့ စမ်းသပ်အသုံးပြုတဲ့ အသက်မဲ့ခန္ဓာတစ်ခုလိုပဲ သဘောထားတယ်။ ဒီလိုနဲ့ ညနေ၆နာရီဆိုတဲ့ အချိန်က ရောက်လာတယ်။ ဇော်ဇော်က "ကဲ ငါသွားပြီကွာ ။ မင်းတောင်းဆိုထားတဲ့ပစ္စည်းတွေနဲ့ လိုအပ်မယ်ထင်တာတွေ ငါ ဟိုစင်ပေါ်မှာ အကုန်တင်ထားခဲ့တယ်။ ငါမနက် ၆နာရီ ပြန်လာခဲ့မယ်။ မင်းကံကောင်းပါစေကွာ။" ဆိုပြီး ထွက်သွားတယ်။
ဒီနေရာက စပြီး အောင်အောင်အနေနဲ့ ကိုယ်တိုင်ပြောပြတဲ့ ပုံစံမျိုးနဲ့ ရေးသွားပါရစေ။

**************************************************
ကျွန်တော် တစ္ဆေသရဲလုံးဝ အယုံအကြည်မရှိပါဘူး။ အဲ့အကြောင်းပြောတဲ့လူတွေကိုလည်း လုံးဝ ကြည့်လို့မရဘူး။ ကျွန်တော့်ကို ဒီကိစ္စနဲ့ ပတ်သက်ပြီး အစွန်းရောက်တယ်ပဲပြောပြော ပြောကြပါစေ။ ဒါပေမဲ့ဗျာ ကျွန်တော့်အခင်ဆုံးသူငယ်ချင်း၂ယောက်က ဒါတွေကို သိပ်ယုံတယ်။ သရဲဆိုတာ တကယ်မရှိဘူးဆိုတာ သူတို့နားလည်စေချင်လို့ သူတို့ ကျွန်တော့်ကို အပျော်တမ်း အလောင်းအစားတစ်ခုလုပ်ဖို့ ပြောခဲ့တာ လက်ခံမိတယ်။ အကယ်လို့ ဒီအလောင်းအစားဟာ ပျော်စရာတစ်ခုမဟုတ်ခဲ့ဘူး ဆိုတာ ကြိုသိခဲ့ရင်လေ...

ဇော်ဇော်က ၆နာရီထိုးတော့ တံခါးကို ပိတ်ပြီး အပြင်က သော့ပိတ်သွားတယ်။ ဘယ်တော့မှ အကြောက်အလန့်မရှိတဲ့ ကျွန်တော် .. သူသော့ခတ်တဲ့အသံကို ကြားလိုက်တဲ့အချိန်မှာ ဘာရယ်မဟုတ် ကြက်သီးနည်းနည်းထမိသွားတာ ၀န်ခံပါတယ်။ ခေါင်းထဲမှာ ငါတစ်ယောက်တည်း ဒီအခန်းထဲမှာ ကျန်ခဲ့ပြီ အရေးအကြောင်းကြုံရင်လည်း ဘယ်လိုမှ ထွက်လို့မရဘူး ဆိုတဲ့ အသိတစ်ချက်ဝင်လာလို့ ဖြစ်ပါလိမ့်မယ်။ ဒါပေမဲ့ အဲ့စိုးရိမ်စိတ်ကို ကျွန်တော်လွယ်လွယ်ကူကူပဲ ဖျောက်နိုင်ခဲ့ပါတယ်။ ဇော်ဇော်ထွက်သွားပြီး ခဏကြာတော့ ကျွန်တော် ပြတင်းပေါက်ဖက်ကို ကူးလာခဲ့တယ်။ ခံတွင်းချဉ်လာတာနဲ့ စင်ပေါ်မှာ တင်ထားတဲ့ စီးကရက်တစ်လိပ်နဲ့ မီးခြစ်ဆံတစ်ဆံယူလိုက်တယ်။ မီးခြစ်ဆံ ၄ချောင်းပဲ ကျန်တော့တယ်။ ပြီးတော့ ကျွန်တော် ပြတင်းပေါက်အောက်က ကားတွေ သွားနေတာကို ငုံ့ကြည့်ရင်း စီးကရက်လေးတဖွာဖွာနဲ့ ဟိုဟိုဒီဒီ လျှောက်တွေးနေမိတယ်။ ၇နာရီကျော်လောက်လည်းကြရော အပြင်မှာလည်း မှောင်စပျိုးနေပြီ။ လက်ထဲက စီးကရက်လည်း ကုန်ပြီ။ ခြေထောက်လည်း နည်းနည်းညောင်းလာတာနဲ့ ထိုင်ဖို့ နေရာတစ်ချက်လှည့်ကြည့်လိုက်တယ်။ အခန်းထဲမှာ ခုံမရှိဘူး။ ကျွန်တော်လည်း အောက်သံမံတလင်းမှာ မထိုင်ချင်တာနဲ့ အလောင်းကို ဟိုဖက်နည်းနည်းတိုးပြီး အလောင်းရဲ့ ခါးနေရာလောက်မှာ ကျောပေးပြီး ထိုင်လိုက်တယ်။

(ဆက်ပါဦးမည်....)


