Monday, June 20, 2011

တစ်ခါတုန်းက တိမ်ဖြူဖြူ




စတုတ္ထတန်း F
ဒီနေ့ ဆရာမတွေ အားလုံးအလုပ်ရှုပ်နေကြတယ်.. ကျောင်းသားစုံညီပွဲတော်အတွက် အစည်းအဝေးထိုင်နေကြတယ်.. အတန်းပိုင်ဆရာမ ဒေါ်မူမူအေးက အတန်းခေါင်းဆောင်ကို စကားများတဲ့သူ နာမည်မှတ်ခိုင်းပြီး အစည်းအဝေးသွားတက်တော့ အတန်းခေါင်းဆောင်ကိုယ်တိုင်က လေပေါနေပြီး တစ်တန်းလုံး ပွတ်လောညံနေတော့တယ်။
ကဗျာတို့ သူငယ်ချင်း၎ယောက်အုပ်စုလည်း နောက်တန်းမှာထိုင်နေတဲ့ ကျောင်းသား၎ယောက်နဲ့ ပါဆယ်ဂိမ်းကစားကြတယ်။ ပါဆယ်ဂိမ်းရဲ့ ထုံးစံအတိုင်း မဲလိပ်လေးတွေမှာ ပြစ်ဒဏ်တွေရေးပြီး မျက်စိမှိတ်ပြီး သီချင်းဆိုနေတဲ့ကျောင်းသား သီချင်းဆိုရပ်သွားတဲ့အချိန်မှာ လက်ထဲမှာ ပါဆယ်ထုပ်ရှိတဲ့သူက မဲလိပ်နှိုက်ပြီး အထဲမှာရေးထားတဲ့ ပြစ်ဒဏ်အတိုင်းလုပ်ရတယ်။ မဲလိပ်တွေကို ယောကျာ်းလေးတွေက တစ်ဝက် မိန်းကလေးတွေက တစ်ဝက် ရေးရတယ်။ ကဗျာတို့ကတော့ မိန်းကလေးတွေပီပီ မကောင်းတာတွေရေးရင် ကိုယ့်အလှည့်ကိုယ့်မဲ ပြန်ကျမှ ဟုတ်ပေ့ဖြစ်နေမယ်ဆိုပြီး လွယ်လွယ်ကူကူ အပြစ်ဒဏ်လေးတွေပဲရေးတယ်။ ယောက်ျားလေးတွေက ဘာရေးလည်းတော့မသိဘူး။ ဒီလိုနဲ့ စဆော့ကြတယ်။ ပြစ်ဒဏ်တွေကလည်း ရယ်ရတယ်။ မျောက်ကကခိုင်းတာတို့ ကြော်ငြာဆိုခိုင်းတာတို့ပေါ့။ ဒီလိုနဲ့ ဆော့လာရင်း တစ်ခါမှာတော့ ယောက်ျားလေးတွေ အဖွဲ့ထဲက ဇော်အောင်ကို မဲနှိုက်ရမဲ့အလှည့် ... ကျတဲ့မဲက ထူးထူးခြားခြား ပေါက်တတ်ကရ.. မိမိနှစ်သက်ရာ ကောင်လေး (သို့) ကောင်မလေးလက်ကို ဆွဲပြီး မော်ဒယ်လျှောက်ပြပါတဲ့။ မဲလိပ်ဖတ်သံ ဆုံးတဲ့နောက် ဇော်အောင်က ပြီတီတီပြုံးလိုက်ပြီး ရုတ်တရက် ကဗျာလက်ကိုကောက်ဆွဲပြီး ထိုင်ခုံတွေကြားမှာ လိုင်းခြားထားတဲ့နေရာလွတ်ကို ဆွဲသွားတယ်။ ကဗျာလည်း ရုတ်တရက်အရမ်းရှက်သွားပြီး ထူပူသွားတယ်။ ၄တန်းဆိုတော့ အပျိုမကြီးလိုလို အပျိုလေးလိုလို ပဲများတတ်တဲ့ အရွယ်ဆိုတော့။ နောက်မှ သတိဝင်ပြီး ရှက်ရှက်နဲ့ အိမ်သာသွားဦးမယ်ဆိုပြီး ထွက်သွားလိုက်တယ်။ စိတ်ထဲမှာတော့ ဇော်အောင်ကို စိတ်ဆိုးသလို ဘာလိုလိုပေါ့။ အိမ်ရောက်တော့ မေမေကို ပြောပြတယ် သမီးကိုကောင်လေးတစ်ယောက် လက်လာဆွဲတယ်လို့။ မေမေက ရယ်ပြီးတော့ ငါ့သမီးလည်းမလွယ်ပါလားတော် ဆိုပြီး ပြုံးနေရော။ မေမေကလည်းဆိုးပါ့။ ကဗျာက ရှက်နေပါတယ်ဆို ပိုရှက်အောင် လိုက်စနေပြန်ပါပြီ။

