Wednesday, September 16, 2009

ဒီတလော ထပ်တလဲလဲနားထောင်မိသောသီချင်းများ





ဒီတလော ကျောင်းစာတွေပိနေတာနဲ့ ဘလော့လေးကိုလည်း လုံးဝ ပစ်ထားမိနေတယ်။ ရေးလက်စလေးတွေတော့အများကြီးပဲ။ ပြီးအောင်ရေးပြီး တင်ဦးမယ်။ အပေါ်က သီချင်း၂ပုဒ်ကို ဒီရက်ပိုင်း အတော်ဓါတ်ကျနေတယ်။ အိမ်မှာနေရင် အဲ့ဒါပဲဖွင့်ထားတာ များတယ်။ တစ်ပုဒ်က နိုင်းဝမ်းဆိုထားတာ။ ကမ္ဘာငယ်လေးတဲ့။ နောက်တစ်ပုဒ်က IMP က ပူစူးဆိုထားတာ။ မင်းစိတ်တိုင်းကျ တဲ့။ စာသားတွေလည်း ထိတယ်။ နားလည်းစွဲလို့ နားထောင်မိနေတာဖြစ်မယ်။ :)



Thursday, August 6, 2009

သြဂုတ်လ ၇ရက်


အသက်တော့ တစ်နှစ်ကြီးသွားပြန်ပြီ။ မွေးနေ့နဲ့ ပတ်သက်ပြီး တစ်ခုခုရေးချင်တယ်။ မနက်ဖြန်ကျမှပဲရေးတော့မယ်။

Tuesday, July 28, 2009

အလောင်းအစား ၂

ကျွန်တော် အလောင်းကို ကျောပေးထိုင်ရင်း ပြတင်းပေါက်ဖက်မျက်နှာမူကာ ဟိုဟိုဒီဒီအတွေးနယ်ချဲ့မိသည်။ ကျောင်းကိစ္စ အိမ်ကိစ္စ သူငယ်ချင်းကိစ္စ အစရှိသဖြင့် တောင်တွေးမြောက်တွေး လျှောက်စဉ်းစားနေမိတယ်။ ကျွန်တော်က ပြတင်းပေါက်ဖက်ကို မျက်နှာမူထားတယ်ဆိုပေမဲ့ အလောင်းရဲ့ ခေါင်းနဲ့ ခြေထောက်ဖက်ကို မျက်လုံးထောင့်နားကတော့ မြင်ရတယ်။ အလောင်းက ပိတ်ဖြူအုပ်ထားတာဆိုတော့ အမှောင်ထဲမှာ အတန်ငယ်မြင်ရတယ်။ ရုတ်တရက် ကျွန်တော့်မျက်စိထောင့်က အလောင်းရဲ့ ခြေထောက်ဖက်က တစ်ချက်လှုပ်သွားတာကို မြင်လိုက်ရသလို ခံစားလိုက်ရတယ်။ ရင်တစ်ချက်တုန်သွားတယ်။ သေချာအောင် နောက်ပြန်လှည့်ကြည့်မိတယ်။ အလောင်းက ခုနက ပုံစံအတိုင်းပဲ ဘာမှ မထူးခြား။ သူစိတ်ထင်တာ ဖြစ်မည်ဟု ထင်၏။ ဒါပေမဲ့ အလောင်းကို ကျောပေးပြီး မထိုင်ချင်တော့။ ကျောမလုံသလို ခံစားရတယ်။ ဒါနဲ့ ကျွန်တော် သံမံတလင်းပေါ်ဆင်းထိုင်တယ်။ ပြတင်းပေါက်ရှိတဲ့ နံရံကို ကျောမှီပြီးတော့ပေါ့။ အဲ့တော့ ကျွန်တော့်အနေအထားက အလောင်းကို ထိုင်ကြည့်နေသလို ဖြစ်သွားတယ်။ ကျွန်တော် အချိန်ကို ကြည့်လိုက်တော့ ၉နာရီကျော်လောက်ရှိသွားပြီ။ ကျွန်တော်လေ ဒီအလောင်းအစားလုပ်မိတာ နည်းနည်းတော့ နောင်တရလာတယ်။ ဖြစ်နိုင်ရင် သူတို့ကို လောင်းကြေးငွေ လျော်ပြီး ကျွန်တော် အိမ်ပြန်လိုက်ချင်တယ်။ အလောင်းကို ကြောက်တာမဟုတ်ပေမဲ့ စိတ်ထဲကတော့ တစ်ယောက်တည်းမို့လို့လား မသိဘူး။ နည်းနည်းခြောက်ခြားလာသလိုပဲ။ ဒါပေမဲ့ ကျွန်တော့်သူငယ်ချင်းတွေကို ပြန်လာခေါ်ခိုင်းရအောင် ဖုန်းလည်းမရှိ။ လှမ်းအော်လို့လည်း မရ။ မနက်မိုးလင်းတဲ့ထိ စောင့်ဖို့က လွဲရင် ကျွန်တော်မှာ တခြားရွေးချယ်စရာမရှိဘူး။

ကျွန်တော်လည်း အခန်းထောင့်လေးမှာ ဒူးနှစ်ချောင်းထောင်ပြီး ခဏမှေးနေလိုက်တယ်။ ကျွန်တော့်မျက်လုံးတွေ နည်းနည်းစင်းလာတယ်။ ဒါပေမဲ့ အိပ်တော့မအိပ်ချင်သေးဘူး။ရုတ်တရက် ဖယောင်းတိုင်ကို သတိရသွားတယ်။ မအိပ်ခင်လေး ဖယောင်းတိုင်လေးထွန်းလိုက်ဦးမယ်ပေါ့။ ဖယောင်းတိုင်က တစ်နာရီခံတယ်ဆိုတော့ အဲ့အချိန်လောက်ဆို ကျွန်တော်လည်း အိပ်ချင်လောက်ပြီ။ အိပ်သွားရင် ဘာမှ သိတော့မှာ မဟုတ်ဘူး။ မနက်နိုးလာရင် ဟိုကောင်တွေ တံခါးလာဖွင့်တာနဲ့ အတော်ပဲဆိုပြီး ဖယောင်းတိုင်ညှိလိုက်တယ်။ဒါပေမဲ့ ဖယောင်းတိုင်က ချက်ချင်းမီးမတောက်ဘူး။ ဖယောင်းတွေက ရှဲကနဲ မြည်ပြီး မီးပြန်သေသွားတယ်။ ကျွန်တော်ကလည်း မီးခြစ်ဆံငြိမ်းလိုက်ပြီဆိုတော့ စိတ်နည်းနည်းတိုသွားတယ်။ နောက်တစ်ဆံထက်ညှိရတယ်။ မီးခြစ်ဆံက ၂ဆံပဲကျန်တော့တယ်။ မီးထွန်းလိုက်တော့ တခန်းလုံးကို သေချာမြင်ရတယ်။ ကျွန်တော့်ကြောက်စိတ်လည်း နည်းနည်းပျောက်သလောက် ဖြစ်သွားတယ်။ ဖယောင်းတိုင်ကို ကျွန်တော်က ခုတင်ခြေရင်း သံတိုင်ပေါ်မှာ ဖယောင်းအစက်လေး ချပြီး ထွန်းထားတယ်။ ပြီးတော့ ခုတင်ကို မှီုပြီး ကျွန်တော်ထိုင်နေလိုက်တယ်။ ကျွန်တော်ဆေးလိပ်သောက်ချင်လာတယ်။ မီးခြစ်ဆံတစ်ဆံယူပြီး မီးညှိလိုက်တယ်။ ကျွန်တော့်မှာ နောက်ဆုံးမီးခြစ်ဆံပဲ ကျန်တော့တယ်။ အမှန်တော့ ကျွန်တော်နည်းနည်းစိတ်ထွေပြီး မေ့သွားတာ။ ဆေးလိပ်ကို ဖယောင်းတိုင်မီးနဲ့ညှိလို့ရတာပဲ။ မီးခြစ်ဆံမှ မလိုတာ။ အလကား တစ်ချောင်းကုန်သွားတယ်။ ဆေးလိပ်ကုန်ပြီး သိပ်မကြာခင်မှာ ဖယောင်းတိုင်လည်း ကုန်သွားတယ်။ ကျွန်တော်လည်း နည်းနည်းအိပ်ချင်လာပြီ။ အချိန်က ၁၀နာရီကျော်။ ဒါနဲ့ အိပ်ဖို့ဆုံးဖြတ်လိုက်တယ်။

အိပ်ဖို့ကျတော့ သံမံတလင်းမှာအိပ်လို့ ဘယ်လိုမှ အဆင်မပြေဘူး။ လေဖြတ်သွားနိုင်တယ်။ တစ်နည်းပဲရရှိတယ်။ အလောင်းကို ဟိုဖက်နည်းနည်းထပ်တိုးပြီး သူ့ဘေးနားဝင်အိပ်မှပဲရမှာ။ ဒါနဲ့ ကျွန်တော်အလောင်းကို ဖြည်းဖြည်းလေးတွန်းလိုက်တယ်။ ပြီးတော့ သူ့ဘေးနားမှာ အသာလေးဝင်လှဲနေလိုက်တယ်။ သူ့ခေါင်းကိုလည်း နည်းနည်းဟိုဖက်တိုးပြီး ခေါင်းအုံးပဲ အုံးလိုက်တယ်။ ကျွန်တော်က ခါတိုင်းအိပ်ရင် တစောင်းအိပ်လေ့ရှိတယ်။ ဒါပေမဲ့ အခုအနေအထားက တစောင်းစောင်းမယ်ဆို အလောင်းနဲ့ မျက်နှာချင်းဆိုင်ရင်ဆိုင် ဒါမှ မဟုတ် ကျောပေးမှပဲရမယ်။ အဲ့လိုမျိုးကြီးတော့ မအိပ်ချင်ဘူး။ ဒါနဲ့ ပက်လက်ကလေး လှဲနေလိုက်တယ်။ အိပ်နေကျ ပုံစံမဟုတ်တော့ အချိန်တော်တော်ကြီး ကြာသွားတာတောင် အိပ်မပျော်ဘူး။ ဒီကြားထဲ ပက်လက်ပဲ နေရတော့ ကျောနဲ့ ခေါင်းက ပူလာတယ်။ အချိန်က ၁၂နာရီလောက်တော့ရှိပြီ။ အိပ်မပျော်တော့ ပေါက်ကရလျှောက်စဉ်းစားမိတယ်။ အလောင်းက ယောက်ျားလား မိန်းမလားပေါ့။ ကျွန်တော်က မိန်းမသရဲက ပိုကြောက်ဖို့ကောင်းမယ်ထင်တယ်။ ရုပ်ရှင်တွေထဲမှာ ဆံပင်ဖားလားကြီးတွေနဲ့ဆိုတော့။ ယောကျာ်းအလောင်းဆိုရင်တော့ အိုကေတယ်။ ဒါနဲ့ အလောင်းက ယောက်ျားမိန်းမကြည့်ရအောင် နောက်ဆုံး မီးခြစ်ဆံကိုလည်းထုတ်မသုံးချင်ဘူး။ အရေးပေါ်သုံးဖို့ မရှိမှာစိုးလို့။ ဒါနဲ့ အကြံတစ်ခုရသွားတယ်။ အလောင်းရဲ့ မျက်နှာကို စမ်းကြည့်မယ်ပေါ့။ ဟိုကောင်တွေပြောတာ အလောင်းက လတ်လတ်ဆတ်ဆတ်ဆိုတော့ အကယ်လို့ ယောကျာ်းအလောင်းသာဆိုရင် နှုတ်ခမ်းမွှေး မုတ်ဆိတ်မွှေးတော့ ရှိမှာပဲ။ ကျွန်တော် ပိတ်ဖြူလေးကို အသာလှန်လိုက်တယ်။ မျက်နှာကို စမ်းကြည့်တော့ တကယ်ပဲ နှုတ်ခမ်းမွှေးတွေရှိနေတယ်။ ဆံပင်ကလည်း ဘိုကေနဲ့။ သေချာပါပြီ ယောက်ျားအလောင်းဆိုတာ။ စိတ်နည်းနည်းအေးသွားသည်။

ကျွန်တော် ကျောသိပ်ပူလာတာနဲ့ အလောင်းဖက်တစ်ချက်စောင်းပြီး ကျောပူသက်သာအောင် နေလိုက်တယ်။ ခေါင်းအုံးက အိကျသွားလို့ထင်တယ်။ အလောင်းရဲ့ခေါင်းက ကျွန်တော့်မျက်နှာပေါ်ကျလာတယ်။ ကျွန်တော်လန့်ပြီး ထရပ်မိတယ်။ စိတ်ထဲမှာ အလောင်းက လှုပ်သွားသလို ခံစားမိပြန်တယ်။ နောက်ဆုံး ကျန်နေတဲ့ မီးခြစ်တစ်ဆံကို ညှိပြီး ကျွန်တော်ရပ်နေမိတယ်။ မီးဆံလေးက စက္ကန့်ပိုင်းအတွင်းကုန်သွားတယ်။ ကျွန်တော်လည်း စိတ်ညစ်ညစ်နဲ့ ခုတင်ကို ကျောမှီပြီးထိုင်လိုက်တယ်။ ရုတ်တရက် မွေ့ယာက အိကနဲ ဖြစ်သွားတယ်။ ကျွန်တော် ကြက်သီးဖြန်းဖြန်းထသွားတယ်။ လုံးဝ နောက်လှည့်မကြည့်ဘူး။ အားးးး လက်အေးကြီးတစ်ခု သူ့မျက်နှာကို လာစမ်းမိတဲ့ အခိုက် သူဘာမှ မသိတော့ပဲ လောကကြီးနဲ့ အဆက်ပြတ်သွားတော့တယ်။

****************************************************************************
မနက် ဇော်ဇော်တံခါးလာဖွင့်တော့ အောင်အောင်က ခုတင်ခြေရင်းမှာ မေ့လျက်သား။ အောင်အောင်ကို ဆေးရုံပို့လိုက်ကြတယ်။ ၂နာရီလောက် ကြာတော့ အောင်အောင် ပြန်သတိရလာတယ်။ အောင်အောင်ကို ဆေးရုံပို့တဲ့ အချိန်မှာ မောင်မောင်တစ်ယောက် ရုတ်တရက်နှလုံးရပ်ပြီး ဆုံးပြီ ဆိုတာ ဆရာဝန်တွေ မှတ်ချက်ချလိုက်တယ်။ ရှုပ်သွားပြီထင်တယ်။ အားလုံးသတိထားမိလား။ ဇာတ်လမ်းအစထဲက အလောင်းအစားကိစ္စမှာ အောင်အောင့်ကို ဇော်ဇော်ပဲ အားလုံးရှင်းပြပြီး လိုက်ပြင်ဆင်ပေးတာ။ မောင်မောင်က ပျောက်နေတယ်။ အမှန်တော့ အခန်းထဲက အလောင်းကောင်က တကယ့်အလောင်းကောင်မဟုတ်ဘူး။ မောင်မောင့်ကို အိပ်ဆေးထိုးပြီး အိပ်ခိုင်းထားတာ။ သူတို့လို ဆေးကျောင်းသားတွေ အနေနဲ့ ဒီလို အလောင်းခိုးထုတ်ဖို့ဆိုတာ ဖြစ်မှ မဖြစ်နိုင်တာ။ အဲ့တော့ မောင်မောင်နဲ့ ဇော်ဇော် မဲနှိုက်ပြီး အလောင်းကောင်အဖြစ် တစ်ညအိပ်ဆေးနဲ့ အိပ်ဖို့ သဘောတူထားတယ်။ ဖြစ်ချင်တော့ အဲ့နေ့ညက အိပ်ဆေးက စောစောပြယ်ပြီး မောင်မောင်က နိုးလာတယ်။ ရုတ်တရက်နိုးလာတဲ့ အချိန် အမှောင်ထဲမှာဆိုတော့ အလောင်းအစားကိစ္စကို မေ့ပြီး အိပ်ရာက ထထိုင်ပြီး ဘေးဘီဝဲယာကို လျှောက်စမ်းမိတယ်။ အဲ့မှာ အောင်အောင်ကို စမ်းမိတာပဲ။ အောင်အောင် သတိလစ်ပြီး လဲကျသွားတာကို မောင်မောင်က အကြောက်လွန်ပြီး သေသွားတယ်လို့ ထင်သွားတယ်။ အနားကပ်ပြီးလည်း မစမ်းသပ်ရဲဘူး။ သူ့အနေနဲ့ နဂိုထဲက သရဲကို သေအောင်ကြောက်ပါတယ်ဆိုမှ အခု လောလောလတ်လတ်အသက်ထွက်သွားတဲ့ သူငယ်ချင်းအလောင်းနဲ့ အမှောင်ထဲမှာ နေရတော့ အကြောက်လွန်ပြီး နှလုံးရပ်သွားတာပဲ။ အလောင်းယောင်ဆောင်ရာကနေ တကယ့်အလောင်းဖြစ်သွားတယ်။

***********************************************************************
ဒီအဖြစ်အပျက်လေးက တကယ့်အဖြစ်အပျက်လို့ ပြောပါတယ်။ ကြားဖူးသူတွေလည်း ရှိမှာပါ။ အရင်က ဆေးကျောင်း ၂ရဲ့ ကျောင်းသားသစ်ကြိုဆိုပွဲတွေမှာ အဲ့ဇာတ်လမ်းလေးတွေကို ပုံနှိပ်ပြီး ဝေကြတယ်လို့လည်း ပြောကြပါတယ်။ ကျွန်မရေးထားတဲ့ ဇာတ်လမ်းက မူရင်းဇာတ်လမ်းနဲ့ နည်းနည်းပါးပါးတော့ လွဲနိုင်ပါတယ်။ ကျွန်မမှတ်မိသလောက် ပြန်ရေးထားတာကြောင့်ပါ။ အားလုံးဖတ်ပြီးတဲ့အခါမှာ ရင်ထဲတစ်ခုခုကျန်ခဲ့မယ် ကွန်မန့်လေးများထားခဲ့မယ်ဆိုရင် ကျွန်မလက်ညောင်းရကျိုးနပ်ပါပြီ။ ။