Tuesday, March 17, 2009

မက်ခွင့်မရှိလိုက်တဲ့ အိပ်မက်တစ်စုံ -၂

လေပြေ မောင့်ဆီက ထိုစကားကြားပြီး စိတ်တွေ ယောက်ယက်ခတ်နေတယ်။ ခေါင်းထဲမှာလည်း အတွေးတွေက စုံလို့။ ထိုတစ်ခဏ သူမ မောင့်ကို ဘာပြန်ပြောရမှန်းမသိအောင် ဆွံအနေခဲ့မိသည်။"ကျွန်မ ပြန်တော့မယ်မောင်။" ဆိုတဲ့ တစ်ခွန်းထဲ ပြောပြီး လှည့်ထွက်ခဲ့တယ်။ မောင်က ပြန်လိုက်ပို့ပေးမယ်ဆိုသော်လည်း သူမ taxi ကို ဇွတ်တားပြီး ထွက်လာခဲ့တယ်။
အိမ်ပြန်ရောက်တာနဲ့ အခန်းတွင်းအောင်းနေမိတယ်။ ဒီလိုဆို သူမလည်း ဆေးသွားစစ်သင့်ပြီ။ သို့သော် ဆေးသွားစစ်ရန် လုံလောက်တဲ့ သတ္တိ လေပြေမှာ မရှိတာတော့ အမှန်ပင်။ဘာလို့ ဒီလို ကံကြမ္မာဆိုးကြီးက လေပြေနဲ့မောင်အပေါ် ကျလာတာလဲကွာ။ လက်ထပ်ပြီး တစ်ပတ်မျှသာ ရှိသေးတဲ့ ဇနီးမောင်နှံ အသစ်စက်စက်လေးကိုမှ ကံတရားက ရက်စက်လေခြင်း။ မောင် အိမ်ပြန်ရောက်လာတော့လည်း စကားမပြောဖြစ်။ အတွေးကိုယ်စီနဲ့ ၂ယောက်လုံးနှုတ်ဆိတ်နေမိတယ်။ ထိုတစ်ညလုံး သူမ တစ်မှေးမှ အိပ်မရခဲ့။ မောင်လည်း အိပ်လို့ရမည်မထင်။ နောက်ဆုံးတော့ လေပြေ ခိုင်မာတဲ့ ဆုံးဖြတ်ချက်တစ်ခု ချလိုက်သည်။ မနက်ဖြန် မနက်စောစော သူမဆေးသွားစစ်မည်။ မောင့်ကိုတော့ မခေါ်သွားတော့။ သူမတစ်ယောက်ထဲသွားမည်။
နံနက် ၆နာရီ ။ သူမတစ်ညလုံး မအိပ်ရသေးသော်လည်း ဆေးသွားစစ်ရမည်ဟူသော စိတ်ကြောင့်ထင်သည်။ အိပ်ချင်စိတ် လုံးဝမရှိ။ မောင်ကတော့ မိုးလင်းခါနီးမှ အိပ်ပျော်သွားသည် ထင်၏။ အိပ်မောကျနေသည် မှာ လုံးဝ အပြစ်ကင်းစင်လှသည်။ ဒီလို ရောဂါမျိုး မောင့်လို လူဆီမှာဖြစ်တယ်ဆိုတာ လေပြေခုချိန်ထိ ယုံရခက်ဆဲ။ အိပ်ရာထဲလည်း ဆက်မလှဲချင်တော့တာနဲ့ ရေမိုးချိုး ၊ဘုရားရှိခိုးပြီး မနက်စာအတွက် ပြင်ဆင်သည်။ သူမအိမ်က ထွက်လာချိန်အထိ မောင် အိပ်ရာက မနိုးသေး။ ထို့နောက် သူမ အိမ်မှ စောစောထွက်ကာ ရွှေတိဂုံဘုရားသို့ ၀င်သည်။ ထို့နောက် ဆေးစစ်ရန် ထွက်လာခဲ့သည်။ လမ်းတစ်လျှောက် သူမတွေးနေမိသည်။ အကယ်လို့ ဆေးစစ်တာ POSITIVE ဆိုရင် သူမ ဘာဆက်လုပ်မည်နည်း။ သူမ အသက် ၂၂နှစ်သာရှိသေးသည်။ သူမနှင့် မောင်တို့ ပျော်ရွှင်တဲ့မိသားစုဘ၀လေး