ပဉ္စမတန်း G
အတန်းတွေကို လူနည်းအောင်ခွဲလိုက်လို့ ကဗျာGတန်းကို ရောက်လာပေမဲ့ ဇော်အောင်နဲ့တော့ အတန်းတူတုန်းပဲ။ အဲ့ကောင်ဟာလေ တကယ်ပဲ မျက်နှာပြောင်တယ်။ ၄တန်းတုန်းက လက်ဆွဲတဲ့ကိစ္စပြီးကတည်းက လူကိုတွေ့ရင် ပြုံးစိစိ ပြီတီတီနဲ့ ကဗျာဖြင့် ကြည့်လို့မရပါဘူး ။ ဘာတဲ့ ဟိုနေ့က ကဗျာတို့ အနီအသင်းခေါင်းဆောင်ပြောတာ နားထောင်လိုက်ရတယ်။ ဇော်အောင်က နင်အလှူငွေထည့်ထားတဲ့ ၅၀တန် ၂ရွက်ကို သူ့၅၀တန်တွေနဲ့ လာလဲသွားတယ်တဲ့ .. နင့်ပိုက်ဆံကို သိမ်းထားချင်လို့ဆိုပဲ နင့်ကိုတော့ မရိုးတော့ဘူးနဲ့ တူတယ်နော် ဟဲဟဲ တဲ့။ ကြည့်ပါလား လုပ်သွားတဲ့ ပုံကိုက လူကို သူများတွေ တမျိုးထင်အောင် တမင်လိုက်လုပ်နေသလိုပဲ။ ကဗျာကတော့ဖြင့် စိတ်မ၀င်စားပါဘူး။ ဒီလောက်ဆိုးတဲ့ကောင်လေးကို။
သူဆိုးပုံတွေ ပြောရရင် ပြောလို့ကုန်မှာတောင်မဟုတ်ဘူး။ မိဘခေါ်ခံထိတာလည်း အကြိမ်ကြိမ်။ ရန်ဖြစ်ပြီဆို သူ့နာမည် ထိပ်ဆုံးက။ သူများနဲ့ရန်ဖြစ်လို့ ချလို့ နာမည်စာရင်းပါတယ်မထင်နဲ့။ ရန်ဖြစ်နေတဲ့သူ၂ယောက်ကို ဘေးနားကနေ ချဟ ဆော်ဟေ့ ရိုက်ဟ လုပ်ထား လုပ်ထား အဲ့လိုမျိုးအားပါးတရ အားပေးလွန်းလို့ ဒင်းက ပွဲတိုင်းကျော်ဖြစ်နေတာ.။ ရန်ပွဲတိုင်း ပါလေရာ ငပိချက်။
တစ်ခါကဆိုလည်း အတန်းအပြင်မှာ ၃နာရီလောက် အထုတ်ခံထားရတယ်။ အမှုက စာသင်နေချိန်မှာ ယမ်ယမ်ခေါက်ဆွဲခြောက်ပြုတ်စားမှု.... ပြုတ်စားတာမှ ရေနွေးဆူဆူ ပန်းကန်ဇွန်း အပြည့်အစုံနဲ့နော်။ ဒါတွေက သူ့ဟာတွေတော့မဟုတ်ဘူး။ အတန်းမှုးရုံးခန်းထဲက အတန်းပိုင်ဆရာမနာမည်သုံးပြီး ပစ္စည်းပစ္စယအစုံအလင် သွားတောင်းလာတယ်။ အိမ်ကတော့ ခေါက်ဆွဲထုတ်ယူလာလို့ ကျေးဇူးတင်ရဦးမယ်။ စားတဲ့အချိန်ကလည်း စာသင်ချိန်။ ခုံအောက်ထဲဝင်ပြီး ပြုတ်စားတယ်။ အတန်းက သိပ်မကျယ်တော့ ခေါက်ဆွဲက ပြုတ်တာနဲ့ အနံ့မွှေးမွှေးလေးက သမိုင်းဆရာမရဲ့ အနံ့အာရုံကို နှိုးဆွတော့တာပေါ့။ အဲ့မှာပဲ ကွိကနဲမိပြီး အတန်းမှူးရုံးခန်းရောက်ရော။ နောက် အလျဉ်းသင့်မှ သူဆိုးတာတွေ ထပ်ပြောဦးမယ်။