ပြီးပါပြီ။ ။


Saturday, July 25, 2009

အလောင်းအစား

ဘာတွေတုန်းတစ်ယောက် ဒီရက်ပိုင်း ဘလော့ဖက်ကို သိပ်ခြေဦးမလှည့်ဖြစ်ပါဘူး။ အကြောင်းကတော့ ဓါတ်ပုံရိုက်တဲ့ဖက် ခြေဦးလှည့်သွားလို့။ :D
ဒါလေးကတော့ ရိုက်ဖြစ်တဲ့ ဓါတ်ပုံတွေထဲက တစ်ပုံပါ။ တခြားပုံတွေကတော့ ဓါတ်ပုံဘလော့လေးသက်သက် လုပ်ပြီးမှ တင်မလားလို့ စဉ်းစားထားတယ်။

ကဲရေးချင်တာက သရဲကြောက်မကြောက် အလောင်းအစားလုပ်ကြတဲ့ ဆေးကျောင်းသား၃ယောက်အကြောင်း။ ဓါတ်ပုံအကြောင်း အင်ထရိုလုပ်တာလေး ခဏရပ်ပြီး ဇာတ်လမ်းစပါတော့မယ်။ ကျောင်းက စီနီယာတစ်ယောက်ပြောပြဖူးတာကို မှတ်မိသလောက်လေး ပြန်ချရေးထားတာပါ။

*************************************************************************************
တစ်ခါက ဆေးတက္ကသိုလ် ၂မှာ သူငယ်ချင်း ၃ယောက်ရှိသတဲ့။ အဲ့၃ယောက်မှာ တစ်ယောက်က သရဲတအားကြောက်တယ်။ တစ်ယောက်ကတော့ ကြောက်တယ်လည်းမဟုတ် မကြောက်ဖူးလဲမဟုတ်တဲ့ neutral ပေါ့။ နောက်ဆုံးတစ်ယောက်ကတော့ လုံးဝ သရဲကို အယုံအကြည်မရှိဘူးတဲ့။သူတို့ နာမည်ကို မောင်မောင် ရယ် ဇော်ဇော်ရယ် အောင်အောင်ရယ် ထားပါတော့။ အောင်အောင်က တခြားသူငယ်ချင်း ၂ယောက်က သရဲအကြောင်းပြောတဲ့အခါမျိုးတိုင်းမှာ "မင်းတို့ကကွာ ဒီခေတ်ကြီးထဲမှာ ဒါမျိုးတွေ ကြောက်နေရသေးတယ်။ အလကား အဓိပ္ပာယ်မရှိတာတွေ။ ငါတော့ ရှိတာလည်း မယုံဘူး။ လုံးဝလည်း မကြောက်ဘူး။" အဲ့လိုမျိုးပြောလေ့ရှိတယ်။ အဲ့စကားကို ကြားဖန်များလာတော့ ကြာတော့ ဟို၂ယောက်လည်း အမြင်ကပ်လာတယ်။
တစ်နေ့ကျတော့ သူတို့ ၃ယောက် အဲ့ကိစ္စနဲ့ ပတ်သက်ပြီး အလောင်းအစားတစ်ခုလုပ်ကြတယ်။ ဘယ်လို အလောင်းအစားမျိုးလည်းဆိုတော့ အောင်အောင်ကို "မင်း သရဲလုံးဝမကြောက်တတ်ဘူးဆိုရင် အခန်းလေးတစ်ခုထဲမှာ အလောင်းကောင်တစ်ခုရယ် မင်းတစ်ယောက်တည်းရယ် တစ်ညလုံးနေနိုင်လား။ မင်းကို ငါတို့ အခန်းထဲမှာ သော့ခတ်ထားမယ်။ ငါတို့ မနက်မိုးလင်းလို့ တံခါးလာဖွင့်တဲ့ အချိန်မှာ မင်းက မတုန်မလှုပ် အေးအေးဆေးဆေးရှိနေသေးတယ်ဆိုရင် မင်းနိုင်တယ်။ မင်းကို ငါတို့၂ယောက် လောင်းကြေးငွေ ၂သောင်းပေးမယ်။ (အဲ့ဒီခေတ်တုန်းက ငွေ၂သောင်းဆိုတာ တော်တော်များတယ်တဲ့)"။ အောင်အောင်ကလည်း "အိုကေ စိမ်လိုက်လေ။ ငါ့ဖက်က ready ပဲ။ မင်းတို့သာ ငါ့ကို ပေးဖို့ ပိုက်ဆံ အဆင်သင့်ပြင်ထား" တဲ့။ ဒါနဲ့ သူတို့ အလောင်းအစားလုပ်ဖြစ်သွားတယ်.။

သူတို့ အလောင်းအစားရဲ့ စည်းကမ်းချက်တွေက အခန်းထဲမှာ ခုတင်တစ်လုံးထားမယ်။ အဲ့ကုတင်ပေါ်မှာ အလောင်းကို ပိတ်ဖြူအုပ်ပြီး တင်ထားမယ်။ ဆေးကျောင်းက အလောင်းထားတဲ့ အခန်းကိုစောင့်တဲ့လူကို ပေါင်းပြီးတော့ လတ်လတ်ဆတ်ဆတ်အလောင်းတစ်ခုကို တစ်ညလောက် ခိုးထုတ်လာမယ်။ ပြီးရင် ည၆နာရီမှာ တံခါးစပိတ်မယ်။ မနက် ၆နာရီတံခါး လာဖွင့်ပေးမယ်။ မီးကို အပြင်က မိန်းswitch ချသွားမယ်။ ဆက်သွယ်ရေးပစ္စည်းတွေ မယူရဘူး။ လိုအပ်တဲ့ ပစ္စည်းအချို့တောင်းနိုင်တယ်။

အောင်အောင်က ဆေးလိပ်သမားဆိုတော့ ဆေးလိပ်တစ်ဗူးတောင်းတယ်။ ပြီးတော့ မီးခြစ်။ ဒါပေမဲ့ ဇော်ဇော်က ဂတ်စ်မီးခြစ်မပေးဘူး။ မီးခြစ်ဆံ ၅ချောင်းပေးတယ်။ ပြီးတော့ ၁နာရီစာခံတဲ့ ဖယောင်းတိုင်တစ်ချောင်း။ နောက်ပြီးတော့ ရေတစ်ဘူး။

အဲ့ဒီ အလောင်းအစားလုပ်မဲ့နေ့ နေ့လည် ၃နာရီလောက်ထဲက အဲ့အခန်းကို ဇော်ဇော်က အောင်အောင်ကို လိုက်ပြတယ်။ အလောင်းကို ဘယ်လိုပုံစံထားမယ် ဘယ်နေရာမှာ ဘာပစ္စည်းထားမယ် အစရှိသဖြင့်ပေါ့။ ဒီနေရာမှာ အခန်းရဲ့အနေအထားကို ပြောပြဖို့လိုလာပြီ။ အခန်းက ၁၀ပေပတ်လည်အခန်း။ ဘေးပတ်ဝန်းကျင်အခန်းတွေမှာလည်း လူမရှိဘူး။ ဒီအခန်းကျဉ်းလေးထဲမှာ ပြတင်းပေါက်တစ်ပေါက်ရယ် တံခါးတစ်ချပ်ရယ်ပဲ ပါတယ်။ ပြတင်းပေါက်က တရုတ်ကပ်မှန်နဲ့ဆိုတော့ နည်းနည်းပဲ ဖွင့်လို့ရတယ်။ လေဖွင့်လေထွက်ရရုံလေးပဲပေါ့။ အခန်းမှာ ပရိဘောဂဆိုလို့ ဆေးရုံတွေမှာ ထားတဲ့ အဖြူရောင် သံကုတင်တစ်လုံးပဲရှိမယ်။ အဲ့ဒီကုတင်က ၇ပေလောက် ရှည်တယ်ဆိုတော့ သူတို့ အလျားလိုက်ထားမဲ့အစား ထောင့်ဖြတ်(diagonally) ထားဖို့ ဆုံးဖြတ်လိုက်တယ်။ အဲ့လို ထားလိုက်ရင် အောင်အောင်အတွက် နေစရာက ထောင့်၂ခု တြိဂံပုံစံလေးပဲ ကျန်မယ်။ ထောင့်တစ်ခုက တံခါးဖက်။ နောက်တစ်ခုက ပြတင်းပေါက်ဖက်။ အဲ့တော့ အကယ်လို့ အောင်အောင်သာ ပြတင်းပေါက်ဖက်သွားချင်တယ် ဆိုရင် အလောင်းကောင်ကို ကျော်ခွသွားရမယ်။

ကဲခုနဇာတ်လမ်းလေး ပြန်ဆက်မယ်။ ဇော်ဇော်က အောင်အောင့်ကို စည်းကမ်းချက်တွေ အသေးစိတ်ပြောပြီးတော့ အလောင်းသွားယူမယ်ဆိုပြီး ထွက်သွားတယ်။ ၅နာရီခွဲမှာ အဲ့နေရာ ပြန်ဆုံဖို့ချိန်းထားတယ်။ ဒီလိုနဲ့ အောင်အောင် ၅နာရီခွဲလောက် အခန်းကို ပြန်ရောက်တဲ့အချိန်မှာ ကုတင်ပေါ်ကို အလောင်းကောင်က ရောက်နေပြီ။ ပိတ်ဖြူပါးလေး အုပ်ထားတယ်။ အလောင်းက ယောက်ျားလား မိန်းမလားတော့ မမြင်ရဘူး။ အောင်အောင်ကလည်း စိတ်မ၀င်စားဘူး။ သူ့အနေနဲ့ ဒါဟာ သူတို့ practical အနေနဲ့ စမ်းသပ်အသုံးပြုတဲ့ အသက်မဲ့ခန္ဓာတစ်ခုလိုပဲ သဘောထားတယ်။ ဒီလိုနဲ့ ညနေ၆နာရီဆိုတဲ့ အချိန်က ရောက်လာတယ်။ ဇော်ဇော်က "ကဲ ငါသွားပြီကွာ ။ မင်းတောင်းဆိုထားတဲ့ပစ္စည်းတွေနဲ့ လိုအပ်မယ်ထင်တာတွေ ငါ ဟိုစင်ပေါ်မှာ အကုန်တင်ထားခဲ့တယ်။ ငါမနက် ၆နာရီ ပြန်လာခဲ့မယ်။ မင်းကံကောင်းပါစေကွာ။" ဆိုပြီး ထွက်သွားတယ်။
ဒီနေရာက စပြီး အောင်အောင်အနေနဲ့ ကိုယ်တိုင်ပြောပြတဲ့ ပုံစံမျိုးနဲ့ ရေးသွားပါရစေ။

**************************************************
ကျွန်တော် တစ္ဆေသရဲလုံးဝ အယုံအကြည်မရှိပါဘူး။ အဲ့အကြောင်းပြောတဲ့လူတွေကိုလည်း လုံးဝ ကြည့်လို့မရဘူး။ ကျွန်တော့်ကို ဒီကိစ္စနဲ့ ပတ်သက်ပြီး အစွန်းရောက်တယ်ပဲပြောပြော ပြောကြပါစေ။ ဒါပေမဲ့ဗျာ ကျွန်တော့်အခင်ဆုံးသူငယ်ချင်း၂ယောက်က ဒါတွေကို သိပ်ယုံတယ်။ သရဲဆိုတာ တကယ်မရှိဘူးဆိုတာ သူတို့နားလည်စေချင်လို့ သူတို့ ကျွန်တော့်ကို အပျော်တမ်း အလောင်းအစားတစ်ခုလုပ်ဖို့ ပြောခဲ့တာ လက်ခံမိတယ်။ အကယ်လို့ ဒီအလောင်းအစားဟာ ပျော်စရာတစ်ခုမဟုတ်ခဲ့ဘူး ဆိုတာ ကြိုသိခဲ့ရင်လေ...

ဇော်ဇော်က ၆နာရီထိုးတော့ တံခါးကို ပိတ်ပြီး အပြင်က သော့ပိတ်သွားတယ်။ ဘယ်တော့မှ အကြောက်အလန့်မရှိတဲ့ ကျွန်တော် .. သူသော့ခတ်တဲ့အသံကို ကြားလိုက်တဲ့အချိန်မှာ ဘာရယ်မဟုတ် ကြက်သီးနည်းနည်းထမိသွားတာ ၀န်ခံပါတယ်။ ခေါင်းထဲမှာ ငါတစ်ယောက်တည်း ဒီအခန်းထဲမှာ ကျန်ခဲ့ပြီ အရေးအကြောင်းကြုံရင်လည်း ဘယ်လိုမှ ထွက်လို့မရဘူး ဆိုတဲ့ အသိတစ်ချက်ဝင်လာလို့ ဖြစ်ပါလိမ့်မယ်။ ဒါပေမဲ့ အဲ့စိုးရိမ်စိတ်ကို ကျွန်တော်လွယ်လွယ်ကူကူပဲ ဖျောက်နိုင်ခဲ့ပါတယ်။ ဇော်ဇော်ထွက်သွားပြီး ခဏကြာတော့ ကျွန်တော် ပြတင်းပေါက်ဖက်ကို ကူးလာခဲ့တယ်။ ခံတွင်းချဉ်လာတာနဲ့ စင်ပေါ်မှာ တင်ထားတဲ့ စီးကရက်တစ်လိပ်နဲ့ မီးခြစ်ဆံတစ်ဆံယူလိုက်တယ်။ မီးခြစ်ဆံ ၄ချောင်းပဲ ကျန်တော့တယ်။ ပြီးတော့ ကျွန်တော် ပြတင်းပေါက်အောက်က ကားတွေ သွားနေတာကို ငုံ့ကြည့်ရင်း စီးကရက်လေးတဖွာဖွာနဲ့ ဟိုဟိုဒီဒီ လျှောက်တွေးနေမိတယ်။ ၇နာရီကျော်လောက်လည်းကြရော အပြင်မှာလည်း မှောင်စပျိုးနေပြီ။ လက်ထဲက စီးကရက်လည်း ကုန်ပြီ။ ခြေထောက်လည်း နည်းနည်းညောင်းလာတာနဲ့ ထိုင်ဖို့ နေရာတစ်ချက်လှည့်ကြည့်လိုက်တယ်။ အခန်းထဲမှာ ခုံမရှိဘူး။ ကျွန်တော်လည်း အောက်သံမံတလင်းမှာ မထိုင်ချင်တာနဲ့ အလောင်းကို ဟိုဖက်နည်းနည်းတိုးပြီး အလောင်းရဲ့ ခါးနေရာလောက်မှာ ကျောပေးပြီး ထိုင်လိုက်တယ်။

(ဆက်ပါဦးမည်....)


Sunday, July 5, 2009

နင်


နင်က ငါ့အတွက် လက်ဖက်ရည်(လဘ္ဘရည်)တစ်ခွက်နဲ့ တူတယ်
ငါနဲ့ မတည့်လို့ မသောက်သင့်မှန်းသိတယ်
သောက်ရင် လေအောင့်မယ်
ညအိပ်မပျော်ဘူး
အခန့်မသင့်ရင် အန်မယ်။ ။
ဒါပေမဲ့လည်း ခုချိန်ထိ ငါလဘ္ဘရည်ကို
စွဲစွဲမြဲမြဲကြိုက်နေတုန်းပဲ။
သူများတွေ ကော်ဖီဘယ်လိုကောင်းတယ် ပြောပြော
ငါ့စိတ်ထဲမှာတော့ ဘယ်လိုမှ လဘ္ဘရည်ကို မယှဉ်နိုင်ဘူးလို့ထင်တယ်။ ။

နင်က ငါ့အတွက် ဒိုင်ယာရီစာအုပ်တစ်အုပ်နဲ့ တူခဲ့တယ်
ငါပျော်စရာတွေ ရှိလည်း ဝေမျှလို့ ရတယ်
ဝမ်းနည်းစရာတွေ ရှိလည်း စိတ်ထွက်ပေါက်တစ်ခုလိုနေပေးတယ်
ငါ့အတွက် ဒီဒိုင်ယာရီဟာ မရှိလို့ မဖြစ်သလို နင်လည်း....။ ။

နင်ဟာ နွံတစ်ခုနဲ့ တူတယ်
နင်နဲ့ ဝေးရာကို လွတ်မြောက်ဖို့ ကြိုးစားတိုင်း
ပိုပိုလို့ နစ်လာတယ်။ ။

နင်ဟာ အိပ်မက်တစ်ခုနဲ့တူတယ်
အိပ်မက်က လန့်နိုးလာရင် အိပ်မက်ထဲက အရာတွေက ပျောက်ကွယ်သွားသလို
နင်ပေးတဲ့ ပျော်ရွှင်မှုတွေကလည်း
အချိန်တစ်ခုရောက်တိုင်း ပျောက်ကွယ်သွားတာချည်းပဲ
တစ်ခါတစ်လေဆုတောင်းနေမိခဲ့တယ်
အိပ်ရာကနေ မနိုးလာပါနဲ့ဦးလို့
အိပ်မက်တွေ ဆက်မက်ချင်သေးခဲ့တာကိုး။ ။

နင်က တိမ်တစ်တိုက်နဲ့တူတယ်
ဘယ်တော့မှ ဖမ်းဆုပ်ထားလို့ မရဘူး
နင်လွင့်ချင်ရာကို လွင့်တယ်
လိုအပ်ချိန်တွေ ငါ့အနားရှိပါစေလို့ မျှော်လင့်တိုင်း
တစ်နေ့တစ်ခြား ငါနဲ့ ပိုပိုဝေးလာသလိုပဲ။ ။