ထူထောင်ကြမည်ဟု အိပ်မက်ထားသမျှ တကယ်ပဲ ဖြစ်မလာနိုင်တော့ဘူးလား။ ဆေးခန်းရှေ့ရောက်လာမှ သူမအတွေးစတွေ ပြတ်သွားသည်။ ဆေးခန်းရောက်ရောက်ခြင်း ဆေးစစ်လို့မရသေး။ အရင် consultation ၀င်ရသည်။ ဆရာဝန်မ ပြောသော စကားများ နားထဲဝင်တစ်ချက် မ၀င်တစ်ချက်။ ထို့နောက် ဆေးစစ်ပြီး အိမ်ပြန်လာခဲ့သည်။ "အဖြေရရင် ဖုန်းဆက်လိုက်မယ်။ ၂ ရက်အတွင်းတော့ ရမှာပါ။ စိတ်အေးအေးထားပါ မလေပြေ။ ဒါမျိုးက ဖြစ်ခဲပါတယ်။ "သူမလည်း ခေါင်းအသာငြိမ့်ကာ ထွက်လာခဲ့သည်။
အိမ်ပြန်ရောက်တော့ မောင် အိမ်မှာမရှိ။ company သွားတာပဲ ဖြစ်မည်။လေပြေ မောင့်ကို ချီးကျူးမိသည်။ ဤသို့ ကြောက်မက်ဖွယ် ရောဂါဆိုးကြီး စွဲကပ်နေသော်လည်း မောင် တည်ငြိမ်လွန်းသည်ဟု လေပြေထင်သည်။ သူလုပ်စရာရှိသော အလုပ်များကို မူမပျက် လုပ်သွားနိုင်သည်။ အကယ်လို့ သူမသာ မောင့်နေရာမှာဆို မောင့်လိုနေနိုင်ပါ့မလား။ မင်္ဂလာဧည့်ခံပွဲအတွက် ပြင်ဆင်ချင်စိတ်လည်း သူမမှာ မရှိတော့။ လေပြေတို့အတွက် အဓိပ္ပာယ်မှ မရှိတော့ပဲ မောင်ရယ်။ ညနေကျတော့ မောင်ဖုံးဆက်ရှာပါသည်။ မင်္ဂလာခမ်းဝင်ပစ္စည်းတွေ သွားကြည့်ချင်သေးလားတဲ့။ သူမစိတ်မပါလို့ မကြည့်တော့ဘူးဟု ပြောလိုက်သည်။ မောင်လည်း သူမစိတ်အခြေအနေကို နားလည်သည်ထင်ပါတယ်။ "ဒါဆိုလည်း မောင်စောစောပြန်လာမယ်နော်"ဆိုပြီး ဖုန်းချသွားသည်။
မောင် အိမ်ပြန်လာတော့ သူမတို့ ညစာတူတူစားဖြစ်သည်။ ခါတိုင်း ရယ်မောစနောက်သံတွေနှင့် ပြည့်နှက်နေသော ထမင်းဝိုင်းလေး အခုတော့ တိတ်ဆိတ်ခြောက်သွေ့မှုတွေသာ ကြီးစိုးနေသည်။ ထိုတိတ်ဆိတ်မှုကို မောင်ကပဲ စတင်ဖြိုခွင်းလိုက်သည်။ "ကျေးဇူးတင်ပါတယ် လေပြေ။" သူမ ခေါင်းငုံ့ထမင်းစားနေရာမှ မော့ကြည့်မိသည်။ မောင့်ပုံစံက တကယ်ကို လှိုက်လှိုက်လှဲလှဲ ပြောနေသလိုပင်။ "ဘာကိုကျေးဇူးတင်တာလဲ မောင်" "မောင်ကို ခွင့်လွှတ်ပေးလို့ပေါ့။ မောင်က လေပြေကို ပြောဖို့ တော်တော်လေး သတ္တိမွေးခဲ့ရတယ်။ လေပြေ မုန်းသွားမှာ မောင်ကြောက်တယ်။ မောင် တကယ့်ကို မိုက်လုံးကြီးခဲ့မိတာပါကွာ" "ဒီမှာ မောင်။ ကျမ မောင့်ကို ခွင့်လွှတ်တယ်လို့ ဘယ်တုန်းကမှ မပြောခဲ့ဘူး။ ခုချိန်မှ ကျမစိတ်တွေ တအားရှုပ်နေတဲ့အတွက် အဲ့ဒီကိစ္စနဲ့ ပတ်သက်ပြီး မောင့်ကို ကျမပြောဖို့ အင်အားမရှိသေးဘူး။ မောင့် အနားမှာ ဒီလောက် အစစအရာရာ လိုလေသေးမရှိအောင် ကျမတာဝန်ကြေခဲ့ရက်နဲ့ ဒီလိုမျိုးလုပ်ရက်တဲ့ မောင့်ကို ကျမဘယ်လိုနားလည်ပေးရမလဲ။ပြောပါ မောင်"သူမ၄နှစ်လုံးလုံး နှုတ်ကျိုးအောင် ခေါ်ခဲ့သော "မောင်"ဆိုသော အသုံးအနှုန်းကို မောင့်ကို စိတ်ဆိုးသည့်တိုင်အောင် ဆက်ခေါ်မိနေဆဲပင်။ "မဟုတ်ဘူး လေပြေ ... ဒီကိစ္စတွေက မောင်လေပြေနဲ့ မတွေ့ခင်တုန်းက ကိစ္စတွေပါ။ လေပြေနဲ့ တွေ့ပြီးနောက်ပိုင်း ကိုယ်တစ်ခါမှ သစ္စာမဖောက်ခဲ့တာ အမှန်ပါကွာ။"လေပြေ ထမင်းဆက်စားချင်စိတ်မရှိတော့။ ထမင်းဝိုင်းမှ ထထွက်လာသည်။
ဒီရက်ပိုင်း သူမ မောင်နှင့် ခပ်စိမ်းစိမ်းနေဖြစ်သည်။ မောင် အလုပ်က ပြန်လာရင်လည်း စကားသိပ်မပြောဖြစ်။ သို့နှင့် ဆေးစစ်ပြီး တတိယမြောက်နေ့မှာ သူမကို ဆရာဝန်မက ဖုန်းဆက်သည်။ ဆေးစစ်ထားသည့် အဖြေလွှာ ရပြီဟု အကြောင်းကြားခြင်း ဖြစ်သည်။ အဖြေကို ဖုန်းထဲက မေးတော့ ဆရာဝန်မက လူကိုယ်တိုင်လာယူဖို့ ပြောသည်။ လေပြေ စိတ်ထဲထင့်နေသည်။ ဒီလိုနှင့် ဆေးခန်းရောက်တော့ အဖြေက NEGATIVE တဲ့။ လေပြေ ၀မ်းသာသွားသည်။ ဒါပေမဲ့ ဆရာဝန်မက ဆက်ပြောသည်။ "လေပြေ နောက် ၆လနေရင်တော့ ထပ်ဆေးစစ်ဖို့လိုမယ်။ အခုက လေပြေတို့ လက်ထပ်ထားတာ တစ်ပတ်ပဲ ရှိသေးတယ်ဆိုတော့ အကယ်လို့ ရောဂါပိုးကူးခဲ့မယ်ဆိုရင်တောင် အဲ့လောက်တစ်ပတ်အချိန်အတွင်းမှာ မသိနိုင်ဘူး။" "ဟုတ်ကဲ့ပါ ဆရာမ။ လေပြေ နောက်၆လလောက်နေရင် ပြန်လာခဲ့ပါအုံးမယ်။"လေပြေစိတ်ထဲမှာ နည်းနည်းတော့ ပေါ့သွားသလိုပင်။ သို့သော်လည်း နောက်၆လဆိုသော အချိန်မှာ ဘာမဆိုဖြစ်လာနိုင်သေးသည် မဟုတ်ပါလား။
လေပြေအိမ်ပြန်ရောက်တော့ မောင်က အစောကြီးအိမ်ပြန်ရောက်နေသည်။ "လေပြေ ဘယ်သွားနေတာလဲကွာ။ မောင် ဒီနေ့ နေလို့မကောင်းတာနဲ့ အိမ်စောစောပြန်လာခဲ့တယ်။ လေပြေဖုန်းဆက်တာလည်း ဘယ်လိုမှ ခေါ်လို့မရဘူး။" "အင်း လေပြေ မေချိုတို့အိမ်ခဏသွားနေတာ။ ဖုန်းက ဘက်ထရီကုန်နေတယ်။ " သူမ စကားကို မေးတစ်ခွန်း ဖြေတစ်ခွန်းသာ မောင့်ကို ဆက်ဆံခဲ့သည်။ မောင်နေမကောင်းဘူးဆိုမှ မောင့်ကို သေချာပြန်ကြည့်မိသည်။ သူမ ပစ်ထားသော ၃၊၄ရက် အတွင်းမှာတောင် မျက်နှာချောင်ကျသွားလိုက်တာ။ မောင့်ကို သနားသလို ဖြစ်သွားသည်။ အို..