၅တန်းနှစ်လည်လောက်ကစပြီး ကဗျာနဲ့ ကဗျာ့သူငယ်ချင်း အကြင်နာ မုန်းဈေးတန်းသွားမုန့်စားပြီဆို သူက အနောက်က ပါလာတတ်တယ်။ ဘာမှလိုက်လုပ်တာတော့ မဟုတ်ဘူး။ ကဗျာတို့နဲ့ မလှမ်းမကမ်းမှာပဲ မုန့်စားရင်း ကဗျာ့ကို လှမ်းလှမ်းကြည့်တတ်တယ်။ တစ်ခါတစ်လေကဗျာတို့က ပညာပြချင်ရင် လူရှုပ်တဲ့ မိန်းကလေးအိမ်သာထဲ ၀င်သွားပြီး မျက်ခြေဖြတ်တတ်တယ်။ အဲ့ခါကျရင် မုန့်စားကျောင်းတတ်ရင် လာပြောတယ်... "ကဗျာ နင်ကလည်း အကျင့်ပုတ်လိုက်တာဟာ.. ဘာလို့ အိမ်သာထဲဝင်သွားတာလဲ ... နောက်ဆို မုန့်စားကျောင်းတက်ခံနီးမှ သွားဟာ"ဆိုပြီး အမိန့်ပေးသလို တောင်းပန်သလိုလို လာပြောတတ်သေးရဲ့။ ကဗျာကတော့ ခပ်မာမာပဲ။ နင့်အပူပါလား ငါ့ဟာငါဘယ်အချိန်သွာသွား ဆိုတဲ့ တစ်ခွန်းထဲနဲ့ ပြန်မာန်နေကျ။

ဆဠမတန်း G
ကဗျာတို့ အသက်ကလေးက ၁၁နှစ် ၁၂နှစ်ဆိုတော့ တော်တော် ပဲများတတ်လာပြီ။ ၅တန်းကစပြီး ထမီစ၀တ်ရတာဆိုတော့ စ၀တ်ဝတ်ချင်းကတော့ ပုံမကျပန်းမကျဖြစ်နေပေမဲ့ ခုတော့ ပုံကျကျလေးဝတ်တတ်လာပြီ။ ခါးကြားလေးမှာ လက်ကိုင်ပုဝါလေးကို တြိဂံပုံလေးခေါက်ပြီး ထိုးတတ်တာလည်း အကျင့်ဖြစ်နေပြီ။ အိမ်မှာ အလုပ်လုပ်ပေးတဲ့ အစ်မကြီးတွေက ဆံပင်ကို လှလှလေး စည်းပေးပြီး ကလစ်မျိုးစုံတတ် ဖဲပြားလေးတွေချည်နဲ့ အလုပ်ရှုပ်တတ်နေပြီလေ။
ဇော်အောင်ကလည်း မခေဘူး .. ဆံပင်ဘေးခွဲ ခေါင်းလိမ်းဆီနဲ့ ဆံပင် ၃၊၄ ချောင်းက ထောင်ထားလိုက်သေး။ ပြီတီတီမျက်နှာပေးကတော့ မပြောင်းသေးပါဘူး။ ပိုတောင် အတင့်ရဲလာသေး။ တွေ့တာနဲ့ ဖုန်းနံပါတ်လိုက်တောင်းနေတော့တာပဲ။ မသိတာလည်းမဟုတ်ဘူး ။ ကဗျာ့သူငယ်ချင်းတွေဆီက သူက မုန့်ကျွေးပြီး တောင်းထားပြီးသား။ တမင်တကာ ကဗျာ့ကို လိုက်ရစ်တာ။ တစ်နေ့ကျတော့ အိမ်ကို ဖုန်းဆက်တယ်။ အကြင်နာအသံလိုမျိုး လုပ်ပြောပြီး ကဗျာ့ကို ခေါ်ခိုင်းတယ်။ ဖုန်းကိုင်ကတာ ကဗျာ့အစ်ကို ... သူကတော့ အကြင်နာထင်ပြီးတော့ ကဗျာဖုန်းကိုင်ဖို့ မအားသေးဘူး အိမ်သာတက်နေတယ်ဆိုပြီး ပြောလွှတ်လိုက်တယ်။ နောက်နေ့ကျတော့ ကဗျာကို လိုက်စရော.. ငါဖုန်းဆက်တာ နင်က အီအီးပါနေတယ်ဆိုပြီး။ ကဗျာမှာ ရယ်ရခက် ငိုရခက်နဲ့ပေါ့။

