Showing posts with label ဖတ်မိသမျှ. Show all posts
Showing posts with label ဖတ်မိသမျှ. Show all posts

Saturday, February 28, 2009

လူကဲခတ်နည်း :)

ငယ်ငယ်တုန်းက လူကြီးတွေပြောတာ ကြားဖူးတယ်။ ခြေညှိုးက ခြေမထက်ရှည်ရင် မိန်းကလေးဆိုရင် ယောက်ျားကို နိုင်တယ်တဲ့။ ယောက်ျားလေးဆိုရင် မိန်းမကို ကြောက်ရမယ်တဲ့။ ပြီးတော့ ရှိသေးတယ်.. လက်ချောင်းသွယ်ရင် အနုပညာအလုပ် လုပ်ရတတ်တယ်တဲ့။ လက်ညှိုးကို သေချာထောင်ကြည့်လို့ ကော့နေမယ်ဆိုရင် သူတပါးကို သြဇာညောင်းတယ်တဲ့။ ဆံပင်ကောက်ကောက် လင်၆ယောက်တဲ့.. ဆံပင်ကောက်တဲ့ လူတွေဆို ယောက်ျားများတယ်တဲ့။ ဟီး..နောက်တာနော်။အဲ့ဒါမပါဘူး။ ကဲ အတည်ဆက်ရေးမယ်။ :D နောက်တစ်ခုက လက်၅ချောင်းစိကြည့်လို့ လက်ချောင်းလေးတွေ ကြားထဲမှာ ဟနေမယ်ဆိုရင် ငွေအသုံးအဖြုံးကြီးတယ်တဲ့။ ကျွန်မကြားဖူးတာလေးတွေပါ။ မှန်မမှန်တော့ မသိဘူး။ :D

လူကြီးတွေ ပြောတဲ့စကားအရဆိုရင် အဲ့လို ခြေလက်အင်္ဂါ နဲ့ ရုပ်ဆင်းအင်္ဂါကို ကြည့်ပြီးအကဲခတ်ရင် လုံးဝမှန်ကန်တယ်လို့ မဆိုနိုင်ပေမဲ့ များသောအားဖြင့် မှန်တတ်တယ်ဆိုပဲ။ ကျွန်မကတော့ ယုံတယ်လည်းမဟုတ် မယုံဘူးလည်းမဟုတ်။ ကိုယ့်ကို ကောင်းတာပြောတယ်ဆိုရင်တော့ ယုံလိုက်တယ်။ မကောင်းတာဆိုရင်တော့ နင့်ဟာကြီးက မဖြစ်နိုင်ပါဘူးဟာ ဘာညာဆိုပြီး ငြင်းလွှတ်ပစ်တာ။ ဟဲဟဲ။

ဟိုနေ့က မင်းလူရဲ့ အချစ်သည် သက်တော်ရာကျော်ရှည်ပါစေသတည်း ဆိုတဲ့ စာအုပ်လေးမှာ အဲ့အကြောင်းနည်းနည်းဖတ်လိုက်ရတယ်။ ဖတ်ကြည့်ပြီး မှန်မမှန် စမ်းသပ်ကြည့်ကြပေါ့ကွယ်။

လက်အနေအထား
လက်မတိုလွန်းလျှင် ရက်စက်တတ်သည်။
လက်ချောင်းရှည်လျားလွန်းရင် စိတ်ကူးယဉ်တတ်သည်။
လက်ညှိုးက လက်သူကြွယ်ထက် ရှည်လျှင် သူတစ်ပါးအပေါ် သြဇာညောင်းသည်။
လက်သူကြွယ်က လက်ညှိုးထက် ရှည်လျှင် စိတ်ထားနူးညံ့ပြီး အနုပညာကို မြတ်နိုးသောစိတ်ရှိတတ်သည်။
လက်သည်းများ၏ အလျား(လက်သည်းညှပ်ထားပြီးသော အချိန်) တိုလွန်းလျှင် တစ်ကိုယ်ကောင်းဆန်တတ်သည်။ ရှည်လျှင် အများအကျိုးကို ကြည့်တတ်သည်။

ခြေထောက်အနေအထာ
ဖနောင့်တိုရင် သူယုတ်မာလက္ခဏာတွင် ပါဝင်၏တဲ့...အနော် ပြောတာဟုတ်ဘူးနော်။ စာအုပ်ထဲမှာပါတာ ပြောတာ။
ဖနောင့်ချွန်လျှင် မြင့်မြတ်သည်။ (အင်း...ဖနောင့်တုံးနေရင် ချွန်အောင် သွေးရမဲ့ ပုံပဲ)
ခြေမနှင့် ကပ်ရက်ရှိသော ခြေချောင်းသည် ခြေမထက်ရှည်လျှင် သူတစ်ပါးအပေါ် အနိုင်ရလိုသောစိတ်ရှိသည်။
ထိုခြေချောင်းသည် အလွန်အမင်းရှည်ပြီး ခြေမကတိုနေလျှင်(ခြေထောက် မြှားဦးပုံ) တစ်ဖက်သတ် အနိုင်ထက်စီးနင်း လုပ်လိုသော စိတ်ရှိသည်။
ခြေမက တအားရှည်ပြီး ခြေညှိုးက တိုလွန်းရင်တော့ နုံအပြီး စဉ်းစားဥာဏ်နည်းသတဲ့။
ခြေမနဲ့ ခြေညှိုး အလျားတူညီပြီး ကျန်တဲ့ ခြေချောင်းတွေက အလိုက်သင့် အဆင်တပြေဖြစ်နေလျှင် မျှတတဲ့ စိတ်ထားရှိတယ်တဲ့။

မျက်နှာ
မျက်နှာရှည်လျှင် စိတ်ထားအပြောင်းအလွဲ ရှိတတ်ပြီး မျက်နှာဝိုင်းလျှင် စိတ်ထားတသမတ်တည်း ထားတတ်သည်။ နှုတ်ခမ်းပါးလျှင် ပြတ်သားသောစိတ်ရှိပြီး နှုတ်ခမ်းထူလျှင် အကောင်းနှင့်အဆိုး တစ်ဖက်သို့ လွန်ကဲမှုမရှိဘဲ ဒွန်တွဲနေတတ်သည်။ နှုတ်ခမ်းပြည့်တင်းလျှင် သစ္စာရှိခြင်းသဘောကို ဆောင်သည်။

မျက်လုံး
မျက်လုံးတစ်လုံးနှင့် တစ်လုံးကွာဝေးလွန်းလျှင် စိတ်ထားမမှန်ကန်။
မျက်လုံးအရောင်မှိန်လွန်းလျှင် စိတ်ဓာတ်ကြံ့ခိုင်မှုမရှိ။
အရောင်လက်လွန်းပြီး မျက်စိ ကစားလွန်းလျှင် စိတ်တည်ငြိမ်မှုမရှိ။အပြောင်းအလဲများတတ်သည်။
မျက်စိမှေးပြီးတစ်စုံတစ်ရာကို စူးစိုက်ကြည့်တတ်လျှင် ဆင်ကြံကြံတတ်သည်။
မျက်လုံးပြူးပြီးနီရဲနေလျှင် ဒေါသကြီးတတ်သည်။
မျက်လုံးကြည်လင်ပြီး အရွယ်အစားမှန်ကန်လျှင် စိတ်ကောင်းရှိတတ်သည်။

ကဲ..ဖတ်ဖူးမှတ်ဖူးသမျှတော့ ကုန်ပြီ။ နောက်ထပ် ကြားဖူးတာတွေ ရှိသေးတယ်ဆိုရင် ကွန်မန့်ခဲ့ပေါ့နော်။

Blogger ZT said...

လက်မရဲ့ ပထမအဆစ်က ပါးနေရင် အလုပ်ကို လက်စမသတ်တတ်ဘူးတဲ့။ လက်မရဲ့ အဆစ်က မာနေရင် စိတ်မာတယ်။ ပျော့ရင်တော့ စိတ်ပျော့တယ်တဲ့။ လက်မတိုတဲ့ သူတွေက စိတ်ကို မထိန်းနိုင်ဘူး။ လက်မရှည်တဲ့ သူတွေက စိတ်ရှည်တယ်တဲ့။ လက်သူကြွယ်က လက်ညှိုးထက်ရှည်ရင် လောင်းကစားသမားစိတ် ရှိတယ်တဲ့။ လက်သန်းက လက်သူကြွယ်ရဲ့ ပထမအဆစ်ထက် ပိုရှည်နေမယ် ဆိုရင် အနုပညာသမား ဖြစ်တတ်တယ်တဲ့။

ခြေညှိုးကခြေမထက် အလွန်အမင်း ပိုပြီး ရှည်နေမယ်ဆိုရင် ငယ်ငယ်ကတည်းက မိဘနဲ့ ခွဲပြီး နေရတတ်တယ်တဲ့။

ဒါမှတ်မိသမျှ အကုန်ပါပဲကွယ်။

Thursday, December 18, 2008

နပိုလီယန်နှင့်သားမွေးဆိုင်ရှင်

တော်တော်များများ ဖတ်ဖူးမယ် ထင်ပါတယ်။ ဖေမြင့်ရဲ့ နှလုံးသား အာဟာရထဲကပါ။မဖတ်ဖူးတဲ့ လူတွေ ရှိရင် ဖတ်ရအောင် လက်အညောင်း ခံပြီး တင်လိုက်ပါတယ်ရှင်။ ဖတ်ပြီးမေ့သွားတဲ့ လူတွေလဲ အားနာပါးနာနဲ့  ပြန်ဖတ်ပေါ့နော်.. :D