နင့်အပူတွေကို ဝေမျှချင်တိုင်းလည်း
အရင်ကလို ဝေမျှခွင့် မရခဲ့သလို
တစ်နေ့ထက် တစ်နေ့နားလည်ရခက်လာတယ်။
တောင်းပန်ပါတယ်
နင်ချန်ထားတဲ့အချိန်တိုင်း ရူးချင်နေခဲ့တဲ့ငါ
အိပ်မက်တွေ ဆက်မက်ခွင့်မပေးပါနဲ့တော့
ဖြစ်နိုင်ရင် နင့်ရဲ့ အချစ်တွေနဲ့
ချည်နှောင်ထားတာတွေ ရပ်လိုက်ပါတော့။ ။

p.s။ ။ သီချင်းတွေ နားထောင်ပြီး ရေးထားခြင်းဖြစ်သောကြောင့် ဟိုရောက်ဒီရောက် ဖြစ်နေခြင်း သီချင်းစာသားအချို့နဲ့ ခပ်ဆင်ဆင်တူနေခြင်းတို့ကို သည်းခံကြပါကုန်။ ။ =D


Wednesday, June 10, 2009

ဝါးတီး

ကျွန်မလည်း ဒီဘလော့လေးကို ပစ်ထားမိတာ တစ်လတောင် ကျော်သွားပြီ။ လာလည်တဲ့လူတွေကိုလည်း ပြန်မနှုတ်ဆက်နိုင်။ လာမန့်တဲ့လူတွေကိုလည်း ပြန်ရီပလိုင်းမလုပ်မိနဲ့။ အကြောင်းရင်းကတော့ ဒီရက်ပိုင်း ဘာတွေအလုပ်ရှုပ်လို့ ရှုပ်နေမှန်းမသိအောင် ရှုပ်နေလို့ပါ။ (ရှင်းပြမှ ပိုရှုပ်သွားသလိုပဲ =D ) အမှန်တော့ အလုပ်ချိန်တွေက ကိုးလို့ကန့်လန့်ဖြစ်နေတာရယ် ပြီးခဲ့တဲ့လက ဘွဲ့ယူဖို့ ပြင်ဆင်တာရယ် အိမ်ကမိသားစုအလည်လာရင် နေဖို့ စီစဉ်ရတာတွေနဲ့ လုံးလည်ချာလိုက်နေလို့ပါ။ ။

ဒီတစ်ခါ ကျွန်မဘွဲ့နေ့အတွက် အဖေ အမေနဲ့ မောင်လေးတို့ လာကြတယ်။ ကျွန်မနေတဲ့အိမ်မှာ လာနေဖို့က မဖြစ်နိုင်တော့ အိမ်အသည်းအသန်ရှာရတယ်။ အစကတော့ အခန်းကျယ်တစ်ခန်းပဲ ငှားပြီးနေမယ်ပေါ့။ နောက်တော့ အကြံတစ်ခုရသွားတယ်။ တစ်အိမ်လုံးငှားပြီးနေမယ်။ မီးဖိုချောင်ပါသုံးလို့ရတဲ့အိမ်ရှာမယ်။ အမေလာရင် အမေ့လက်ရာလေးတွေ ချက်ကျွေးခိုင်းမယ်ဆိုပြီး။ အကြံပိုင်တယ်ဟုတ်?

နောက်ဆုံးတော့ Bukit Batok မှာငှားဖြစ်သွားတယ်။ ဈေးမဆစ်တတ်လို့ နည်းနည်းများသွားတာကလွဲရင် အားလုံးအဆင်ပြေပါတယ်။ မီးဖိုချောင်ဆို အိုးခွက်ပန်းကန် အပြည့်အစုံလည်း ထားပေးထားတယ်။ ကျွန်မက စလုံးအိမ်ရှင်နဲ့နေတာဆိုတော့ မြန်မာစာသိပ်မစားရပါဘူး။ သူတို့ချက်တဲ့တရုတ်စာတွေပဲ နေ့တိုင်းစားရပါတယ်။ ကိုယ့်ဟာကိုယ်ချက်ခွင့်မရှိပါဘူး။ အဲ့တော့ မြန်မာအစားအသောက်စားချင်ရင် စီးတီးဟောသွားမှသာ စားဖြစ်တာပါ။မာမားကလည်း ကျွန်မစားချင်သမျှကို မညီးမညူချက်ကျွေးရှာပါတယ်။ အမေ့ကျေးဇူး တယ်လည်းကြီးသကိုးနော်။

ဒါလေးတွေကတော့ လွယ်လွယ်ကူကူချက်စားဖြစ်တာလေးတွေပါ။ နောက်လည်း ဓါတ်ပုံပြန်ကြည့်ပြီး သွားရေယိုလို့ ရအောင် တစ်ခါတည်း ရိုက်ထားတာ။ချက်တာတော့ များသောအားဖြစ် အကြော်တွေပဲ ကြော်ဖြစ်တယ်။ အပြင်က ပြန်လာရင် အားလုံးပင်ပန်းနေတာမို့ လွယ်လွယ်ကူကူဟာတွေပဲ ချက်ပြီး မိသားစုလက်ဆုံ စားဖြစ်တယ်။
အားလုံး ၀အောင် စားသွားကြနော်။ အားမနာနဲ့။ မ၀ရင် အိမ်ကို ပါဆယ်ထပ်ထုပ်သွား။ :)
စာကြွင်း။ ။မာမားက မပြန်ခင်တော့ ပြောသွားပါတယ်။ ခရီးထွက်လာတာ နားရမလားမှတ်တယ်။ ခုတော့ သမီးကောင်းမှုကြောင့် မီးဖိုချောင်ဝင်နေရတယ်တဲ့။ ဟိဟိ


Thursday, April 30, 2009

တုပ်ကွေး - Swine influenza


တုပ်ကွေးတွေ စင်ကာပူမှာတော့ မဖြစ်သေးဘူးထင်တယ်။ ဒါပေမဲ့ ရောဂါဖြစ်တဲ့ နိုင်ငံတွေက ပြန်လာတဲ့လူတွေရှိတော့ ဒီကလူတွေလည်း တော်တော်သတိထားနေကြပြီ။ ကျွန်မအလုပ်လုပ်တဲ့ ဆေးခန်းမှာဆို ဒီနေ့က စပြီးတော့ face mask တွေ ၀တ်ခိုင်းပါတယ်။ သူဝတ်ခိုင်းတဲ့ mask ကြီးက အပေါ်ပုံကဟာပေါ့။ အဲ့ဒါဝတ်ပြီးရင် လူလည်း ဂြိုလ်သားပုံ ပေါက်ရော။ ၀တ်နေမကျလို့လားတော့ မသိဘူး။ အသက်ရှူလည်း ကြပ်တယ်။ ပုံထဲမှာပါတဲ့ အပြာရောင်အ၀ိုင်းလေးက လေ၀င်လေထွက်အပေါက်။ ပုံစံက အောက်စီဂျင်ပေးရတဲ့လူနာတွေ ၀တ်ရသလိုမျိုး။ ဆရာဝန်ပြောတာတော့ အဲ့ဒီmaskက တခြားmask တွေထက် ပိုစိတ်ချရတယ်တဲ့။ တစ်ခုကို ၈နာရီလောက် သုံးလို့ရတယ်။ ဘယ်မှာဝယ်လို့ရလည်းတော့ မသိဘူး။

အရင်က ဆေးခန်းမှာ တုပ်ကွေးကာကွယ်ဆေးထိုးလို့ရတယ်။ ဒါပေမဲ့ ဘာလို့လည်း မသိဘူး။ ဒီနေ့က စပြီး တုပ်ကွေးကာကွယ်ဆေးထိုးလို့ ရလားမေးရင် no stock တဲ့။ လာလာမေးကြတဲ့ လူတွေလည်း အတော်များပါတယ်။

ဒီနေ့ဆို ဆေးခန်းကိုလာတဲ့ လူနာတွေထဲမှာ တုပ်ကွေးဖြစ်လို့ လာပြတဲ့လူဆိုရင် queue number ပေးပြီးတာနဲ့ ဆေးခန်းအပြင်မှာပဲ ပေးထိုင်ပါတယ်။ အထဲမှာ ပေးမထိုင်ရပါဘူး။ အခုအချိန်မှာ တုပ်ကွေးဖြစ်တဲ့လူတွေရဲ့ ဘ၀က ဆိုးပါတယ်။ swine flu ဟုတ်ဟုတ် မဟုတ်ဟုတ် ဆေးခန်းမှာ ခွဲခြားခွဲခြားဆက်ဆံခံရပါတယ်။ ဆရာဝန်ပြောတဲ့အရဆိုရင် တုပ်ကွေးဖြစ်သူ ၃ယောက်မှာ ၁ယောက်က swine flu ဖြစ်နိုင်ပါတယ်တဲ့။

ပြီးတော့ ဒီရက်ပိုင်း overseas က ပြန်လာလို့ flu ဖြစ်တဲ့လူတွေဆို ကျွန်မတို့ ဆေးခန်းက လက်မခံပါဘူး။ ဆေးရုံတွေကိုသာ တန်းသွားခိုင်းရပါတယ်။

ဒါကတော့ လက်ရှိစင်ကာပူမှာ ဖြစ်နေတဲ့ swine flu နဲ့ ပတ်သက်တဲ့ ကျွန်မသိသလောက်လေးတွေ ပြန်ရေးလိုက်တာပါ။ ဖြစ်နိုင်ရင် လူများတဲ့ နေရာတွေ သွားရင် face mask ကို သုံးပါ။ သုံးရတာ ကြောင်တယ် ထင်ရင် အနည်းဆုံးတော့ လက်ကိုင်ပ၀ါလေးဆောင်ထားပါ။ သူများတကာတွေ ချောင်းဆိုး နှာချေရင် ကာကွယ်လို့ရတာပေါ့။

စာကြွင်း ။ ။ mask ၀တ်ပြီး ရိုက်ထားသောပုံကို တင်မည်ဟု စိတ်ကူးထားသော်လည်း ကြည့်ပြီးသည့် လူများ နောက်တစ်ခါမလာတော့ရင် ဘလော့counter မတက်တော့မှာ ဆိုးသည့် အတွက်ကြောင့် လည်းကောင်း၊ ဘာတွေတုန်းသည် မည်သည့်ဂြိုလ်မှ လာသော ဂြိုလ်သားဖြစ်သနည်း၊ အီးတီနဲ့ မောင်နှမလားဟု မေးခံရမှာစိုးသောကြောင့် လည်းကောင်း မတင်တော့ခြင်းဖြစ်သည်။


Friday, April 17, 2009

အလုပ်ထဲက အဖြစ်များ

ဒီတလော အလုပ်က စလုပ်ခါစဆိုတော့ သိပ်နေသားမကျသေးဘူး။ ပြီးတော့ အလုပ်ချိန်က တစ်ခါတစ်လေ မနက်၉နာရီလောက်ကနေ ည၁၀နာရီလောက်အထိဆိုတော့ အိမ်ပြန်ရောက်တာနဲ့ ဘာမှမလုပ်ချင်တော့ဘူး။ ညောင်းနေလို့။ :D စာတောင်မရိုက်ချင်တော့ဘူး။ အဲ့ဒါကြောင့် ဘလော့လေးတောင် ဖုန်တွေနည်းနည်းတက်ချင်နေပြီ။ ဖူး ဖူး ဖူး(ဖုန်ခါနေသောအသံ)
တစ်နေ့တစ်နေ့ အလုပ်ထဲမှာပဲ အချိန်ကုန်နေတယ်ဆိုတော့ အလုပ်ထဲက အကြောင်းလေးတွေပဲ ရေးချင်စိတ်ပေါက်လာတယ်ဗျို့.. ခါတိုင်းဆို တနေ့တာ ဖြစ်ပျက်သမျှကို မားသားကို ပြန်ပြောပြနေကျ.. ခုမာသားက အနားမှာမရှိတော့ ဘော်ဘော်တွေကိုပဲ ဖောက်သည်ချရတာပေါ့ကွယ်။

၁)အကြွေးတောင်းတဲ့ ပညာ
ကျွန်မအလုပ်လုပ်တဲ့ ဆေးခန်းမှာ များသောအားဖြင့် စနေ တနင်္ဂနွေနေ့တွေမှာ လူများတတ်ပါတယ်။ အဲ့နေ့က စနေနေ့ပါ။ ဆေးခန်းရဲ့ ထုံးစံက ဆရာဝန်နဲ့တွေ့ပြီးရင် လူနာက အပြင်မှာ ခဏထိုင်စောင့်ရပါတယ်။ ဆေးယူဖို့နဲ့ ပိုက်ဆံရှင်းဖို့ပါ။ ဆရာဝန်က လူနာမှတ်တမ်းစာအုပ်မှာ ရေးစရာရှိတာရေးပြီး ကောင်တာကို ပို့ပါတယ်။ ထိုအခါမှ ကျွန်မတို့က ဆေးပေးခြင်းနဲ့ ငွေသိမ်းခြင်းကို လုပ်ရတာပါ။ဖြစ်ချင်တော့ မလေးလူမျိုးလူနာတစ်ယောက်က ကာကွယ်ဆေးလာထိုးပါတယ်။ ဆေးလာထိုးရုံပဲဆိုတော့ ဆေးယူဖို့ မလိုပါဘူး။ ငွေရှင်းဖို့ပဲ စောင့်ရမှာပါ။ ဒါပေမဲ့ အဲ့လူနာက ငွေမရှင်းပဲနဲ့ တစ်ခါတည်းပြန်သွားပါတယ်။ ကျွန်မတို့လည်း လူရှုပ်နေတော့ သတိမထားမိဘူး။ နောက်မှ လူနာမှတ်တမ်းစာအုပ် ကောင်တာရောက်လာမှ ကျသင့်ငွေယူမလို့ လူနာနာမည်ကို ခေါ်တော့မှ မရှိတော့မှန်းသိပါတယ်။ ဒါနဲ့ ဖုန်းခေါ်ပါတယ်။ ငွေမရှင်းရသေးတဲ့အတွက် ပြန်လာရှင်းဖို့ ပြောပါတယ်။ ရှင်းပြီးပြီးဆိုပြီးငြင်းပါတယ်။ ကျသင့်ငွေက စလုံး၇၀ပါ။ တော်သေးတာက သူ့ရဲ့အိမ်က ကျွန်မတို့ဆေးခန်းရဲ့ အပေါ်ထပ်မှာပါ။ အဲ့တော့ ဆရာဝန်က ကျွန်မကို receipt ပေးပြီး လူနာဆီက ငွေသွားတောင်းခိုင်းပါတယ်။ ကျွန်မလည်း သွားရပါတယ်။ အပေါ်ရောက်တော့ လူနာနဲ့တွေ့ပါတယ်။ ဒါပေမဲ့ ပိုက်ဆံမရခဲ့ပါဘူး။ အတင်းငြင်းပါတယ်။ ဒါနဲ့ ကျွန်မလည်း ပြန်လာပါတယ်။ မရတဲ့ အကြောင်းပြောတော့ ဆေးခန်းက ခပ်စွာစွာကောင်မလေးတစ်ယောက်ကို ထပ်သွားတောင်းခိုင်းပါတယ်။ မိနစ်၂၀လောက်နေတော့ ၇၀ကိုင်ပြီး ပြန်ဆင်းလာပါတယ်။ ကျွန်မလည်း အဲ့ကောင်မလေးကို တော်တော်လေးစားသွားတယ်။ သူကတော့ သင်ပေးတယ်။ အဲ့လိုမျိုးလူနာကို ကြမ်းပေးမှ ရတယ်တဲ့။ သူအိမ်ထဲထိဝင်ပြီး ကြမ်းခဲ့တာဆိုပဲ။ သြော် ဒါလည်း ပညာပဲလေ။ ကိုယ်မလုပ်နိုင်တာ သူလုပ်နိုင်တယ်ဆိုတော့...ဘာပဲဖြစ်ဖြစ် ၇၀ကို ကိုယ့်အိတ်ထဲက မစိုက်ရတာ တော်ပါသေးရဲ့။

၂)အသံထွက်
ကျွန်မအလုပ်တာဝန်ထဲမှာ လူနာတွေကို ဆေးပေးရတာလည်း ပါပါတယ်။ တစ်ခါတုန်းက လူနာတစ်ယောက်ကို ဆေးပေးတော့ လည်ချောင်းနာရင် ငုံရတဲ့ဆေးပေးပါတယ်။ အဲ့ဒါကို "For Suck"ဆိုပြီး label ပေါ်မှာရေးထားပါတယ်။ ကျွန်မက လူနာကို"This one is for suck" ဆိုပြီး ပေးလိုက်ပါတယ်။ Suck ကို ဆက်ခ် လို့ ကျွန်မက အသံထွက်ပါတယ်။ အဲ့အခါမှာ ကျွန်မဘေးက အလုပ်လုပ်နေတဲ့ အမက မျက်လုံးပြူးပြီး ကျွန်မကို ကြည့်ပါတယ်။ "For Sex?" ဆိုပြီး မေးပါတယ်။ ကျွန်မလည်း ကြောင်သွားတော့ သူက ဆေးကိုယူကြည့်ပါတယ်။ ပြီးတော့ ရယ်တယ်။ ဆက်ခ်လို့ အသံမထွက်ရဘူး။ ဆခ် လို့ အသံထွက်ရတယ်တဲ့။ သူက ဆက်ခ် လို့ အသံထွက်တာကို Sex လို့ ကြားတယ်တဲ့။ မှားပါတယ် မမရယ်။
နောက်တစ်ခါ အဲ့ဒီ Suck နဲ့ ပတ်သက်ပြီး ထပ်ဖြစ်သေးတယ်။ ဒီတစ်ခါတော့ အသံထွက်မှန်တယ်။ မှားတာက တရုတ်လိုနဲ့အင်္ဂလိပ်လို ရောပြောမိတာ။ "This one is for you to suck." လို့ပြောရင်ပြော မပြောရင် "ကျဲ့ကို့စွတ် ကေနီ ဟန်တဲ့"ဆိုပြီး ပြောရမှာ။ ကျွန်မပြောလိုက်တာက "ကျဲ့ကို့စွတ် ကေနီ ဆခ် တဲ့" ဆိုပြီး။ ဒီတစ်ခါလည်း ဘေးနားက အမက လှမ်းကြည့်ပါတယ်။ လူနာပြန်သွားတော့ ကျွန်မကို ရယ်ပြီးပြောတယ်။ နင်ပြောတဲ့ အဓိပ္ပာယ်က တစ်မျိုးဖြစ်သွားတယ်တဲ့။ တရုတ်လို ဆခ် (အမှန်တော့ "ဆ"က kill လို့ အဓိပ္ပာယ်ရပါတယ်။ အဲ့တော့ ကျွန်မပြောလိုက်တဲ့ဆေးက ငုံဆေးမဟုတ်ပဲ အဆိပ်ဖြစ်သွားပီ။ ဟိဟိ