ဘာလို့ သနားရမှာလည်း။ သူ့အပြစ်နဲ့ သူပဲ။ သစ္စာမဲ့တဲ့ ဒဏ်ခံရတာ။ သူမအဲ့လိုမျိုး စိတ်ကိုတင်းထားပေမဲ့ တကယ်တမ်းတော့ မနေနိုင်ပါ။ ချောင်းတဟွပ်ဟွပ်ဆိုးနေသော မောင်။ ခါတိုင်းထမင်းကို လိုက်ပွဲယူမှ ၀သည့်မောင်။ အခုတော့ ထမင်း တ၀က်ကိုပင် တပင်တပန်းစားနေရသလိုပင်။ မောင် ဘာအပြစ်တွေ လုပ်ခဲ့လုပ်ခဲ့ သိပ်ချစ်လို့ လက်ထပ်ခဲ့သောမောင့်ကိုတော့ ကြာကြာပစ်မထားနိုင်။ ရေနွေးနွေးလေးနှင့် ချောင်းဆိုးပျောက်ဆေးယူကာ သွားပေးလိုက်သည်။ နေမကောင်းသည့်ကြားမှ မောင့်အပြုံးလေးကို သူမမြင်လိုက်ရသည်။
မောင် ဒီရက်ပိုင်း အတော်နေမကောင်းဖြစ်သည်။ သူ့ကို ကြည့်ရတာလည်း လုံးဝအားမရှိသလိုပင်။ လေပြေ နေ့တိုင်း ကြက်ပေါင်းတွေ ပေါင်းတိုက်သော်လည်း မောင့်ကို ကြည့်ရတာ တော်တော်ဖျော့တော့နေသည်။ လေပြေမနေနိုင်တော့။ မောင့်ကို မေးလိုက်သည်။ "မောင်.. ဆရာဝန်ကော ပြရဲ့လား ဟင်။"မောင်က သူမကို ပြုံးပြီးကြည့်သည်။"သေမိန့်ကျပြီးသား လူတစ်ယောက်က ဆရာဝန်ဆီ သွားတော့ကော ဘာများထူးခြားမှာလဲ လေပြေရယ်"မောင်ရယ် ဖြစ်မှ ဖြစ်ရလေ။ ကိုယ့်ဟာကိုယ် သေဒဏ်ကျတရားခံတစ်ယောက်လိုတောင် သတ်မှတ်ထားပါလား။ အမှန်တော့ ဒါဟာကုမရတဲ့ ရောဂါတစ်ခု မဟုတ်ပါဘူး။ ခုခေတ်မှာ ဆေးဝါးတွေ ဒီလောက် ခေတ်မီနေတာပဲ ။ သူမ မောင့်ကို ရအောင် ကုမည်။ ပြုစုမည်။ မောင် လူကောင်းနှင့်မခြား သက်တမ်းစေ့ နေနိုင်စေရမည်ဟု စိတ်ပိုင်းဖြတ်လိုက်သည်။ သူမ မောင့်ကို ဟိုရက်ပိုင်းတွေတုန်းက လစ်လျူရှူခဲ့မိတာတောင် နောင်တရသွားသည်။ သူမမောင့်ကို နွေးထွေးတဲ့ အားပေးမှုတွေ ပေးသင့်တဲ့အစား အေးစက်တဲ့ လစ်လျူရှုမှုတွေသာ ပေးခဲ့သော်လည်း မောင်တစ်ချက်လေးမှ စောဒက မတက်ခဲ့။ သူမမောင့်ကို ဒီအတိုင်း ဖြစ်ထားလို့တော့ မဖြစ်။ မနက်ဖြန် ယုံကြည်ရတဲ့ အသိဆရာဝန်တစ်ယောက်ဆီ ခေါ်သွားရမည်။ မောင့်အသက် ၂၆နှစ်သာ ရှိသေးသည်။ သူမတို့မှာ လှပတဲ့ အနာဂတ်တွေ ရှိသေးသည်။ မောင့်ကို သူမဘ၀ထဲက ထွက်ခွာခွင့် မပြုနိုင်သေးဘူး။