***********************************************************************************
ရုရှားပြည်ကြီးကို နပိုလီယန် ကျုးကျော်တိုက်ဆိုင်စဉ်ကာလ။ မြို့ ကလေးတစ်မြို့ တွင်း စစ်ခင်းကြစဉ် နပိုလီယန်နှင့် သူ့ နောက်လိုက်နောက်ပါတွေ အမှတ်မထင် လူစုကွဲသွားကြသည်။

ရုရှား ကော့ဆက်စစ်သားတစ်စုက သူ့ ကိုမြင်သွားပြီး နောက်က တရကြမ်းလိုက်သည်။
ကွေ့ ကောက်သော လမ်းသေးလမ်းသွယ်များကြား အသက်ကို လု၍ ပြေးလာခဲ့ပြီး လမ်းမြှောင်တစ်ခုထဲရှိ သားမွေးထည် အရောင်းဆိုင် တစ်ဆိုင် တွင် အလစ်ဝင်ခိုသည်။

ဆိုင်ရှင်ကို မြင်တော့ "ကယ်စမ်းပါဦးဗျာ၊ ကယ်စမ်းပါဦး၊ ကျွန်တော်ဘယ်မှာ ပုန်းရမလဲ"၊ တောင်းပန်တိုးလျှိုးသော လေသံဖြင့် နပိုလီယန် အမောတကောမေးသည်။
ဆိုင်ရှင်က "အဲဒီ ထောင့် က သားမွေးပုံကြီး အောက် သားမွေးတွေ တစ်ထပ်ကြီး ဖုံးဖိပေးထားသည်။
ဖုံးဖိပြီးရုံရှိသေး ကော့ဆက်တွေ အခန်းထဲ အော်ဟစ်ပြေးဝင်လာကြသည်။ "ဘယ်မလဲဟေ့၊ ဒီဆိုင်ထဲဝင်သွားတာ ငါတို့ မြင်လိုက်တယ်"

ဆိုင်ရှင်က ငြင်းသည်။ သို့ သော် သူတောင်းပန်နေသည့်ကြားကပင် ကော့ဆက်တွေ တစ်ဆိုင်လုံး ဆွဲလွဲမွှေနှောက်ကာ နပိုလီယန်ကို ရှာကြသည်။ သားမွေးပုံကြီးကို ဓားတွေနှင့် တစွပ်စွပ် ထိုးကြည့်ကြသည်။ မတွေ့ ။ နောက်ဆုံး သူတို့ လက်လျှော့ပြီး ထွက်သွားကြသည်။

အတော်ကြာတော့မှ နပိုလီယန်သားမွေးပုံအောက်မှ တွားပြီးထွက်လာသည်။ သူဘာဒဏ်ရာမှ မရခဲ့။ သည်အခိုက်မှာပင် သူ့ ကိုယ်ရံတော်တွေ ဆိုင်ဝရောက်လာသည်။

သည်အချိန် သိုးမွေးဆိုင်ရှင် နပိုလီယန်အားကြည့်ကာ မရဲတရဲနှင့် မေးသည်။
"ဒီလောက် ကြီးကျယ်တဲ့ ပုဂ္ဂိုလ်ကြီးကို အားမနာပါးမနာ မေးတယ်လို့ တော့ သဘောမထားပါနဲ့ ခင်ဗျာ၊ သားမွေးပုံအောက်ရောက်နေတဲ့ အချိန်၊ နောက်တစ်ခဏမှာ အဆုံးစီရင်ရနိုင်တယ်လို့  သိနေရတဲ့အချိန်က ဘယ်လို ခံစားရပါသလဲခင်ဗျာ"
နပိုလီယန် ဆတ်ခနဲ မတ်မတ်ရပ်လိုက်ပြီး သားမွေးဆိုင်ရှင်အား ဒေါသနှင့် ပြောသည်။
"နပိုလီယန် ဧကရာဇ်တစ်ယောက်လုံးကို မထီလေးစားမေးရလား၊ ရိုင်းပျတဲ့ ဒီသတ္တ၀ါကို ဖမ်း၊ မျက်နှာကို ပုဝါစည်းပြီး ချက်ချင်းသုတ်သင်စမ်း၊ ငါကိုယ်တော်မြတ်ကိုယ်တိုင် ဒီကောင့်ကို ပစ်မိန့် ပေးမယ်"
ကိုယ်ရံတော် စစ်သည်တွေ သားမွေးဆိုင်ရှင်အား ၀ိုင်းချုပ်ပြီး အပြင်သို့ တရွတ်ဆွဲခေါ်သွားကြသည်။
သူ့ ကိုနံရံတွင်ရပ်စေကာ မျက်နှာကို ပုဝါနှင့်စည်းသည်။