ဒီမှာပဲ ခဏရပ်ဦးမယ်နော်။ ။
အားပေးတဲ့လူရှိရင်တော့ အလုပ်ထဲမှ အဖြစ်များ ၂ ဆိုပြီး ဆက်ရေးမယ်။ :P

အားလုံးပဲ ပျော်ရွှင်စရာကောင်းသော မြန်မာနှစ်သစ်လေးဖြစ်ပါစေ။ ။


Sunday, April 12, 2009

နှစ်သစ်မှာ အားလုံးပျော်ရွှင်ကြပါစေ

မနက်ဖြန်ဆို သင်္ကြန်တောင် ကျပြီနော်။ အားလုံးကို ပျော်ရွှင်စရာ မြန်မာနှစ်သစ်လေးဖြစ်ပါစေလို့ ဒီဘလော့လေးကနေ ဆုတောင်းပေးလိုက်ပါတယ်နော်။ စိတ်ညစ်စရာတွေ ပြဿနာတွေ မပျော်ရွှင်စရာတွေအကုန်လုံးကို သင်္ကြန်ရေနဲ့အတူ နှစ်ဟောင်းမှာထားခဲ့နိုင်ကြပါစေ။ စိတ်သစ် လူသစ်နဲ့ နှစ်သစ်ကို ကြိုဆိုနိုင်ကြပါစေရှင်။ ။

ဒီရက်ပိုင်း အကြောင်းအမျိုးမျိုးကြောင့် ဘလော့မှာ ပို့စ်အသစ်တွေ မှန်မှန်မတင်နိုင်ခဲ့ပါဘူး။ ဖတ်စရာ ဘာအသစ်မှ မရှိပေမဲ့ အသစ်များရှိလေမလားလို့ လာလာကြည့်ကြတဲ့ သူငယ်ချင်းအားလုံးကို ကျေးဇူးလည်းတင် အားလဲနာမိပါတယ်ရှင်။ ကျွန်မ ဘလော့ရေးတာလေးကို ခဏတဖြုတ်ရပ်ထားပါဦးမယ်။ ဘယ်နှစ်ရက် ဘယ်နှစ်လရယ် မဟုတ်ပါဘူး။ တစ်ရက်သော်လည်းကောင်း တစ်ပတ်သော်လည်းကောင်းပဲ ဖြစ်နိုင်ပါတယ်။ ရေးချင်စိတ် ပြန်ပေါ်လာရင် ပြန်ရေးမှာပါ။ အခုလောလောဆယ်တော့ စိတ်တွေက နေလို့မကောင်းပါဘူး။ စာရေးချင်စိတ်လည်း ပျောက်နေတဲ့ အတွက်ပါ။



နှစ်သစ်မှာ အားလုံးပျော်ရွှင်ကြပါစေ။ ။

Tuesday, April 7, 2009

အတိတ်က သင်္ကြန်နေ့စွဲများ


ဓါတ်ပုံကို ဒီက ယူပါတယ်။
ဘာလိုလိုနဲ့ သင်္ကြန်တောင် တော်တော်နီးလာပြီ။ ဒါပေမဲ့ ဒီနှစ်သင်္ကြန်ဆိုတဲ့ အရာက ကျွန်မနဲ့ လုံးလုံးမဆိုင်သလိုပဲ။ သင်္ကြန်ရက်အားလုံးကို အဓိပ္ပာယ်မဲ့စွာ အလုပ်ထဲမှာပဲ ဖြတ်သန်းရဦးမယ် ထင်ပါတယ်။ ကျွန်မသင်္ကြန်ရေမစိုတာ ဒီနှစ်ဆို ၅နှစ်မြောက်ရှိပြီ။ ဒီနှစ်ဆိုရင် ရန်ကုန်ကို တအားပြန်ချင်တာပဲ။ ရေလည်း တအားကစားချင်တယ်။ သင်္ကြန်သီချင်းတွေ သင်္ကြန်ရုပ်ရှင်ကားတွေကြည့်ပြီးရင် အဲ့ရောဂါက ပိုဆိုးလာရော..

သေချာစဉ်းစားကြည့်ရင် လူမှန်းသိတတ်စအရွယ်ထဲက ခုထိ သင်္ကြန်ကို ပီပီပြင်ပြင်မကဲဖူးသေးဘူး။ ရေပက်ခံတောင် မောင်နှမ၀မ်းကွဲတွေနဲ့ပဲ ထွက်ဖူးတယ်။ သူငယ်ချင်းတွေနှင့် မသွားဖူးဘူး။ မန်းဒပ်လည်း အိမ်က မောင်နှမတွေနဲ့ပဲ ထိုင်ဖူးတယ်။ သြော် ဘ၀ကဆိုးပါတယ်။

၂၀၀၅- ၁၀တန်းပြီးတဲ့နှစ် တမိသားစုလုံး ခရီးထွက်ဖြစ်တော့ သင်္ကြန်လွတ်ခဲ့တယ်။
၂၀၀၆- နောက်တစ်နှစ်တော့ ဒီစင်ကာပူဆိုတာကြီးကို ရောက်လာ။ ရန်ကုန်သင်္ကြန်နဲ့ ပိုဝေးဖို့အကြောင်းဖြစ်လာ။၏
၂၀၀၇- ပိုလီ ပထမနှစ်ပြီးတော့လည်း မပြန်ဖြစ်။ part time လုပ် ပိုက်ပိုက်ရှာ။
၂၀၀၈- ပိုလီဒုတိယနှစ်ပြီးတော့လည်း industrial training ဆိုတာကြီးက ၂လ ဆင်းရပြန်တော့ ရန်ကုန်မပြန်ဖြစ်ပြန်။
၂၀၀၉- သြော် ပိုလီ ပြီးသွားပြီ။ကျောင်းပြီးရင် ရန်ကုန်ပြန်လို့ ရပြီဆိုပြီး အားခဲထားသမျှ သဲထဲရေသွန်ဖြစ်ပြန်ပြီ။ ပီအာရ် လျှောက်လို့ ရအောင် အလုပ်ကို အသည်းအသန်ရှာ၊ အလုပ်တော့ ရပါပြီတဲ့။ သင်္ကြန်မပြန်ဖြစ်ပြန်ဘူး။

သင်္ကြန်ဆိုရင် အထက်တန်းကျောင်းမှာတုန်းက အတန်းတင် စာမေးပွဲကြီးပြီးတဲ့နေ့ ရေလိုက်လောင်းတာ အမှတ်ရတယ်။ တအား ပျော်ဖို့ကောင်းတာပဲ။ ဆရာမတွေက စာမေးပွဲ မပြီးခင် လွယ်အိတ်တွေ လိုက်စစ်ပြီး ရေဘူးတွေထဲက ရေတွေသွန်ဖြစ်တယ်။ ဒါပေမဲ့မရပါဘူး။ ကျောင်းရှေ့က မုန့်ဆိုင်တွေမှာ သောက်ရေသန့်ဘူးတွေ ၀ယ်ပြီး လိုက်လောင်းတာ။ ခုတော့လည်း ဒါတွေနဲ့ တဖြေးဖြေး ဝေးလာပြီ။ အသက်တွေရလာပြီဆိုတော့လေ။ :)

ဘာရယ်မဟုတ်ပါ။ သင်္ကြန်အကြောင်း စိတ်ထဲပေါက်သမျှ ချရေးမိခြင်းသာ။ ။


Saturday, April 4, 2009

မောနင်း

mayD: တုံတုံရေ...ဒီကို အလည်မရောက်လာတာ ကြာပြီကော... လက်ဆောင်တစ်ခု စီစဉ်ထားတယ်။ သိချင်ရင် အိမ်လာကြည့်ဖို့ ဖိတ်ခေါ်ပါတယ်။ :P

လွန်ခဲ့တဲ့ ၅ ရက်လောက်က မမမေဒီက ဆီပုံးထဲမှာ လာအော်ထားလို့ မမေဒီအိမ်လေးကို သွားကြည့်တာပေါ့။ ဘာလက်ဆောင်ပါလိမ့်ဆိုပြီး.. မုန့်တွေ ဘာတွေများဖြစ်မလားပေါ့။ လက်စသတ်တော့ မနက်ခင်းလေးကို ဘယ်လိုထသလဲဆိုတာ တက်ထားတာကိုး :)
တက်ထားတာတောင် ကြာပြီ။ အခုမှ ရေးဖြစ်တော့တယ်။

ကဲ ဘာတွေတုန်းတစ်ယောက် မနက်ဆို ဘယ်လိုထပါသလဲဆိုတော့ .. အမ်းး...၂ မျိုးခွဲပြောမယ်နော်..

အလုပ်မရှိတဲ့နေ့
ဘာ နှိုးစက်မှ မပေးဘူး။ နိုးတဲ့အချိန်ထတယ်။ တစ်ခါတစ်လေ ၁၁နာရီလောက်နိုးတယ်။ တစ်ခါတစ်လေတော့ ၁၂လောက်အထိ။ အဲ့လိုမျိုး ဘာပယောဂမှ မပါဘဲ သူ့ဟာသူနိုးလာတာ သဘောအကျဆုံးပဲ။

အလုပ်ရှိတဲ့နေ့
အလုပ်ရှိတဲ့နေ့ဆို ၇နာရီခွဲထရတယ်။ အလုပ်က ၉နာရီစတာကိုး။ အလန်းကတော့ လူတော်တော်များများလိုပဲ ဖုန်းalarm ပေါ့ကွယ်။နိုးမယ့်လူမှ မရှိပဲနော့ (ကြော်ငြာမဟုတ်ပါ :P ) ၇နာရီခွဲထမယ်ဆို ၇:၂၀ အလန်းပေးရတယ်။ ကိုယ့်အကြောင်းကိုယ်သိလို့။ အလန်းမြည်ပြီး အနည်းဆုံးတစ်ခါလောက် snooze လုပ်လိုက်ရမှ။ snooze က နောက်၉မိနစ်ကြာရင် ထပ်မြည်တယ်ဆိုတော့ ၇နာရီခွဲ ကွက်တိပေါ့။ တစ်ခါတစ်လေ တအားတအား(တအား ) အိပ်ချင်ရင်တော့ အလန်း ၇နာရီ ၂၀ မြည်ရင် ၇နာရီ ၄၅ ပြောင်းပေးလိုက်တယ်။ ထပြီဆိုရင်လည်း သူများတွေလို တစ်ခါထဲထတာ ဟုတ်သေးဘူး။ တစ်မိနစ် ၂မိနစ်လောက် မျက်လုံးပိတ်ပြီး ငုတ်တုတ်ထိုင်သေးတယ်။ ရသမျှအချိန်ကို အဲ့လိုအသုံးချတာ။ ပြီးရင်တော့ တကယ်ထပါတယ်။ မထလို့လဲ ရတော့ဘူးလေ။ အလန်းမြည်တဲ့ အသံကတော့ အရင်က အမြဲပြောင်းတယ်။ ဘာလို့လဲဆိုတော့ မမမေဒီလိုပဲလေ။ ဘယ်လောက်ကြိုက်တဲ့ တီးလုံးဖြစ်ဖြစ် အလန်းတီးလုံးဖြစ်ရင် မုန်းသွားရော။ ကြားကို မကြားချင်ဘူး။ နောက်ပိုင်းတော့လည်း မပြောင်းတော့ပါဘူး။ တီးလုံးများများပြောင်းလေ ကိုယ်မုန်းတဲ့ တီးလုံးပိုများလာလေ မဟုတ်လား။

ဤတွင် ဘာတွေတုန်း၏ အိပ်ယာထခြင်းအမှု ပြီးဆုံး၏။ ကဲမမေဒီရေ.. အကြွေးဆပ်ပီးပီးနော်။ :)
ဘယ်သူ့ကို ဆက် tag ရမလဲဆိုတာတော့ စဉ်းစားလိုက်အုံးမယ်။ စဉ်းစားလို့ရရင် အိမ်တွေမှာ လိုက်အော်မယ်နော်။ ။


Sunday, March 29, 2009

အမှတ်တရ မိုး

မိုးတွေရွာတော့မယ်။ လေတွေတိုက်နေပြီ။ မိုးတွေခြိမ်းနေပြီ။ ကောင်းကင်ကြီးတစ်ခုလုံးလည်း မည်းနေပြီ။ ခဏနေ မိုးရောလေပါ သည်းသည်းမည်းမည်းချတော့မယ်။ ။

လွန်ခဲ့တဲ့ ၁၅နှစ် ဇွန်လ
ကျွန်မ သူငယ်တန်းကို ပထမဆုံးတက်ရမဲ့နေ့။ အဲ့နေ့ကလည်း မိုးတွေ သည်းနေတယ်။ ဖေဖေက ကားမောင်းနေတယ်။ ကိုကိုက ကားရှေ့ခန်းမှာ ဖေဖေနဲ့ ထိုင်နေတယ်။ ကျွန်မက နောက်ခန်းထဲမှာ။ ဘေးနားမှာ လွယ်အိတ်လေးရယ် ထမင်းချိုင့်ဆွဲခြင်းတောင်းလေးရယ် ချလို့ပေါ့။ တစ်လမ်းလုံး အတောမသတ်တဲ့ မေးခွန်းတွေနဲ့ ဖေဖေနဲ့ကိုကို ကိုမေးလာတယ်။ "ဖေဖေ.. အဲ့ဒီ ကျောင်းကြီးမှာ လူတွေ အများကြီးပဲလားဟင် "ကျွန်မ မူကြိုကို အိမ်နားမှာ တက်ခဲ့ပါတယ်။ မူကြိုနဲ့ ယှဉ်ရင် အခုတက်ရမဲ့ ကျောင်းက အကြီးကြီးမို့လို့ ကလေးပီပီ ကျောင်းကြီးဟုသာ ခေါ်ခဲ့တယ်။ "ကိုကို.. ကျောင်းကြီးမှာ ထိုင်ခုံတွေက လူကြီးထိုင်ခုံတွေပေါ့နော်" မူကြိုမှာတုန်းက စားပွဲထိုင်ခုံသေးသေးလေးတွေနဲု့ထိုင်ရတယ်။ "ကိုကို.. မုန့်စားဆင်းရင် မီမီးကို ဘယ်သူထမင်းခွံကျွေးမှာလဲ" မူကြိုတုန်းက လုပ်အားပေးဆရာမလေးတွေက ထမင်းခွံကျွေးနေကြ။ ကျွန်မမေးသမျှ မေးခွန်းတွေကို ဖေဖေက စိတ်ရှည်ရှည်ဖြေပေးပါတယ်။ ကိုကိုကတော့ ထုံးစံအတိုင်း လုံးဝစိတ်မရှည်။ နားညီးလိုက်တာဟာဆိုပြီး အနောက်လှည့်ပြီး အော်ပါသည်။ မိုးကလည်းသည်း ကားကလည်းပိတ်မို့ ကြာတော့ ဖေဖေလည်း စိတ်မရှည်။ ကျွန်မမေးခွန်းများကို မဖြေတော့။ ။ ဘာလို့လည်းမသိ မိုးရွာရင် မဆီမဆိုင် အဲ့ဒီအကြောင်းကို သတိရမိတယ်။ အဲ့လောက် ငယ်ငယ်လေးရှိသေးတာ တကယ်ကောမှတ်မိလို့လားဟု မေးရင် တကယ်ပါလို့ ဖြေပါရစေ။

လွန်ခဲ့တဲ့ ၈နှစ်၉နှစ် မိုးရာသီ
မိုးတွေသည်းတိုင်း ကျွန်မတို့လမ်းထဲမှာ ရေကြီးတယ်။ လမ်းထိပ်နားမှာဆို ပေါင်တစ်ဝက်ထိတောင် ရောက်တယ်။ ကျွန်မအရပ်နဲ့တိုင်းရင် ပြောတာနော်။ အဲ့တုန်းက ၁၁နှစ်၁၂နှစ် သမီးအရွယ်ပေါ့။ ကျွန်မတို့ အိမ်က လမ်းအလယ်မှာဆိုတော့ ရေက ခြေသလုံးနားလောက်ထိပဲ။ ရေကြီးရင် ကျွန်မတအားပျော်တယ်။ သတင်းစာတွေကို ခေါက်ခေါက်ပြီး သဘောင်္လွှတ်ရလို့။ တစ်ခါတစ်လေ လူကြီးတွေလစ်ရင် ရေထဲခိုးဆင်းသေးတယ်။ ဒီလောက် အမှိုက်တွေ ပေါလောပေါ်ပြီး ညစ်ပတ်နေတဲ့ ရေထဲကို ဆင်းတာပဲ။ ငယ်ငယ်တုန်းက အတော်ကဲပါတယ်။ အမေက တွေ့ရင်အော်ပါတယ်။ ၀ဲပေါက်ချင်လို့လားတဲ့ ရေသွားချိုးစမ်းဆိုပြီး။ ဟီး