နောက်တစ်နေ့ မောင့်ကို ဆေးခန်းသွားဖို့ခေါ်တော့ မောင်က အတင်းငြင်းသည်။ နောက်ဆုံး သူမ တောင်းပန်တစ်လှည့် စိတ်ကောက်တစ်လှည့် မနည်းခေါ်မှ မလိုက်ချင်လိုက်ချင်နှင့် လိုက်လာသည်။ စမ်းသပ်မှုတွေအပြီး ဆရာဝန်က သေချာရှင်းပြသည်။ ဆောင်သင့် ရှောင်သင့်သည့် အချက်တွေကို။ မောင်က ရောဂါဖြစ်တာကို သိတာ နောက်ကျတဲ့ အတွက်ရော သင့်လျော်တဲ့ ဆေးဝါးကုသမှု မခံခဲ့တဲ့အတွက် အခြေအနေက သိပ်တော့ အားရစရာမရှိကြောင်း။ဒါပေမဲ့ အခုအခါ ဆေးဝါးတွေက တိုးတက်လာပြီ ဖြစ်တဲ့အတွက် ဆေးမှန်မှန်သောက်မယ် ကျန်းမာရေးဂရုစိုက်မယ်ဆိုရင် မောင့်ဟာ လူပုံမှန်တစ်ယောက်လို နေနိုင်သွားကြောင်း အခုလာပြတာ အချိန်မှီလေး ဖြစ်ကြောင်း ဂရုစိုက်ဖို့လိုကြောင်း ပေါ့ပေါ့မနေသင့်ကြောင်းပြောသည်။သူမ မောင့်ကို တစ်ချက်ပြုံးကြည့်ပြီး မောင့်လက်လေးကို တင်းတင်းဆုပ်လိုက်သည်။"မောင် ဒီမှာ ဆရာက ပြောနေတယ်။ ဆေးမှန်မှန်သောက်ရင် သက်သာသွားမယ်တဲ့။ကြားတယ်နော်။"ထို့နောက် သူမ ဆရာဝန်ပေးတဲ့ ဆေးများယူပြီး ပြန်လာခဲ့သည်။ လမ်းတစ်လျှောက် မောင်က စကားတော့ သိပ်မပြော။ သူမက စပြီး "မောင် လေပြေကို ချစ်ရင် ဆေးမှန်မှန်သောက်ရမယ်နော်။ လေပြေကိုယ်တိုင် အချိန်မှန်တိုက်မယ်။ မသောက်လို့ကတော့ မိလေပြေ အကြောင်းသိတယ်နော်..ဟင်းဟင်း""ဟုတ်ပါပြီဗျာ။ ဒေါ်လေပြေစကားနားထောင်ပါ့မယ်ဗျာတဲ့" ကဲဘယ်လောက်ချစ်ဖို့ကောင်းတဲ့ မောင်လည်း။ ဒါပေမဲ့ သူမချစ်သောမောင်သည် သူမအနားက ထွက်ခွာခွင့် မပေးနိုင်သေးပါ။ သူမ အတတ်နိုင်ဆုံး မောင့်ကို လူကောင်းပကတိလို နေနိုင်အောင် ကြိုးစားမည်။ သူမ သက်ပြင်းတိုးတိုးလေးတော့ တစ်ချက် ခိုးချမိသည်။

ဆက်ပါဦးမည်။ (ဇာတ်လမ်းက မလိုအပ်ပဲဆွဲသလို ဖြစ်သွားလားမသိဘူး။ ရေးပြီး သိပ်တော့ စိတ်တိုင်းမကျသေးဘူး။နောက်မှ ပြန်ပြင်တော့မယ်။ ခုလက်ညောင်းသွားပီ။ :D စိတ်ရှည်ရှည်ထားပြီး ဖတ်ပေးတဲ့အတွက် ကျေးဇူးပါရှင်။)


Monday, March 16, 2009

မက်ခွင့်မရှိလိုက်တဲ့ အိပ်မက်တစ်စုံ