သားမွေးဆိုင်ရှင်သည် ဘာကိုမျှ မမြင်ရ။ သို့ သော် စစ်သားတွေ တန်းစီသံ ၊ ပစ်ခတ်ရန်အတွက် ရိုင်ဖယ် သေနတ်များ ပြင်ဆင်နေကြသံတွေ သူကြားနေရသည်။ လေတိုးသဖြင့် သူ့ ကိုယ်ပေါ်က အ၀တ်အစားတွေ လှုပ်ခတ်သွားတာ၊ ပါးပြင်က အေးစက်သွားတာ ပြီးတော့ သူ့ ဒူးတွေ တဆတ်ဆတ်တုန်နေတာလည်း သူသတိပြုမိနေသည်။

ထို့ နောက် နပိုလီယန် လည်ချောင်းရှင်းလိုက်ပြီး တစ်ဆင့်ချင်း အမိန့် ပေးသံ သူကြားရသည်။
"အသင့်ပြင်...ချိန်..."
လောလောဆယ် သူ သိမှတ်နေရသည့် အကြားအာရုံ၊ အထိအတွေ့ အာရုံကလေးသည်ပင် အချိန် အနည်းငယ်အတွင်း သူ့ ထံမှ ထာဝရနုတ်ပယ်ခြင်း ခံရတော့မည်ဟူသည်ကို တွေးမိကာ အမျိုးအမည် မဖော်ပြနိုင်သည့် ဝေဒနာတစ်ခု သူ့ ကို လွှမ်းမိုးလာပြီး ပါးပြင်ပေါ်သို့ မျက်ရည်တွေတွေ စီးကျလာသည်။

အတော်ကြီးကြာအောင် တိတ်ဆိတ်ငြိမ်သက်နေပြီးနောက်တွင် သူ့ အနီးသို့  ချဉ်းကပ်လာသည့် ခြေသံများ သားမွေးဆိုင်ရှင် ကြားရသည်။ ထို့ နောက် သူ့ မျက်နှာမှာ စည်းထားသည့်အ၀တ်ကို ဖြည်ပေးသည်။ ရုတ်တရက် တိုးဝင်လာသည့် နေရောင်ကြောင့် သူ့ အမြင်အာရုံတွေ မသဲကွဲသေး။
သို့ သော် မှုန်ရီဝိုးဝါးဖြစ်နေသေးသည့် ကြားကပင် သူ့ အား ဖောက်ထွင်းမတတ် စူးစိုက်ကြည့်နေသည့် နပိုလီယန်၏ မျက်လုံးအစုံကို သူမြင်ရသည်။ သည်မျက်လုံးများကား သူ့ တစ်ကိုယ်လုံး ကို တစ်ထောင့် တစ်ဌာနမကျန် အသေးစိတ် ဖော်ထုတ် သိမြင်သွားသည့် ဟန်ပင်။
သည်နောက် နပိုလီယန်က လေသံအေးအေးနှင့်ပင် ပြောလိုက်သည်။ "ကဲ..အခုတော့ မင်းသိပြီမဟုတ်လား"တဲ့။

[မူရင်း။ ။ Steve Andreas ၏ Napoleon and the Furrier]
[ဘာသာပြန်။ ။ ဖေမြင့်၏ နှလုံးသား အာဟာရ ပထမတွဲ]

Monday, December 8, 2008

သ၀န်တိုခြင်း

"သ၀န်တိုခြင်းဆိုတာ တခြားလူတစ်ယောက်ရဲ့ သာလွန်မှုကို ကြောက်လန့် ခြင်းပါပဲ"
(အလက်ဇန်းဒါး ဒျူးမား-ဂျူနီယာ)

"သ၀န်တိုတယ်ဆိုတာ ရယ်မောနေကြတဲ့ ရန်သူတွေကြားမှာ အထီးကျန် ခံစားနေတာကိုပြောတာ"
(အဲလီဇဘက် ဘိုဝင်)

"ယောက်ျားတွေဟာ သူမတိုင်မီကလူတွေကို မနာလိုဝန်တိုခြင်း ဖြစ်တယ်။ မိန်းမတွေကတော့ နောက်ပေါ်လာမယ့်သူကို မနာလိုစိတ်မွေးတယ်"
(မာစယ် အာရှား)

"မနာလိုဝန်တိုစိတ်ဟာ ချစ်စိတ်နဲ့ အတူ အမြဲတမ်းမွေးဖွားလာတယ်။ ဒါပေမဲ့ ချစ်စိတ်နဲ့ အတူ အမြဲတမ်းလိုက်မသေသွားဘူး"
(လာရိုဖူးကို)