လွန်ခဲတဲ့ ၅နှစ် ၉တန်းနှစ်
ကျွန်မတို့ကျောင်းက ကျောင်းဆင်းချိန်ဆို လာကြိုတဲ့မိဘများ အပေါက်ဝတွေ ပြွတ်ခဲနေတတ်ပါသည်။ ကျွန်မအိမ်ကတော့ အမြဲကျောင်းကြိုနောက်ကျသည်။ သိပ်တော့ မနောက်ကျပါ။ ၁၁နာရီခွဲ ကျောင်းဆင်းသည်တွင် ၁၂နာရီ၄၅မိနစ်လောက်မှ လာကြိုတတ်သည်။ ထိုနေ့က ကျောင်းဆင်းတော့ ကျွန်မသူငယ်ချင်းက ထီးမပါလာ။ ထို့ကြောင့် ကျွန်မနှင့် ထီးကပ်ဆောင်းသည်။ သူက အရပ်ပိုရှည်တော့ ထီးကို သူကိုင်သည်။ အပေါက်ဝနားလည်း ရောက်ကော သူ့အမေကိုတွေ့တော့ ပြေးသွားပါသည်။ ထီးပါ တစ်ခါတည်းမသွားသည်။ ကျွန်မလှမ်းခေါ်သော်လည်း လှည့်မကြည့်။ လူကောင်ညှပ်သည့် ကျွန်မ လူအုပ်ကြားထဲတိုးပြီး သူ့နောက်မလိုက်နိုင်။ ကျောင်းအပြင်ဖက်ရောက်တော့ မိုးခိုစရာနေရာလိုက်ရှာသည်။ မိုးကတအားသည်းသဖြင့် လူတော်တော်များများ အမိုးတွေအောက်ရောက်နေသောကြောင့် နေရာတော်တော်နှင့် မရ။ ထိုကြောင့် ကျွန်မကြွက်စုတ်ဖြစ်ခဲ့သည်။ လွယ်အိတ်ရော စာအုပ်ရော အကုန်စိုသည်။ အိမ်ရောက်တော့ ခိုက်ခိုက်တုန်နေပြီ။ မားသားက ဆူသည်။ စေတနာတယ်ကောင်းပြီး ထီးပါပေးလိုက်ရသလားတဲ့။

လွန်ခဲ့တဲ့ ၄နှစ်
၁၀တန်းပြီးတော့ ၂၈လမ်းမှာ အင်္ဂလိပ်စာသင်တန်းသွားတက်သည်။ အိမ်က အစ်ကိုက သူမအားဟု အကြောင်းပြကာ လမ်းလျှောက်သွားခိုင်းသည်။ အိမ်နှင့် ၂၈လမ်းအတန်ငယ်ဝေးသည်။ နာရီဝက်လောက်တော့ အနည်းဆုံးလမ်းလျှောက်ရသည်။ ကျွန်မအကျင့်က မိုးရွာထဲ ဒါမှမဟုတ် မိုးရွာပြီးစ လမ်းလျှောက်ရင် ဗွက်အမြဲစင်သည်။ သူများတွေစင်တာထက် ပိုစင်သည်။ ကျူရှင်ရောက်လျှင် ကျွန်မ ဘောင်းဘီရှည် အနောက်ဘက် ပေါင်ရင်းလောက်ထိ ရွှံ့တွေက အပြည့်။ ကြည့်မကောင်း ရှုမကောင်း။ နောက်ပိုင်း အ၀တ်အပိုယူသွားရသည်။ ဗွက်ထူသောလမ်းတွင် မိုးရွာချိန်လမ်းလျှောက်ရသည်မှာ ကျွန်မအမုန်းဆုံးအရာဖြစ်ခဲ့သည်။

၂၀၀၆ ၂၀၀၇ ၂၀၀၈ ၂၀၀၉
ကျွန်မ ရန်ကုန်က ထွက်ခဲ့သည်။ စင်ကာပူရောက်လာသည်။ ဒီမှာလည်း မိုးရွာပါသည်။ အခုလည်း သည်းကြီးမည်းကြီးရွာနေပါသည်။ ဒါပေမဲ့ ကျွန်မမိုးရေထဲထွက်ပြီး တစ်ခါမှ မကစားဖြစ်။ ရန်ကုန်တွင် မိုးရေထဲ ကစား၍ဖျားရင် ဂရုစိုက်မည့် အမေရှိသည်။ အော်မည့် အမေရှိသည်။ ဒီမှာ ကျွန်မကို ဘယ်သူမှ မအော်ပါ။ ဘယ်သူမှ ဖျားရင် ဆေးမတိုက်ပါ။ အမေနဲ့ဝေးတဲ့အရပ်မှာ ကျွန်မအကြောက်ဆုံးက ဖျားမှာကိုပါ။ ကျွန်မ ရောက်ရောက်ချင်းက ဖျားပါသည်။ ကိုယ့်ဟာကို ဆေးသောက်ရသည်။ ကိုယ့်ဟာကို ရေခဲကပ်သည်။ ဘာမဆို ကိုယ့်ဟာကိုယ်။ အိမ်ကို လွမ်းပါသည်။ အမေ့ကို လွမ်းပါသည်။ အမေမှုတ်ပြီးတိုက်တဲ့ ကြက်စွပ်ပြုတ်ပူပူလေးကို သောက်ချင်ပါသည်။
စင်ကာပူမိုးသည် အထီးကျန်မှုကို ပေးသည်။ ဒီတလော မိုးရွာရင် ငိုချင်သလိုလို လွမ်းသလိုလိုကြီးဖြစ်လာသည်။ ဘာဖြစ်လို့ဖြစ်မှန်းတော့မသိ။ အီမို ထင်ပါရဲ့။ :)
ကျွန်မ မိုးရေထဲ လမ်းလျှောက်ရတာ ကြိုက်သည်။ မှတ်မှတ်ရရ စင်ကာပူမှာ တစ်ခါပဲ မိုးရေထဲ လျှောက်ဖူးသည်။ ကျောင်းကအပြန် သူငယ်ချင်းဆီကလည်း ထီးငှားမရတာနဲ့ လွယ်အိတ်ကို ရေမစိုအောင် အုပ်ပြီ မိုးရေထဲပြန်လာဖူးသည်။ နောက်တစ်ခါ vivo city မှာ သူငယ်ချင်းနှင့်သွားတုန်းက မိုးဖွဲဖွဲကျနေသည်။ ထိုအချိန် ရေကန်ထဲမှာ လူတစ်ချို့ ရေကစားနေသည်။ ကျွန်မလည်း မိုးဖွဲဖွဲလေးအောက်မှာ ရေထဲဆင်းဆော့ချင်သည်။ ရေကန်ကို လှည့်တကြည့်ကြည့်ဖြစ်နေသည်။ သူငယ်ချင်းကလည်း ရိပ်မိသည်ထင်။ ဆော့ဖို့ပြောသည်။ သို့သော် နောက်ဆုံးတော့လည်း မကစားဖြစ်ပါဘူး။
ကျွန်မမကောင်းတဲ့ အကျင့်က အဲ့ဒါပဲ။ လုပ်ချင်ရင် မလုပ်ဘူး။ ဟိုဟာစဉ်းစားဒီဟာစဉ်းစားနဲ့။ လုပ်သင့်သလာ မလုပ်သင့်ဘူးလားတွေးလွန်းလို့ ကျွန်မဘ၀မှာ အရာတော်တော်များများလက်လွှတ်ခဲ့ရတယ်။ အခုတော့ လုံးဝ ဆုံးဖြတ်ထားတယ်။ နောက်တစ်ခါ မိုးရွာတာနဲ့ ကြုံရင်တော့ မိုးရေထဲမှာ စိတ်ရှိလက်ရှိကို ဆော့မယ်.. လမ်းလျှောက်မယ်။

ကဲ မိုးလည်းသိပ်သွားပီ။ ရေးရတာလည်း နည်းနည်းညောင်းသွားဘီဆိုတော့.... တော်သေးပီ။


Thursday, March 26, 2009

သူငယ်ချင်းများရဲ့ ကဗျာ

ဒီရက်ပိုင်း မတရားအပျင်းထူနေပါတယ်။ ပို့စ်အသစ်ရေးဖို့ အကြံဥာဏ်များမှာလည်း ပေါ်ပေါ်ချင်း ချမရေးသည့်အတွက် ပြန်ပြန်ပျောက်သွားပါသည်။ အပျင်းထူတာ ပျောက်တဲ့ဆေးများရှိရင် ပြောကြပါ။ ကျေးဇူးဆပ်ပါမည်။ :)

အခုတော့ စာရေးရမှာ ပျင်းတာနဲ့ ဖတ်မိတဲ့ သူငယ်ချင်းတွေရဲ့ ကဗျာတွေတင်လိုက်ပါတယ်။ ကျွန်မရဲ့ သူငယ်ချင်းအချို့ဟာ ကဗျာရေးတော်တော်ကောင်းပါတယ်။ သူတို့ရေးသော ကဗျာများမှာ ကောင်းသော်လည်း ဘယ်မှာမှ မတင်ဖူးပါ။ ထို့ကြောင့် သူတို့ဆီက ခွင့်ပြုချက်ယူပြီး ကျွန်မဘလော့လေးမှာ တင်လိုက်ပါတယ်။

ကဗျာဆရာ ဆရာမ တွေကတော့ မTTH နဲ့ ကောင်းမြတ်ထွန်းဖြစ်ပါတယ်။ ကဗျာလေးတွေကို ပေးသုံးတဲ့ အတွက် ကျေးဇူးတင်ပါတယ်နော်။

Tuesday, March 24, 2009

ဝါသနာလေးများ(Tag game)

ကဲ မမနေခြည်နဲ့ မမမိုးခါးရေ... အကြွေးဆပ်ပြီနော်။ Tag gameတဲ့။ တစ်ခါမှတော့ အtagမခံရဖူးဘူး။ ကိုကိုမမတွေရဲ့ ဘလော့တွေမှာတော့ တွေ့ဖူးပါရဲ့။ ခုတော့ မမ၂ယောက်ကျေးဇူးကြောင့် ရေးဖူးသွားပြီပေါ့နော့။

ကျွန်မမှာ ၀ါသနာသေးသေးကြီးကြီး အတော်များများရှိပါတယ်။ တစ်ချို့ကတော့ ၀ါသနာပါပေမဲ့ သိပ်မလုပ်ဖြစ်ပါဘူး။ အဲ့ဒီတော့ ၀ါသနာလည်းပါ လုပ်လည်းလုပ်ဖြစ်တာလေးတွေပဲ ရေးပါ့မယ်။

ဓာတ်ပုံရိုက်ခြင်းနှင့်ပြင်ခြင်း
ငယ်ငယ်ထဲက ဓာတ်ပုံအရိုက်ခံရတာ ၀ါသနာပါပါတယ်။ ကြီးလာတော့ ၀ါသနာက ပိုရင့်လာပါတယ်။ ကျွန်မက ဓာတ်ပုံမစားပါ။ ရိုက်ထားသော ဓာတ်ပုံများကို ကြည့်လျှင် ၁၀ပုံမှာ ၁ပုံသာ ကောင်းပါသည်။ သို့သော် အသေရိုက်ပါသည်။ ရန်ကုန်တစ်ခါတစ်ခါ ပြန်လျှင် ရိုက်ဖြစ်သည့် ဓာတ်ပုံများမနည်းပါ။ အရင်က ဖလင်များနှင့်ရိုက်တုန်းက ဖလင်နှမြော၍ အားတိုင်းယားတိုင်း မရိုက်ပါ။ အခုတော့ ဒီဂျစ်တယ်ခေတ် ဖြစ်လာ၍ ကျွန်မအကြိုက်ဖြစ်သွားသည်။ ထို့အပြင် Photoshop လေးနှင့် ဟိုကလိ ဒီကလိ လုပ်ပါသည်။ ပြီးရင် Edit လုပ်ပြီးသော ပုံများကို ကြည့်၍ ကောင်းကောင်းမကောင်းကောင်း ပီတိဖြစ်တတ်ပါသေးသည်။

စာဖတ်ခြင်း
စာဖတ်တာကို အင်မတန် ၀ါသနာပါပါသည်။ ၂တန်းလောက်ထဲမှ စ၍ အပြင်စာများကို စဖတ်ဖြစ်သည်။ စာဖတ်ခြင်းဟု ပြောလိုက်၍ အထင်မကြီးသွားမိစေရန် ကြိုတင်ပြောကြားလိုပါသည်။ အကြောင်းမှာ ဖတ်သောစာများမှာ ဗဟုသုတရသော စာအုပ်ထက် ကာတွန်းစာအုပ်၊၀တ္ထုစာအုပ်များကိုသာ ပိုဖတ်သောသောကြောင့် ဖြစ်ပါသည်။ အိမ်တွင် ငယ်စဉ်ကတည်းက ထွက်သမျှ ကာတွန်းဂျာနယ် အကုန်ဝယ်သည်။ ပုံပြင်စာအုပ် တစ်ပတ်တစ်အုပ်ဝယ်ဖြစ်သည်။ ၇တန်းလောက် အရောက်တွင် ကျွန်မ၀ယ်ထားသော ဂျာနယ် နှင့် စာအုပ်များမှာ စတိုခန်း၏ ထက်ဝက်ခန့်ကို နေရာယူထားလေပြီ။ ကာတွန်းကို ၀ယ်ရုံတင် အားမရသေး။ စာအုပ်ဆိုင်က ငှားဖတ်သည်။ ဘိုဘို တွတ်ပီ ပိုးဇာ ဂျောက်ဂျက် ယူနိုင် ဒီရဲဂျာ သက်ပိုင်ရဲ ရှင်နှောင်း.. အမ်မလေး ပြောရင်ကုန်မှာ မဟုတ်တော့ဘူး။ အကုန်ဖတ်တယ်။ စာအုပ်ဆိုင် တစ်ဆိုင်ထဲ ငှားရတာ အားမရလို့ ၃ဆိုင် ပတ်ငှားတယ်။ ကျောင်းပိတ်ရက်ဆို တစ်နေ့ကို ကာတွန်း ၄ အုပ်ကနေ ၁၂အုပ်ထိ ဖတ်တယ်။ ရသမျှ မုန့်ဖိုးနဲ့ စာအုပ်ဖိုးတောင် မလောက်ဘူး။ အိမ်ကလူကြီးတွေကလည်း အပြင်မှာ လတ်လျားလတ်လျားမလုပ်ပဲ စာအုပ်ပဲဖတ်တာဆိုတော့ ဘာမှ သိပ်မပြော။ ၈တန်း ၉တန်းလောက် ရောက်တော့ လိုင်းပြောင်းသွားသည်။ ကာတွန်းနှင့် ပုံပြင်အစား ၀တ္ထုစာအုပ်များ အစားဝင်လာသည်။ ၀တ္ထုများကိုတော့ မ၀ယ်။ ဆိုင်မှ ငှားဖတ်သည်။ အမေက အချစ်ဝတ္ထုများ ပေးမဖတ်။ လွန်းထားထား ပုညခင် အိမ်သို့ သယ်လာခွင့်မရှိ။ တော်သေးသည်။ တာရာမင်းဝေ မင်းခိုက်စိုးစန် အကြည်တော် စာအုပ်များကို ဟာသစာအုပ်များဟု ပြောကာ အိမ်ငှားလာရင် ဘာမှမပြော။ ခုလောက်ဆိုရင်တော့ စာဖတ်ဘယ်လောက် ၀ါသနာကြီးလဲ သိလောက်ရောပေါ့။ ခုဒီရောက်လာတော့ အီးဘုတ်ခ်များနှင့်သာ ကျေနပ်နေရတော့သည်။ အဟင့်။

အစားအသောက်
ကျွန်မက ထမင်းနဲ့ဟင်းထက် သရေစာ ပိုကြိုက်တယ်။ ရန်ကုန်မှာတုန်းက တရုတ်တန်းမှာနေတော့ ညနေစောင်းပြီဆိုတာနဲ့ ချစ်မားသားဆီက ပိုက်ပိုက်တောင်း။ လမ်းထိပ်ထွက်ပြီး မုန့်လျှောက်ပတ်စားတာ။ တစ်ခါတစ်လေ ညစာထမင်းတောင် မစားဖြစ်ဘူး။ ညစာအလွတ် အပီဆွဲတာ။ ဘယ်နေရာမှာ ဘာမုန့်ကောင်းတယ် ဘယ်ဆိုင်ကောင်းတယ်ဆိုတာ အကုန်သိ။ စင်ကာပူရောက်တော့လည်း အားရင် ဟင်းချက်ကောင်းတဲ့ ဘလော့ဂါမမတွေဆီလျှောက်လည်။ သရေကျ။ အပြင်ရောက်ရင် ဟိုသရေစာ ဒီသရေစာ တို့တိတို့တိစား။ ဘလော့မှာ ဟင်းချက်နည်းတွေကိုမှတ် ပြီးရင် ခင်တဲ့မမတွေအိမ်ကိုသွား။ ချက်ကျွေးခိုင်း။(အမှန်တော့ ကိုယ့်ဟာကိုယ်ချက်စားကြည့်ချင်ပါတယ်။ ဒါပေမဲ့ အိမ်ရှင်က မီးဖိုချောင် သုံးခွင့်မပေးပါဘူး) ကဲ အဲ့လိုမျိုးလည်း အစားအသောက် ၀ါသနာကြီးပါသတဲ့။