"မောင်...လာလေ။ ဘာငေးနေတာလဲ။ ဟိုမှာ ဓာတ်ပုံရိုက်ဖို့ ခေါ်နေပြီ။"
လေပြေတို့ ဒီနေ့ မင်္ဂလာပွဲအကြိုဓာတ်ပုံလာရိုက်နေခြင်း ဖြစ်သည်။ မောင်တစ်ယောက် ဒီနေ့ဘာတွေဖြစ်နေလည်းမသိ။ ငေးတိငေးတိုင်နဲ့။ လူနဲ့စိတ်နဲ့ မကပ်သလိုပင်။ ဓာတ်ပုံရိုက်တာလည်း မပြုံးပဲ တည်တည်ကြီးဖြစ်နေလို့ ဓာတ်ပုံဆရာလည်း ပြုံးခိုင်းရတာ မောနေပြီ။ အမြဲတမ်း ပြုံးပြူံးရွှင်ရွှင် တက်တက်ကြွကြွနေတတ်တဲ့ မောင်..တစ်ခုခုတော့ လွဲနေပြီဆိုတာ လေပြေရိပ်မိနေပြီ။ မောင် ဒီရက်ပိုင်း မင်္ဂလာဆောင်အတွက်ရော companyကအလုပ်တွေပါ လုံးပန်းနေရတော့ ပင်ပန်းလွန်းလို့ပဲ ဖြစ်မှာပါ။

ဓာတ်ပုံရိုက်တာလည်း တော်တော်တော့ အချိန်ပေးရသား။ မနက်၉နာရီထဲက စလိုက်တာ အခုညနေ၃နာရီမှပဲ ပြီးတော့တယ်။ ဒါပေမဲ့ လေပြေတစ်ယောက် မမောနိုင်သေး။ မင်္ဂလာခန်းဝင် ပစ္စည်းတွေ မောင်နဲ့ လိုက်ဝယ်ရအုံးမယ်။ လေပြေတို့ ဧည့်ခံပွဲက နောက်လ၂၀ရက်နေ့။ အချိန်က တစ်လခွဲလောက်ပဲ လိုတော့တယ်။ ဒါကြောင့် အလောတကြီးနဲ့ လိုက်လုပ်နေရတာ။ဒါပေမဲ့ အဲ့လိုပင်ပန်းနေရတာကိုပဲ လေပြေက ပျော်နေတာလေ။

လေပြေဓာတ်ပုံရိုက်ပြီးတော့ အ၀တ်အစားပြန်လဲ၊မိတ်ကပ်တွေ ပြန်ဖျက်လုပ်နေတုန်း မောင်က သူကားပေါ်ကပဲ စောင့်နေမယ်တဲ့။ လေပြေလည်း ခပ်သွက်သွက်လေးလုပ်ပြီး ထွက်လာခဲ့တယ်။ လေပြေ ကားပေါ်ရောက်တော့ ကိုယ်တော်ချောက စတီယာရင်ပေါ် ခေါင်းမှောက်ပြီး အိပ်နေလေရဲ့။ သူမလည်း အသာလေးလှုပ်နှိုးလိုက်တယ်။ မောင်ထလာတော့ မောင့်မျက်လုံးတွေကို အမှတ်မထင်ကြည့်မိသွားသည်။ အို.. မောင့်မျက်လုံးတွေ နီပြီး မို့အစ်နေပါလား။ မောင်ငိုထားတာလား။ မဖြစ်နိုင်။ မောင်ငိုတာ လေပြေတစ်ခါမှ မတွေ့ဖူးဘူး။ "မောင့်မျက်လုံးတွေ ဘာဖြစ်နေတာလဲဟင်။ အိပ်ရေးမ၀လို့လား" ကျွန်မမေးလိုက်သည်။ မောင်ပြန်မဖြေပါ။ "လေပြေ..မောင်တို့ နောက်နေ့မှ ပစ္စည်းတွေ သွားဝယ်ရအောင်။ မောင် လေပြေကို အရေးကြီးကိစ္စ ပြောစရာရှိတယ်။ မောင်တို့ အေးအေးဆေးဆေး တစ်နေရာသွားရအောင်။" ကျွန်မမောင့်ကို ကြည့်ပြီး ရင်တွေပူလာသည်။ သို့သော် ဘာမှ ပြန်မပြောဖြစ်။ ခေါင်းအသာငြိမ့်လို့ လိုက်လာခဲ့သည်။