တော်ပြီ။ ကြာရင် အစားပုတ်တဲ့ အကြောင်းတွေ ပေါ်ကုန်တော့မယ်။
ဘယ်သူ့ကို ဆက်tagရမလဲလို့ စဉ်းစားတော့ ဒီလိုအိုင်ဒီယာရပါတယ်။ အခုဒီစာကြောင်းကို ဖတ်မိတဲ့သူတွေအားလုံးကို tagပါတယ်။ ဘာအခုမှ မဖတ်တော့ဘူးလုပ်နေတာလဲ။ မရတော့ဘူး။ငှင်းငှင်း။ ရေးရတော့မယ်။ဒါပဲ။
ဟဟား။ ပေါတာတွေ တော်သင့်ပြီ။ တော်ကြာ တည်တည်ကြည်ကြည်နေတဲ့ ဘာဘာကို ငပေါမလေးလို့ ထင်ကုန်ကြတော့မယ်။ နောက်တာပါ။ ရေးချင်တဲ့ လူတွေရေးကြပါ။ ပြီးရင် ဆီပုံးမှာ အော်ခဲ့ပါ။ တစ်ယောက်ချင်းဆီကို သေချာလာလည်ဖတ်ပါ့မယ်။ :)


Sunday, March 22, 2009

တွေးမိတွေးရာများ

Training နောက်၂ရက်မှာတော့ ပထမနေ့လောက်တော့ မဆိုးတော့ပါဘူး။ နည်းနည်း အဆင်ပြေတယ်။ ဒါပေမဲ့ စလုပ်လုပ်ချင်းမို့လား မသိဘူး။ လုပ်ရတာတော့ မပျော်ဘူး။ အလုပ်ကို မသွားချင်တာ။ ဒါပေမဲ့လည်း "ပျော်ရာမှာ မနေရ၊ တော်ရာမှာနေရ" လို့ပဲ စိတ်ထဲတွေးပြီး အလုပ်ဆက်သွားရတာပေါ့ကွယ်။

ဗဟုသုတတော့ အတော်ရသား။ ကျန်းမာရေးဗဟုသုတတွေပေါ့လေ။ လူနာပေါင်းစုံကိုလည်းတွေ့ပြီး အတွေးတွေလည်း များမိပါရဲ့။
တစ်ခါကဆို ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ယောက် လာပြတယ်။ သူက မွေးခါနီးပြီ။ ကျွန်မတို့ ဒေါက်တာမမနဲ့ မွေးမှာ။ ခွဲမွေးမှာတဲ့။ ဘာလို့လဲဆိုတော့ Horoscope တွက်ချက်မှုအရ April ၃ရက်နေ့ မနက် ၉နာရီက နေ ၁၁နာရီ အတွင်း မွေးရမယ်ဆိုပဲ။ အစက သူက Apr ၁ရက်နေ့ မွေးဖို့ Date လုပ်ထားတယ်။ နောက်တော့ Apr ၁ က April Fool Day မို့လို့တဲ့။ ၃ရက်နေ့ ပြောင်းလို့ရမလားဆိုပြီး ဆရာဝန်နဲ့ လာတိုင်ပင်တယ်။ April Fool Dayမှာ မွေးတော့ ဘာဖြစ်မှာကျလို့။ ရယ်တော့ ရယ်ရသား။ ဧပြီ၁ရက်နေ့မှာ မွေးတဲ့ ဖြိုးမော်တစ်ယောက်တော့ သူ့ဖွားဖက်တော် ညီလေး(သို့)ညီမလေး တစ်ယောက် လျော့သွားတာပေါ့လေ။ အဲ့လိုတွက်ချက်ပြီးမွေးတာနဲ့ ပတ်သက်ပြီး ကျွန်မတစ်ခုတွေးမိတယ်။ လူတစ်ယောက်ရဲ့ ကံကြမ္မာက မိခင်ဗိုက်ထဲရောက်ကတည်းက သတ်မှတ်ပြီးသားလို့ ထင်တာပဲ။ အဲ့လိုမျိုး အချိန်တွေ ပြောင်းပြီးမွေးလိုက်လို့ကော အဲ့ဒီကလေးရဲ့ ကံကြမ္မာက ပြောင်းသွားမှာလားဟင်။ ဘုရားသတ်မှတ်ပေးတဲ့ ကံကြမ္မာ(ဒါမှမဟုတ် ကိုသီဟသစ်ပြောသလို အတိတ်ကံက သတ်မှတ်ပေးတဲ့ ကံကြမ္မာ)ကို လူတွေက ကိုယ်တိုင်သတ်မှတ်ဖို့ ကြိုးစားနေသလိုပါပဲ။ ကျွန်မအတွေးလေးကို ပြောကြည့်တာပါ။ ပျင်းလို့ လျှောက်စဉ်းစားကြည့်တာနော်။


Thursday, March 19, 2009

အလွဲများနဲ့ ကွန်မ၏တစ်နေ့တာ

ဒီရက်ပိုင်း စာရေးရမှာ အပျင်းထူနေပါတယ်။ အလုပ်ကိစ္စနဲ့ နည်းနည်းစိတ်ရှုပ်တာလည်း ပါတယ်။ အခု အလုပ်ကလည်း ရသလိုမရသလိုဖြစ်နေပါတယ်။ မနေ့က interview ၂ခုသွားပါတယ်။ ပထမတစ်ခုကတော့ ရေရေရာရာ မရှိလှပါဘူး။ မေးခွန်းနည်းနည်းမေးပြီး နောက်မှ ပြန်ဆက်သွယ်ပါ့မယ်ဆိုပြီး ပြီးသွားတယ်။ ဒုတိယ interview ကျတော့ အင်တာဗျူးတဲ့ ဒေါက်တာမမက အသက်၃၀ကျော်ဝန်းကျင်ပဲ ရှိပါသေးတယ်။ Training ဆင်းကြည့်ပါတဲ့။ ဒီအလုပ်က ညီမနဲ့ အဆင်ပြေမပြေမသိတော့ စမ်းလုပ်ကြည့်ပေါ့တဲ့။ ၃ရက်လောက်လုပ်ပြီး အဆင်ပြေရင် ဆက်လုပ်ပါလို့ ဒေါက်တာမမက ပြောပါတယ်။ ရာထူးကတော့ သူ့ရဲ့လက်ထောက်ပေါ့နော်။ အလုပ်ရှင်က ချောချောလှလှလေး။ စကားပြောလေးကလည်းချို။ အဲ့တော့ ဒီလို သဘောကောင်းကောင်း အလုပ်ရှင်နဲ့ လုပ်ရတော့ ကောင်းတာပေါ့ဆိုပြီး ခေါင်းကို ဆတ်ဆတ်ငြိမ့်လို့ ဒီနေ့Training စဆင်းတယ်ပေါ့ကွယ်။

သို့သော်လည်း အလုပ်စဆင်းတော့ အထင်နဲ့အမြင်က မှားခဲ့လေပြီ။ မနေ့က စကားချိုသော မမဒေါက်တာ။ ဒီနေ့ ဆေးခန်းရောက်တာနဲ့ ကောင်တာက ကောင်မလေး၂ယောက် လေပေါနေတာတွေ့လို့ စအော်ငေါက်ပါလေရော။ ကျွန်မတောင် နည်းနည်းလန့်သွားတယ်။ ပြီးတော့ ကျွန်မကို ၀န်ထမ်းတစ်ဦးက ဆေးlabel တပ်နည်းတွေ Lab form ရေးနည်းတွေ blah blah သင်ပေးတယ်။ ဆေးနာမည်တွေလည်း မှတ်ရသေးတယ်။ အဓိက တာဝန်က ဆရာဝန် consultation လုပ်နေတဲ့ အချိန် သူလိုအပ်သမျှလုပ်ပေးရမယ်။ သူ့ပါးစပ်က ဆေးနာမည် တစ်ခုထွက်ပြီဆိုတာနဲ့ ဗီရိုဖွင့် ဆေးထုတ်။ လူနာနာမည် နဲ့ ဆေးအညွှန်းရေး။ ပြီးရင် ဆရာဝန်က ဘာကို စမ်းသပ်မယ်ဆိုတာနဲ့ လိုအပ်တဲ့ ပစ္စည်းကိရိယာတွေ အဆင်သင့်ထုတ်။ လူနာတွေ ကုတင်ပေါ်တက်ရင် တွဲတင်ပေး တွဲချပေး။ ဗဟုသုတတော့ အတော်ရသား။ ဒါပေမဲ့ ဒေါက်တာမမက စိတ်အလွန်ကြီးကြောင်း မျက်ဝါးထင်ထင်တွေ့ခဲ့ရသည်။ လုပ်တာကိုင်တာ နှေးရင် အော်ခံထိဖို့ပြင်။ မှားရင်တော့ သေဖို့သာပြင်ပေတော့။ တစ်ခါ သူခိုင်းတာ ဘာခိုင်းမှန်းမသိ၍ ကြောင်နေတဲ့ ကျမ ကောင်းကောင်းကလော်တုပ်ခံရ။ သူ့ultrasound machine ပေါ် လက်မအားလို့ မှတ်စုစာအုပ်ခဏတင်မိ။ ထပ်အအော်ခံရ။ ဆေးဗီရိုတွင် စာရေးရင် ဆွဲထုတ်ရသော သစ်သားအပြားလေးရှိသည်။ ထိုသစ်သားအပြားလေးအား အထုတ်အသွင်းတွင် အားနည်းနည်းပြင်းသွားသည်။ ခြိမ်းခြောက်ခံရသည်။ ပျက်ရင် လစာထဲက နှုတ်မည်ဟု။ လစာကဖြင့် ဘယ်ဆီနေမှန်းမသိသေး။ ဆေးမှတ်တမ်းပေါ်တွင် လူနာနာမည်နှင့် IC ရေးခိုင်းသည်။ လူနာ နာမည်မှာ မတရားရှည်သောကြောင့် နေရာမဆန့်။ မြှားထိုးပြီးရေးမိသည်။ ထပ်ဆူခံရသည်။ နာမည်ရှည်မှန်းသိရင် အစထဲက ချုံ့ရေးပါလားတဲ့။ အခုကြည့်မကောင်း ရှုမကောင်းနဲ့တဲ့။ ကျွန်မလည်း ဒါဆို နောက်တစ်ရွက်ထပ်ရေးလိုက်ပါ့မယ်ဆိုပြီး စာရွက်နောက်တစ်ရွက် အပြေးသွားယူ။ ပြန်လာတော့ မမက ပြော၏။ စာရွက်သိပ်ပေါနေလားတဲ့။ စာရွက်ဆိုတာ သစ်ပင်ကလုပ်တာဆိုတာ နားလည်တယ်မလား။ စာရွက်ဖြုန်းတီးတာ သစ်ပင်တွေကို သတ်တာနဲ့ တူတူပဲ။ ပြန်သွားထားတဲ့။ သြော်... ဘာလုပ်လုပ်တလွဲပါလား ငါ့နဲ့နော်။ တော်ပါသေးရဲ့။ မမက လှည့်ပတ်အော်ငေါက်ရတာ မောသွားပြီထင့်။ ဒီနေ့ သင်ပေးတာတွေ အကုန်ချရေးတဲ့။ ပြီးရင် ပြန်တော့တဲ့။ ကျွန်မလည်း အတက်ကြွဆုံးရေးတော့တာပေါ့။ ရေးပြီးသွားတော့ မမက မေးပါတယ်။ မနက်ဖြန် Training လာအုံးမှာလားတဲ့။ အလုပ်ကလည်း ရှာရခက်တယ်ဆိုတော့ ရနိုင်တဲ့ ဒီအလုပ်လေးပဲ ဆက်ကြိုးစားကြည့်ရမှာပေါ့ကွယ်။ ဟင့်။ အဲ့တော့ လာမယ်ပဲပြောလိုက်ရတာပေါ့။ ကဲဒီတော့ ဒီည ဘုရားသေချာရှိခိုးသွားမှ။ မနက်ဖြန် ဒေါက်တာမမ စိတ်ကောင်းဝင်ပြီး တပည့်တော်မလည်း ဆူပူအော်ငေါက်ခံရခြင်းဘေးမှ ကင်းဝေးစေသောဝ်။ ။