ကန်တော်ကြီးရဲ့ ခုံတန်းလေးတစ်ခု။ အချိန်က ညနေ၄နာရီ။ ရောက်တာ ၁၀မိနစ် ရှိပြီ။ အရေးကြီးကိစ္စ ပြောစရာရှိသည် ဆိုသောမောင် ခုချိန်ထိ စကားတစ်ခွန်းမှ မဟသေး။ လေပြေစိတ်မရှည်တော့။ "မောင်.. ပြောစရာ ရှိတာမြန်မြန်ပြောလေ။ ဘာတွေဖြစ်နေတာလဲကွာ။" မောင်သူမကို စိုက်ကြည့်သည်။
"လေပြေ.. မောင် လေပြေကို သိပ်ချစ်တာ လေပြေသိပါတယ်နော်"
"အော်..မောင်ကလည်း ဘာများလည်းလို့။ သိတယ်လေ။ မောင်က လေပြေကို သိပ်ချစ်သိပ်အလိုလိုက်၊ ဒါကြောင့်လည်း မောင့်ကို တစ်ဘ၀လုံးအတွက် ရွေးချယ်ခဲ့တာပဲဟာကို။"
"မောင်သာ အပြစ်တစ်ခုခုလုပ်မိရင် လေပြေတစ်သက်လုံး မုန်းသွားမှာလားဟင်။"
"မောင်ကလည်း ဘာတွေပြောနေတာလဲ။ မောင် ဘယ်တော့မှ လေပြေစိတ်ဆင်းရဲအောင် မလုပ်ဘူးဆိုတာ လေပြေယုံတယ်။"
"မောင်လေ...မောင် ..လေပြေကို ၀န်ခံစရာတစ်ခုရှိတယ်။ မောင်ကို ခွင့်မလွှတ်ပါနဲ့ လေပြေရယ်။ မောင် တအားမှားခဲ့တယ်ကွာ.. တောက်"
"ဘာကိစ္စလဲမောင်.. မြန်မြန်ပြောပါမောင်ရယ်။ လေပြေ ရင်တွေပူလို့ပါ။"
မောင် သက်ပြင်းရှည် တစ်ချက် ချတယ်။ ပြီးတော့ သူမကို မကြည့်ပဲ ကန်ရေပြင်ကို ကြည့်ရင်း စကားဆက်ပြောတယ်။
"မောင် ပြီးခဲ့တဲ့ အပတ်က သူငယ်ချင်းတစ်ယောက် ဆေးစစ်တာ အဖော်လိုက်သွားပေးတယ် လေပြေ။ သူက HIV သွားစစ်တာ။ သူ့တစ်ယောက်တည်း မသွားချင်ဘူးဆိုတာနဲ့ လိုက်သွားပေးတာ။ ဟိုရောက်တော့ သူက မင်းပါတစ်ခါတည်း စစ်ထားပါလား။စစ်ထားတော့ ပိုကောင်းတာပေါ့ကွာ ဆိုတာနဲ့ မောင်ပါတစ်ခါတည်း စစ်ခဲ့တယ်။ အဖြေက လွန်ခဲ့တဲ့၂ရက်က ရတယ်။ မောင့်သူငယ်ချင်းက NEGATIVE တဲ့။ ဒါပေမဲ့ ....ဒါပေမဲ့..."
မောင့် စကားသံတွေ တုန်နေသည်။ ကျွန်မလည်း ဆက်နားမထောင်ရဲတော့။ မောင်ရယ် ရက်စက်လိုက်တာ။ ကျွန်မအပေါ်လည်း သစ္စာမဲ့မယ်လို့ ဘယ်တုန်းကမှ မထင်ခဲ့မိဘူး။ ဟာ... ရုတ်တရက် သူမထူပူသွားသည်။ သူမနဲ့မောင် လွန်ခဲ့တဲ့ တစ်ပတ်ခန့်က တရားရုံးတွင် လက်မှတ်ထိုးပြီး အကြင်လင်မယားဘ၀ရောက်ခဲ့သည်။ ဧည့်ခံပွဲကတော့ ဟိုဖက်ဆွေမျိုး ဒီဖက်ဆွေမျိုးစောင့်ရင်းနဲ့ နောက်လမှ ကျင်းပဖို့ ဆုံးဖြတ်ခဲ့ကြခြင်းဖြစ်သည်။ ဒါဆို မောင့်မှာ HIV POSITIVE ဆိုတော့ သူမရော???

ဆက်ပါဦးမည်။ ။