Tuesday, March 17, 2009

မက်ခွင့်မရှိလိုက်တဲ့ အိပ်မက်တစ်စုံ -၂

လေပြေ မောင့်ဆီက ထိုစကားကြားပြီး စိတ်တွေ ယောက်ယက်ခတ်နေတယ်။ ခေါင်းထဲမှာလည်း အတွေးတွေက စုံလို့။ ထိုတစ်ခဏ သူမ မောင့်ကို ဘာပြန်ပြောရမှန်းမသိအောင် ဆွံအနေခဲ့မိသည်။"ကျွန်မ ပြန်တော့မယ်မောင်။" ဆိုတဲ့ တစ်ခွန်းထဲ ပြောပြီး လှည့်ထွက်ခဲ့တယ်။ မောင်က ပြန်လိုက်ပို့ပေးမယ်ဆိုသော်လည်း သူမ taxi ကို ဇွတ်တားပြီး ထွက်လာခဲ့တယ်။
အိမ်ပြန်ရောက်တာနဲ့ အခန်းတွင်းအောင်းနေမိတယ်။ ဒီလိုဆို သူမလည်း ဆေးသွားစစ်သင့်ပြီ။ သို့သော် ဆေးသွားစစ်ရန် လုံလောက်တဲ့ သတ္တိ လေပြေမှာ မရှိတာတော့ အမှန်ပင်။ဘာလို့ ဒီလို ကံကြမ္မာဆိုးကြီးက လေပြေနဲ့မောင်အပေါ် ကျလာတာလဲကွာ။ လက်ထပ်ပြီး တစ်ပတ်မျှသာ ရှိသေးတဲ့ ဇနီးမောင်နှံ အသစ်စက်စက်လေးကိုမှ ကံတရားက ရက်စက်လေခြင်း။ မောင် အိမ်ပြန်ရောက်လာတော့လည်း စကားမပြောဖြစ်။ အတွေးကိုယ်စီနဲ့ ၂ယောက်လုံးနှုတ်ဆိတ်နေမိတယ်။ ထိုတစ်ညလုံး သူမ တစ်မှေးမှ အိပ်မရခဲ့။ မောင်လည်း အိပ်လို့ရမည်မထင်။ နောက်ဆုံးတော့ လေပြေ ခိုင်မာတဲ့ ဆုံးဖြတ်ချက်တစ်ခု ချလိုက်သည်။ မနက်ဖြန် မနက်စောစော သူမဆေးသွားစစ်မည်။ မောင့်ကိုတော့ မခေါ်သွားတော့။ သူမတစ်ယောက်ထဲသွားမည်။
နံနက် ၆နာရီ ။ သူမတစ်ညလုံး မအိပ်ရသေးသော်လည်း ဆေးသွားစစ်ရမည်ဟူသော စိတ်ကြောင့်ထင်သည်။ အိပ်ချင်စိတ် လုံးဝမရှိ။ မောင်ကတော့ မိုးလင်းခါနီးမှ အိပ်ပျော်သွားသည် ထင်၏။ အိပ်မောကျနေသည် မှာ လုံးဝ အပြစ်ကင်းစင်လှသည်။ ဒီလို ရောဂါမျိုး မောင့်လို လူဆီမှာဖြစ်တယ်ဆိုတာ လေပြေခုချိန်ထိ ယုံရခက်ဆဲ။ အိပ်ရာထဲလည်း ဆက်မလှဲချင်တော့တာနဲ့ ရေမိုးချိုး ၊ဘုရားရှိခိုးပြီး မနက်စာအတွက် ပြင်ဆင်သည်။ သူမအိမ်က ထွက်လာချိန်အထိ မောင် အိပ်ရာက မနိုးသေး။ ထို့နောက် သူမ အိမ်မှ စောစောထွက်ကာ ရွှေတိဂုံဘုရားသို့ ၀င်သည်။ ထို့နောက် ဆေးစစ်ရန် ထွက်လာခဲ့သည်။ လမ်းတစ်လျှောက် သူမတွေးနေမိသည်။ အကယ်လို့ ဆေးစစ်တာ POSITIVE ဆိုရင် သူမ ဘာဆက်လုပ်မည်နည်း။ သူမ အသက် ၂၂နှစ်သာရှိသေးသည်။ သူမနှင့် မောင်တို့ ပျော်ရွှင်တဲ့မိသားစုဘ၀လေး ထူထောင်ကြမည်ဟု အိပ်မက်ထားသမျှ တကယ်ပဲ ဖြစ်မလာနိုင်တော့ဘူးလား။ ဆေးခန်းရှေ့ရောက်လာမှ သူမအတွေးစတွေ ပြတ်သွားသည်။ ဆေးခန်းရောက်ရောက်ခြင်း ဆေးစစ်လို့မရသေး။ အရင် consultation ၀င်ရသည်။ ဆရာဝန်မ ပြောသော စကားများ နားထဲဝင်တစ်ချက် မ၀င်တစ်ချက်။ ထို့နောက် ဆေးစစ်ပြီး အိမ်ပြန်လာခဲ့သည်။ "အဖြေရရင် ဖုန်းဆက်လိုက်မယ်။ ၂ ရက်အတွင်းတော့ ရမှာပါ။ စိတ်အေးအေးထားပါ မလေပြေ။ ဒါမျိုးက ဖြစ်ခဲပါတယ်။ "သူမလည်း ခေါင်းအသာငြိမ့်ကာ ထွက်လာခဲ့သည်။
အိမ်ပြန်ရောက်တော့ မောင် အိမ်မှာမရှိ။ company သွားတာပဲ ဖြစ်မည်။လေပြေ မောင့်ကို ချီးကျူးမိသည်။ ဤသို့ ကြောက်မက်ဖွယ် ရောဂါဆိုးကြီး စွဲကပ်နေသော်လည်း မောင် တည်ငြိမ်လွန်းသည်ဟု လေပြေထင်သည်။ သူလုပ်စရာရှိသော အလုပ်များကို မူမပျက် လုပ်သွားနိုင်သည်။ အကယ်လို့ သူမသာ မောင့်နေရာမှာဆို မောင့်လိုနေနိုင်ပါ့မလား။ မင်္ဂလာဧည့်ခံပွဲအတွက် ပြင်ဆင်ချင်စိတ်လည်း သူမမှာ မရှိတော့။ လေပြေတို့အတွက် အဓိပ္ပာယ်မှ မရှိတော့ပဲ မောင်ရယ်။ ညနေကျတော့ မောင်ဖုံးဆက်ရှာပါသည်။ မင်္ဂလာခမ်းဝင်ပစ္စည်းတွေ သွားကြည့်ချင်သေးလားတဲ့။ သူမစိတ်မပါလို့ မကြည့်တော့ဘူးဟု ပြောလိုက်သည်။ မောင်လည်း သူမစိတ်အခြေအနေကို နားလည်သည်ထင်ပါတယ်။ "ဒါဆိုလည်း မောင်စောစောပြန်လာမယ်နော်"ဆိုပြီး ဖုန်းချသွားသည်။
မောင် အိမ်ပြန်လာတော့ သူမတို့ ညစာတူတူစားဖြစ်သည်။ ခါတိုင်း ရယ်မောစနောက်သံတွေနှင့် ပြည့်နှက်နေသော ထမင်းဝိုင်းလေး အခုတော့ တိတ်ဆိတ်ခြောက်သွေ့မှုတွေသာ ကြီးစိုးနေသည်။ ထိုတိတ်ဆိတ်မှုကို မောင်ကပဲ စတင်ဖြိုခွင်းလိုက်သည်။ "ကျေးဇူးတင်ပါတယ် လေပြေ။" သူမ ခေါင်းငုံ့ထမင်းစားနေရာမှ မော့ကြည့်မိသည်။ မောင့်ပုံစံက တကယ်ကို လှိုက်လှိုက်လှဲလှဲ ပြောနေသလိုပင်။ "ဘာကိုကျေးဇူးတင်တာလဲ မောင်" "မောင်ကို ခွင့်လွှတ်ပေးလို့ပေါ့။ မောင်က လေပြေကို ပြောဖို့ တော်တော်လေး သတ္တိမွေးခဲ့ရတယ်။ လေပြေ မုန်းသွားမှာ မောင်ကြောက်တယ်။ မောင် တကယ့်ကို မိုက်လုံးကြီးခဲ့မိတာပါကွာ" "ဒီမှာ မောင်။ ကျမ မောင့်ကို ခွင့်လွှတ်တယ်လို့ ဘယ်တုန်းကမှ မပြောခဲ့ဘူး။ ခုချိန်မှ ကျမစိတ်တွေ တအားရှုပ်နေတဲ့အတွက် အဲ့ဒီကိစ္စနဲ့ ပတ်သက်ပြီး မောင့်ကို ကျမပြောဖို့ အင်အားမရှိသေးဘူး။ မောင့် အနားမှာ ဒီလောက် အစစအရာရာ လိုလေသေးမရှိအောင် ကျမတာဝန်ကြေခဲ့ရက်နဲ့ ဒီလိုမျိုးလုပ်ရက်တဲ့ မောင့်ကို ကျမဘယ်လိုနားလည်ပေးရမလဲ။ပြောပါ မောင်"သူမ၄နှစ်လုံးလုံး နှုတ်ကျိုးအောင် ခေါ်ခဲ့သော "မောင်"ဆိုသော အသုံးအနှုန်းကို မောင့်ကို စိတ်ဆိုးသည့်တိုင်အောင် ဆက်ခေါ်မိနေဆဲပင်။ "မဟုတ်ဘူး လေပြေ ... ဒီကိစ္စတွေက မောင်လေပြေနဲ့ မတွေ့ခင်တုန်းက ကိစ္စတွေပါ။ လေပြေနဲ့ တွေ့ပြီးနောက်ပိုင်း ကိုယ်တစ်ခါမှ သစ္စာမဖောက်ခဲ့တာ အမှန်ပါကွာ။"လေပြေ ထမင်းဆက်စားချင်စိတ်မရှိတော့။ ထမင်းဝိုင်းမှ ထထွက်လာသည်။
ဒီရက်ပိုင်း သူမ မောင်နှင့် ခပ်စိမ်းစိမ်းနေဖြစ်သည်။ မောင် အလုပ်က ပြန်လာရင်လည်း စကားသိပ်မပြောဖြစ်။ သို့နှင့် ဆေးစစ်ပြီး တတိယမြောက်နေ့မှာ သူမကို ဆရာဝန်မက ဖုန်းဆက်သည်။ ဆေးစစ်ထားသည့် အဖြေလွှာ ရပြီဟု အကြောင်းကြားခြင်း ဖြစ်သည်။ အဖြေကို ဖုန်းထဲက မေးတော့ ဆရာဝန်မက လူကိုယ်တိုင်လာယူဖို့ ပြောသည်။ လေပြေ စိတ်ထဲထင့်နေသည်။ ဒီလိုနှင့် ဆေးခန်းရောက်တော့ အဖြေက NEGATIVE တဲ့။ လေပြေ ၀မ်းသာသွားသည်။ ဒါပေမဲ့ ဆရာဝန်မက ဆက်ပြောသည်။ "လေပြေ နောက် ၆လနေရင်တော့ ထပ်ဆေးစစ်ဖို့လိုမယ်။ အခုက လေပြေတို့ လက်ထပ်ထားတာ တစ်ပတ်ပဲ ရှိသေးတယ်ဆိုတော့ အကယ်လို့ ရောဂါပိုးကူးခဲ့မယ်ဆိုရင်တောင် အဲ့လောက်တစ်ပတ်အချိန်အတွင်းမှာ မသိနိုင်ဘူး။" "ဟုတ်ကဲ့ပါ ဆရာမ။ လေပြေ နောက်၆လလောက်နေရင် ပြန်လာခဲ့ပါအုံးမယ်။"လေပြေစိတ်ထဲမှာ နည်းနည်းတော့ ပေါ့သွားသလိုပင်။ သို့သော်လည်း နောက်၆လဆိုသော အချိန်မှာ ဘာမဆိုဖြစ်လာနိုင်သေးသည် မဟုတ်ပါလား။
လေပြေအိမ်ပြန်ရောက်တော့ မောင်က အစောကြီးအိမ်ပြန်ရောက်နေသည်။ "လေပြေ ဘယ်သွားနေတာလဲကွာ။ မောင် ဒီနေ့ နေလို့မကောင်းတာနဲ့ အိမ်စောစောပြန်လာခဲ့တယ်။ လေပြေဖုန်းဆက်တာလည်း ဘယ်လိုမှ ခေါ်လို့မရဘူး။" "အင်း လေပြေ မေချိုတို့အိမ်ခဏသွားနေတာ။ ဖုန်းက ဘက်ထရီကုန်နေတယ်။ " သူမ စကားကို မေးတစ်ခွန်း ဖြေတစ်ခွန်းသာ မောင့်ကို ဆက်ဆံခဲ့သည်။ မောင်နေမကောင်းဘူးဆိုမှ မောင့်ကို သေချာပြန်ကြည့်မိသည်။ သူမ ပစ်ထားသော ၃၊၄ရက် အတွင်းမှာတောင် မျက်နှာချောင်ကျသွားလိုက်တာ။ မောင့်ကို သနားသလို ဖြစ်သွားသည်။ အို..ဘာလို့ သနားရမှာလည်း။ သူ့အပြစ်နဲ့ သူပဲ။ သစ္စာမဲ့တဲ့ ဒဏ်ခံရတာ။ သူမအဲ့လိုမျိုး စိတ်ကိုတင်းထားပေမဲ့ တကယ်တမ်းတော့ မနေနိုင်ပါ။ ချောင်းတဟွပ်ဟွပ်ဆိုးနေသော မောင်။ ခါတိုင်းထမင်းကို လိုက်ပွဲယူမှ ၀သည့်မောင်။ အခုတော့ ထမင်း တ၀က်ကိုပင် တပင်တပန်းစားနေရသလိုပင်။ မောင် ဘာအပြစ်တွေ လုပ်ခဲ့လုပ်ခဲ့ သိပ်ချစ်လို့ လက်ထပ်ခဲ့သောမောင့်ကိုတော့ ကြာကြာပစ်မထားနိုင်။ ရေနွေးနွေးလေးနှင့် ချောင်းဆိုးပျောက်ဆေးယူကာ သွားပေးလိုက်သည်။ နေမကောင်းသည့်ကြားမှ မောင့်အပြုံးလေးကို သူမမြင်လိုက်ရသည်။
မောင် ဒီရက်ပိုင်း အတော်နေမကောင်းဖြစ်သည်။ သူ့ကို ကြည့်ရတာလည်း လုံးဝအားမရှိသလိုပင်။ လေပြေ နေ့တိုင်း ကြက်ပေါင်းတွေ ပေါင်းတိုက်သော်လည်း မောင့်ကို ကြည့်ရတာ တော်တော်ဖျော့တော့နေသည်။ လေပြေမနေနိုင်တော့။ မောင့်ကို မေးလိုက်သည်။ "မောင်.. ဆရာဝန်ကော ပြရဲ့လား ဟင်။"မောင်က သူမကို ပြုံးပြီးကြည့်သည်။"သေမိန့်ကျပြီးသား လူတစ်ယောက်က ဆရာဝန်ဆီ သွားတော့ကော ဘာများထူးခြားမှာလဲ လေပြေရယ်"မောင်ရယ် ဖြစ်မှ ဖြစ်ရလေ။ ကိုယ့်ဟာကိုယ် သေဒဏ်ကျတရားခံတစ်ယောက်လိုတောင် သတ်မှတ်ထားပါလား။ အမှန်တော့ ဒါဟာကုမရတဲ့ ရောဂါတစ်ခု မဟုတ်ပါဘူး။ ခုခေတ်မှာ ဆေးဝါးတွေ ဒီလောက် ခေတ်မီနေတာပဲ ။ သူမ မောင့်ကို ရအောင် ကုမည်။ ပြုစုမည်။ မောင် လူကောင်းနှင့်မခြား သက်တမ်းစေ့ နေနိုင်စေရမည်ဟု စိတ်ပိုင်းဖြတ်လိုက်သည်။ သူမ မောင့်ကို ဟိုရက်ပိုင်းတွေတုန်းက လစ်လျူရှူခဲ့မိတာတောင် နောင်တရသွားသည်။ သူမမောင့်ကို နွေးထွေးတဲ့ အားပေးမှုတွေ ပေးသင့်တဲ့အစား အေးစက်တဲ့ လစ်လျူရှုမှုတွေသာ ပေးခဲ့သော်လည်း မောင်တစ်ချက်လေးမှ စောဒက မတက်ခဲ့။ သူမမောင့်ကို ဒီအတိုင်း ဖြစ်ထားလို့တော့ မဖြစ်။ မနက်ဖြန် ယုံကြည်ရတဲ့ အသိဆရာဝန်တစ်ယောက်ဆီ ခေါ်သွားရမည်။ မောင့်အသက် ၂၆နှစ်သာ ရှိသေးသည်။ သူမတို့မှာ လှပတဲ့ အနာဂတ်တွေ ရှိသေးသည်။ မောင့်ကို သူမဘ၀ထဲက ထွက်ခွာခွင့် မပြုနိုင်သေးဘူး။
နောက်တစ်နေ့ မောင့်ကို ဆေးခန်းသွားဖို့ခေါ်တော့ မောင်က အတင်းငြင်းသည်။ နောက်ဆုံး သူမ တောင်းပန်တစ်လှည့် စိတ်ကောက်တစ်လှည့် မနည်းခေါ်မှ မလိုက်ချင်လိုက်ချင်နှင့် လိုက်လာသည်။ စမ်းသပ်မှုတွေအပြီး ဆရာဝန်က သေချာရှင်းပြသည်။ ဆောင်သင့် ရှောင်သင့်သည့် အချက်တွေကို။ မောင်က ရောဂါဖြစ်တာကို သိတာ နောက်ကျတဲ့ အတွက်ရော သင့်လျော်တဲ့ ဆေးဝါးကုသမှု မခံခဲ့တဲ့အတွက် အခြေအနေက သိပ်တော့ အားရစရာမရှိကြောင်း။ဒါပေမဲ့ အခုအခါ ဆေးဝါးတွေက တိုးတက်လာပြီ ဖြစ်တဲ့အတွက် ဆေးမှန်မှန်သောက်မယ် ကျန်းမာရေးဂရုစိုက်မယ်ဆိုရင် မောင့်ဟာ လူပုံမှန်တစ်ယောက်လို နေနိုင်သွားကြောင်း အခုလာပြတာ အချိန်မှီလေး ဖြစ်ကြောင်း ဂရုစိုက်ဖို့လိုကြောင်း ပေါ့ပေါ့မနေသင့်ကြောင်းပြောသည်။သူမ မောင့်ကို တစ်ချက်ပြုံးကြည့်ပြီး မောင့်လက်လေးကို တင်းတင်းဆုပ်လိုက်သည်။"မောင် ဒီမှာ ဆရာက ပြောနေတယ်။ ဆေးမှန်မှန်သောက်ရင် သက်သာသွားမယ်တဲ့။ကြားတယ်နော်။"ထို့နောက် သူမ ဆရာဝန်ပေးတဲ့ ဆေးများယူပြီး ပြန်လာခဲ့သည်။ လမ်းတစ်လျှောက် မောင်က စကားတော့ သိပ်မပြော။ သူမက စပြီး "မောင် လေပြေကို ချစ်ရင် ဆေးမှန်မှန်သောက်ရမယ်နော်။ လေပြေကိုယ်တိုင် အချိန်မှန်တိုက်မယ်။ မသောက်လို့ကတော့ မိလေပြေ အကြောင်းသိတယ်နော်..ဟင်းဟင်း""ဟုတ်ပါပြီဗျာ။ ဒေါ်လေပြေစကားနားထောင်ပါ့မယ်ဗျာတဲ့" ကဲဘယ်လောက်ချစ်ဖို့ကောင်းတဲ့ မောင်လည်း။ ဒါပေမဲ့ သူမချစ်သောမောင်သည် သူမအနားက ထွက်ခွာခွင့် မပေးနိုင်သေးပါ။ သူမ အတတ်နိုင်ဆုံး မောင့်ကို လူကောင်းပကတိလို နေနိုင်အောင် ကြိုးစားမည်။ သူမ သက်ပြင်းတိုးတိုးလေးတော့ တစ်ချက် ခိုးချမိသည်။

ဆက်ပါဦးမည်။ (ဇာတ်လမ်းက မလိုအပ်ပဲဆွဲသလို ဖြစ်သွားလားမသိဘူး။ ရေးပြီး သိပ်တော့ စိတ်တိုင်းမကျသေးဘူး။နောက်မှ ပြန်ပြင်တော့မယ်။ ခုလက်ညောင်းသွားပီ။ :D စိတ်ရှည်ရှည်ထားပြီး ဖတ်ပေးတဲ့အတွက် ကျေးဇူးပါရှင်။)


Monday, March 16, 2009

မက်ခွင့်မရှိလိုက်တဲ့ အိပ်မက်တစ်စုံ


"မောင်...လာလေ။ ဘာငေးနေတာလဲ။ ဟိုမှာ ဓာတ်ပုံရိုက်ဖို့ ခေါ်နေပြီ။"
လေပြေတို့ ဒီနေ့ မင်္ဂလာပွဲအကြိုဓာတ်ပုံလာရိုက်နေခြင်း ဖြစ်သည်။ မောင်တစ်ယောက် ဒီနေ့ဘာတွေဖြစ်နေလည်းမသိ။ ငေးတိငေးတိုင်နဲ့။ လူနဲ့စိတ်နဲ့ မကပ်သလိုပင်။ ဓာတ်ပုံရိုက်တာလည်း မပြုံးပဲ တည်တည်ကြီးဖြစ်နေလို့ ဓာတ်ပုံဆရာလည်း ပြုံးခိုင်းရတာ မောနေပြီ။ အမြဲတမ်း ပြုံးပြူံးရွှင်ရွှင် တက်တက်ကြွကြွနေတတ်တဲ့ မောင်..တစ်ခုခုတော့ လွဲနေပြီဆိုတာ လေပြေရိပ်မိနေပြီ။ မောင် ဒီရက်ပိုင်း မင်္ဂလာဆောင်အတွက်ရော companyကအလုပ်တွေပါ လုံးပန်းနေရတော့ ပင်ပန်းလွန်းလို့ပဲ ဖြစ်မှာပါ။

ဓာတ်ပုံရိုက်တာလည်း တော်တော်တော့ အချိန်ပေးရသား။ မနက်၉နာရီထဲက စလိုက်တာ အခုညနေ၃နာရီမှပဲ ပြီးတော့တယ်။ ဒါပေမဲ့ လေပြေတစ်ယောက် မမောနိုင်သေး။ မင်္ဂလာခန်းဝင် ပစ္စည်းတွေ မောင်နဲ့ လိုက်ဝယ်ရအုံးမယ်။ လေပြေတို့ ဧည့်ခံပွဲက နောက်လ၂၀ရက်နေ့။ အချိန်က တစ်လခွဲလောက်ပဲ လိုတော့တယ်။ ဒါကြောင့် အလောတကြီးနဲ့ လိုက်လုပ်နေရတာ။ဒါပေမဲ့ အဲ့လိုပင်ပန်းနေရတာကိုပဲ လေပြေက ပျော်နေတာလေ။

လေပြေဓာတ်ပုံရိုက်ပြီးတော့ အ၀တ်အစားပြန်လဲ၊မိတ်ကပ်တွေ ပြန်ဖျက်လုပ်နေတုန်း မောင်က သူကားပေါ်ကပဲ စောင့်နေမယ်တဲ့။ လေပြေလည်း ခပ်သွက်သွက်လေးလုပ်ပြီး ထွက်လာခဲ့တယ်။ လေပြေ ကားပေါ်ရောက်တော့ ကိုယ်တော်ချောက စတီယာရင်ပေါ် ခေါင်းမှောက်ပြီး အိပ်နေလေရဲ့။ သူမလည်း အသာလေးလှုပ်နှိုးလိုက်တယ်။ မောင်ထလာတော့ မောင့်မျက်လုံးတွေကို အမှတ်မထင်ကြည့်မိသွားသည်။ အို.. မောင့်မျက်လုံးတွေ နီပြီး မို့အစ်နေပါလား။ မောင်ငိုထားတာလား။ မဖြစ်နိုင်။ မောင်ငိုတာ လေပြေတစ်ခါမှ မတွေ့ဖူးဘူး။ "မောင့်မျက်လုံးတွေ ဘာဖြစ်နေတာလဲဟင်။ အိပ်ရေးမ၀လို့လား" ကျွန်မမေးလိုက်သည်။ မောင်ပြန်မဖြေပါ။ "လေပြေ..မောင်တို့ နောက်နေ့မှ ပစ္စည်းတွေ သွားဝယ်ရအောင်။ မောင် လေပြေကို အရေးကြီးကိစ္စ ပြောစရာရှိတယ်။ မောင်တို့ အေးအေးဆေးဆေး တစ်နေရာသွားရအောင်။" ကျွန်မမောင့်ကို ကြည့်ပြီး ရင်တွေပူလာသည်။ သို့သော် ဘာမှ ပြန်မပြောဖြစ်။ ခေါင်းအသာငြိမ့်လို့ လိုက်လာခဲ့သည်။

ကန်တော်ကြီးရဲ့ ခုံတန်းလေးတစ်ခု။ အချိန်က ညနေ၄နာရီ။ ရောက်တာ ၁၀မိနစ် ရှိပြီ။ အရေးကြီးကိစ္စ ပြောစရာရှိသည် ဆိုသောမောင် ခုချိန်ထိ စကားတစ်ခွန်းမှ မဟသေး။ လေပြေစိတ်မရှည်တော့။ "မောင်.. ပြောစရာ ရှိတာမြန်မြန်ပြောလေ။ ဘာတွေဖြစ်နေတာလဲကွာ။" မောင်သူမကို စိုက်ကြည့်သည်။
"လေပြေ.. မောင် လေပြေကို သိပ်ချစ်တာ လေပြေသိပါတယ်နော်"
"အော်..မောင်ကလည်း ဘာများလည်းလို့။ သိတယ်လေ။ မောင်က လေပြေကို သိပ်ချစ်သိပ်အလိုလိုက်၊ ဒါကြောင့်လည်း မောင့်ကို တစ်ဘ၀လုံးအတွက် ရွေးချယ်ခဲ့တာပဲဟာကို။"
"မောင်သာ အပြစ်တစ်ခုခုလုပ်မိရင် လေပြေတစ်သက်လုံး မုန်းသွားမှာလားဟင်။"
"မောင်ကလည်း ဘာတွေပြောနေတာလဲ။ မောင် ဘယ်တော့မှ လေပြေစိတ်ဆင်းရဲအောင် မလုပ်ဘူးဆိုတာ လေပြေယုံတယ်။"
"မောင်လေ...မောင် ..လေပြေကို ၀န်ခံစရာတစ်ခုရှိတယ်။ မောင်ကို ခွင့်မလွှတ်ပါနဲ့ လေပြေရယ်။ မောင် တအားမှားခဲ့တယ်ကွာ.. တောက်"
"ဘာကိစ္စလဲမောင်.. မြန်မြန်ပြောပါမောင်ရယ်။ လေပြေ ရင်တွေပူလို့ပါ။"
မောင် သက်ပြင်းရှည် တစ်ချက် ချတယ်။ ပြီးတော့ သူမကို မကြည့်ပဲ ကန်ရေပြင်ကို ကြည့်ရင်း စကားဆက်ပြောတယ်။
"မောင် ပြီးခဲ့တဲ့ အပတ်က သူငယ်ချင်းတစ်ယောက် ဆေးစစ်တာ အဖော်လိုက်သွားပေးတယ် လေပြေ။ သူက HIV သွားစစ်တာ။ သူ့တစ်ယောက်တည်း မသွားချင်ဘူးဆိုတာနဲ့ လိုက်သွားပေးတာ။ ဟိုရောက်တော့ သူက မင်းပါတစ်ခါတည်း စစ်ထားပါလား။စစ်ထားတော့ ပိုကောင်းတာပေါ့ကွာ ဆိုတာနဲ့ မောင်ပါတစ်ခါတည်း စစ်ခဲ့တယ်။ အဖြေက လွန်ခဲ့တဲ့၂ရက်က ရတယ်။ မောင့်သူငယ်ချင်းက NEGATIVE တဲ့။ ဒါပေမဲ့ ....ဒါပေမဲ့..."
မောင့် စကားသံတွေ တုန်နေသည်။ ကျွန်မလည်း ဆက်နားမထောင်ရဲတော့။ မောင်ရယ် ရက်စက်လိုက်တာ။ ကျွန်မအပေါ်လည်း သစ္စာမဲ့မယ်လို့ ဘယ်တုန်းကမှ မထင်ခဲ့မိဘူး။ ဟာ... ရုတ်တရက် သူမထူပူသွားသည်။ သူမနဲ့မောင် လွန်ခဲ့တဲ့ တစ်ပတ်ခန့်က တရားရုံးတွင် လက်မှတ်ထိုးပြီး အကြင်လင်မယားဘ၀ရောက်ခဲ့သည်။ ဧည့်ခံပွဲကတော့ ဟိုဖက်ဆွေမျိုး ဒီဖက်ဆွေမျိုးစောင့်ရင်းနဲ့ နောက်လမှ ကျင်းပဖို့ ဆုံးဖြတ်ခဲ့ကြခြင်းဖြစ်သည်။ ဒါဆို မောင့်မှာ HIV POSITIVE ဆိုတော့ သူမရော???

ဆက်ပါဦးမည်။ ။


Friday, March 13, 2009

အင်း တစ်ခုတော့ တစ်ခုခုပဲ

ညတုန်းက ကျွန်မ ၂နာရီလောက်မှာ အိပ်ရာဝင်တယ်။ အိပ်တော့ ဘာလို့မှန်း မသိ အိပ်မပျော်ဘူး။ ဟိုအကြောင်းတွေး ဒီအကြောင်းတွေးနဲ့ ၃နာရီလောက်ထိ အိပ်မပျော်ဘူး။ ၃နာရီကျော်လောက် တစ်ချက် မှေးခနဲ အိပ်ပျော်သွားတယ်။ မကြာပါဘူး "ချွမ်း"ဆိုပြီး သော့တွဲလို ပစ္စည်းမျိုး ပြုတ်ကျသံကြားပြီး လန့်နိုးလာတယ်။ အိမ်မက်များလားလို့ ပြန်စဉ်းစားတယ်။ ဟင့်အင်း အိပ်မက်မဟုတ်ဘူး သေချာတယ် ။နားနဲ့ ဆတ်ဆတ်ကြားလိုက်တာ။ ကျယ်လည်းကျယ်တယ်။ ဒါနဲ့ ကျမ အိပ်ရာက အသာထလို့ မီးပြန်ဖွင့် ဘာပစ္စည်း ပြုတ်ကျတာလဲလို့ လိုက်ရှာတယ်။ သော့နဲ့တူတာ ဘာမှ မတွေ့သလို ဘာပစ္စည်းမှလည်း အောက်မကျနေပါဘူး။ အသံက အခန်းအပြင်က အသံမဟုတ်သလို ဘေးခန်းက လူတွေလည်း အိပ်မောကျလို့ ဟောက်သံတွေတောင် ကြားနေရတယ်။ ဒါနဲ့ ကျမလည်း မီးပြန်ပိတ်ပြီး အိပ်ရာပြန်ဝင်တယ်။ မျက်လုံးပိတ်ထားပြီး ၅မိနစ်လောက် အကြာမှာ အသံထပ်ကြားတယ်။ ဒီတစ်ခါ ပစ္စည်းပြုတ်ကျသံမဟုတ်တော့ဘူး။ စကားပြောသံ။ ဝေးဝေးကလာတဲ့ အသံတော့ မဟုတ်ဘူး။ ကျမ ခေါင်းရင်းနား တစ်ကိုက်အကွာလောက်က ပြောတဲ့အသံလိုမျိုး။ ဘာစကားပြောလဲဆိုတာတော့ သေချာမကြားရဘူး။ ဗလုံးဗထွေးနဲ့။ ကျမလည်း ကြောက်ကြောက်နဲ့ ပေါက်ကရတွေ လျှောက်မစဉ်းစားတော့ဘဲ ဖုန်းနဲ့ သီချင်းကျယ်ကျယ် ဖွင့်လိုက်တယ်။ ပြီးတော့ မျက်စိကိုမှိတ် ရသမျှ ဘုရားစာရွတ်ပြီး အိပ်လိုက်တယ်။ တော်ပါသေးရဲ့။ အိပ်ပျော်သွားလို့။ မဟုတ်ရင် လျှောက်စဉ်းစားပြီး လန့်နေအုံးမှာ။ ဒီရက်ပိုင်း သရဲကားတွေ လူသတ်ကားတွေ ကြည့်မိလို့ပဲ စိတ်တွေ ခြောက်ချားနေတာလား မသိ။ အခု ဒီပို့စ်ရေးနေရင်းတောင် channel U က လာနေတဲ့ ထိုင်းသရဲကား ကြည့်နေတယ်။ အဟိ :P


Wednesday, March 11, 2009

ကျွန်မရဲ့ စိတ်ထွက်ပေါက်များ

ကျွန်မအိမ်နားမှာ တောင်ကုန်းလေးတစ်ခုရှိတယ်။ အဲ့နေရာလေးက တော်တော်မြင့်တော့ လေလည်းတိုက်တယ်။ ထိုင်လို့လည်းကောင်းတယ်။ ကျွန်မစိတ်ညစ်တဲ့အချိန် စိတ်ကျဉ်းကျပ်တဲ့ အချိန်ဆိုရင် အဲ့နေရာလေးမှာ သွားထိုင်ဖြစ်တယ်။ ခါတိုင်းထိုင်တာတော့ ညဖက်တွေများတယ်။ ညနေဖက်ဆို လမ်းလျှောက်တဲ့လူတွေ၊ လေ့ကျင့်ခန်းလုပ်တဲ့လူတွေ ရှိတတ်တော့ သိပ်ထိုင်လို့မကောင်းဘူး။ လွန်ခဲ့တဲ့ တစ်နှစ်ကျော်လောက်ဆို ပိုတောင်မိုက်သေး။ အဖိုးကြီးတစ်ယောက် အဲ့တောင်ကုန်းပေါ်မှာ တယောလာလာထိုးတတ်လို့။ တယောထိုးတာလေး နားထောင်ရင်း လေတဖြူးဖြူးနဲ့ ထိုင်ရတဲ့အရသာဟာ တကယ်ကို ဘာနဲ့မှ မလဲနိုင်ဘူး။ ဒီတောင်ကုန်းလေးက ကျွန်မအတွက် စိတ်အပန်းဖြေတဲ့နေရာလို့ ပြောလို့ရသလို အမှတ်တရအချို့ ကိုလည်း သိမ်းပေးထားတဲ့ နေရာလေးဆိုလည်း မမှားပါဘူး။ ဒီနေ့ ညနေ အပြင်က ပြန်လာတော့ ညနေဖက်၊ ထူးထူးဆန်းဆန်း တောင်ကုန်းပေါ်မှာ လူရှင်းနေတာနဲ့ တစ်ယောက်ထဲ သွားထိုင် ဖြစ်တယ်။ ထိုင်ရင်းနဲ့ စိတ်ကူးပေါက်လို့ ဖုန်းထုတ်ပြီး ဓာတ်ပုံတွေ လျှောက်ရိုက်ဖြစ်တယ်။ ဖုန်းကင်မရာက 2 Mega pixel ပဲရှိတော့ ကွာလတီတော့ ကောင်းဘူးပေါ့ကွယ်။ နည်းနည်းတော့ သည်းခံကြပါ။ အားနာပါးနာနဲ့ အလဲ့ ရိုက်ထားတာ မဆိုးဘူးပဲလို့ ပြောပေးရင် နေကြာစိ တစ်စိ အလကားကျွေးမယ်။ အဟုတ်။ :P တောင်ကုန်းလေးမှာ အတက်အဆင်း လှေကား၂ခုရှိတယ်။ ကျွန်မက များသောအားဖြင့် အပြင်ကပြန်လာရင် ၀င်ထိုင်တာများလို့ လမ်းမနဲ့ နီးတဲ့လှေကားက တက်ဖြစ်တယ်။ထိုင်တတ်တဲ့ ထိုင်ခုံလေးနဲ့ စိတ်ပေါက်ရင် တက်စီးတတ်သော မော်တော်စပရိန်(မကြီးမငယ်နှင့် သောင်းကျန်းသည်ဟု အတင်းမတုပ်ပါရန်။ ကြားရှိက ထိရောက်စွာ အရေးယူမည် ဖြစ်ကြောင်း :P)
ဒါက တောင်ကုန်းပေါ်မှ လှမ်းကြည့်ရင် မြင်ရသော မြင်ကွင်း။ ။
အဆင်းလှေကား။ (အဆင်းလှေကားဆိုတော့ တက်လို့ကောမရဘူးလားဟု မေးကောင်းမေးပါလိမ့်မည်.. ရပါသည်။ တက်လို့ကော ဆင်းလို့ကော။ ကျွန်မကတော့ ထိုလှေကားကို တတ်ရသည်မှာ ခြေထောက်ပိုညောင်းသည် ထင်သောကြောင့် အဆင်းလှေကားအဖြစ်သာ သတ်မှတ်ပါသည်။)ထိုလှေကားက ဆင်းလျှင် ဤကစားကွင်းငယ် ရှိပါသည်။ ထို ကစားကွင်းတွင်လည်း မကြာခဏသွားထိုင်ပါသည်။
ထိုတောင်ကုန်းအနီးတွင် ကစားကွင်း ၂ခုရှိပါသည်။ တစ်ခုက အတက်လှေကားနားမှာဖြစ်၍ နောက်တစ်ခုက အဆင်းလှေကားနားမှာပါ။ အခုပုံမှာ အဆင်းလှေကားနားမှ ကစားကွင်းဖြစ်သည်။ (မှတ်ချက်။ ။ ထိုင်ခြင်းသက်သက်သာ ဖြစ်သည်။ ၀င်မကစားပါ။)ဒါက ကျွန်မ၀င်ထိုင်တတ်သော ကစားကွင်း၏ အတွင်းပိုင်းဖြစ်ပါတယ်။
ဤသည်မှာ အတက်လှေကားနားမှ ကစားကွင်းဖြစ်၏။ ၀င်ထိုင်ရန် စိတ်ကူးရှိသော်လည်း အမြဲလိုလို လူရှိတတ်၍ မထိုင်ဖြစ်ခဲ့။
ဒါကတော့ စင်ကာပူမှာ ကျွန်မအကြိုက်ဆုံးနေရာ။ Henderson Wave။ ဘာလို့မှန်းမသိ ထိုနေရာကို တအားကြိုက်သည်။ ရောက်သွားတဲ့ အချိန်က ည၇နာရီ။ ကောင်းကင်မှာ ကြယ်တွေမရှိသေး။ သို့သော် ထိုအချိန်တွင် တံတားမှ မီးများထွန်းပြီ ဖြစ်သောကြောင့် အတော်လှပါသည်။ ကျွန်မရိုက်ထားသောပုံမှာ ၀ါးနေသောကြောင့် ဒုတိယပုံကို google မှ ယူတင်ဖြစ်သည်။ ပုံထဲတွင် ပါဝင်သောသူများမှာ မည်သူမည်ဝါဖြစ်မှန်း မသိကြောင်း။ :D
ဒါကတော့ ကျွန်မ မရောက်ဖူးသေးတဲ့ ကျွန်မသွားချင်တဲ့နေရာ။ စင်ကာပူထဲမှာပဲ ရှိသည်။ တော်တော်မိုက်တယ် တံတားက အရှည်ကြီး။ အဲ့ဒီ တံတားကို ရောက်ဖို့တော့ တော်တော်သွားရမည်။ ဓာတ်ပုံထဲမှာပင် တွေ့ဖူး၍ ဘယ်နေရာမှန်းမသိ။ သူငယ်ချင်းတစ်ယောက်က စာမေးပွဲပြီးရင် သွားရအောင် နေရာရှာထားဆို၍ အားကြိုးမာန်တက် တစ်ညလုံး ဂူဂယ်လ်တွင် မွှေနှောက်ရှာဖွေ၏။ သို့သော် ထိုသူငယ်ချင်းက ပုံပြောသွားခြင်းသာ ဖြစ်သည်။ထို့ကြောင့် မသွားဖြစ်။ အဟမ်း... ဘယ်မှာလဲ သိချင်လား။ သိချင်ရင် တိုးတိုးတိတ်တိတ်လာမေး။ KFC 2 piece chicken လောက်ဆို ပြောပြမယ်။ အဟတ်။သိတဲ့လူကတော့ ရှူးတိုးတိုးပေါ့နော်။ KFC ရရင် တစ်ဖဲ့ကျွေးမယ်နော် :D