ကဗျာသု့ကို ခင်စတော့ ပြုလာပြီ။ သူက အရမ်းရီရတယ်။ သူစကားပြောတာနားထောင်ရင် ပါးစပ်ကို မပိတ်ရဘူး။ ပေါက်တတ်ကရအရမ်းပြောတတ်ပဲ။
တစ်နေ့ကျတော့ ကဗျာမုန့်စားကျောင်းတက်လို့ အတန်းထဲကို ပြန်ရောက်တော့ ကဗျာ့စားပွဲနားမှာ သူကော သူ့သူငယ်ချင်း ၃ယောက်ကော ရောက်နေတယ်။ ကဗျာလည်း ရောက်ရော "ဟဲ့ ကဗျာ နင့်ပိုက်ဆံအိတ်ဖွင့်ကြည့်စမ်းပါ" လို့ ဇော်အောင်က ပြောတယ် ။ ကဗျာက လက်ထဲမှာကိုင်ထားတဲ့ ပိုက်ဆံအိပိစိလေးကို အယောင်အယောင်အမှားမှားနဲ့ ဖွင့်လိုက်တယ်။ အဲ့တော့ သူက "ဟဲ့ နင့်မှာ ပိုက်ဆံအိတ်က ဘယ်နှစ်လုံးတောင်မှလဲ ငါပြောတာ အဲ့ဒီအိတ်မဟုတ်ဘူး နင့်လွယ်အိတ်အရှေ့အိတ်ထဲက ခေါက်ပိုက်ဆံအိတ်လေးကို ပြောတာ။ မြန်မြန်ဖွင့်ကြည့်စမ်းပါ... "။ ကဗျာလည်း နဂိုကမှ စပ်စုစိန်ဆိုတော့ ဘာမှပြန်မငြင်းနေတော့ပဲ သိလိုစိတ်နဲ့ မြန်မြန်ဖွင့်လိုက်တယ်။ အထဲမှာ ပန်းရောင် စာခေါက်လေး တစ်ခုတွေ့တယ်။ ကဗျာဖွင့်ကြည့်လိုက်တော့ ဇော်အောင်ပေးတဲ့ ရည်းစားစာ ဖြစ်နေတယ်။ အဲ့အချိန်မှာ ဘေးနားမှာလည်း သူငယ်ချင်းတွေက ၀ိုင်းပြီးလာကြည့်နေကြတော့ ကဗျာတော်တော်ထူပူရှက်သွားတယ်။ ဇော်အောင်ကိုလည်း စိတ်ဆိုးသွားတယ်။ အဲ့အချိန်မှာ မြန်မာစာဆရာမ၀င်လာရော။ ကျောင်းသားတွေအားလုံး ကိုယ့်နေရာကိုယ်ပြန်ထိုင်ကြရတယ်။ ကဗျာလည်း ဆရာမစာသင်ပြီးတာ စောင့်ပြီး ပြီးတာနဲ့ လက်ထဲမှာ ရှိတဲ့ ပန်းရောင် စာခေါက်လေးကို ဆရာမကို သွားအပ်လိုက်တယ်။ ကဗျာဘာလို့ အဲ့လိုလုပ်မိလည်း ကဗျာကိုယ်ကဗျာလည်းမသိဘူး ။ စိတ်ဆိုးလို့လား ဇော်အောင်ကိုမုန်းလို့လား... ဆရာမကတော့ လက်ထဲရောက်လာတဲ့ စာကို ဖတ်ပြီး ဇော်အောင်ကို အတန်းရှေ့ခေါ်ပြီး ၃ ချက်လောက် ဗြင်းလွှတ်လိုက်တယ်။ ဇော်အောင် အရိုက်ခံရပြီးပြန်လာတော့ ကျွန်မခုံနားက ဖြတ်သွားတဲ့အချိန် ကျွန်မကို စေ့စေ့ကြည့်သွားတယ်။ သူ့မျက်နှာတွေ နီရဲနေတယ်... ရှက်စိတ်ကြောင့်လား။ ဒေါသကြောင့်လား ?

[ဆက်ပါဦးမည်။ ]

မှတ်ချက်။ ဖြစ်ရပ်မှန်မဟုတ်ပါ။ စိတ်ကူးဖန်းတီးထားသော ဇာတ်လမ်းတစ်ပုဒ်သာ ဖြစ်ပါသည်။


7 comments:

ShwunMi- said...

ဖြစ်ရပ်မှန်ပဲ ဖြစ်ရမယ်.. :P
just kidding sis..
It's an interesting series of events.
waiting for next episode :)

ဘာတွေတုန်း said...

ဖြစ်ရပ်မှန်တစ်ဝက် ပုံပြင်တစ်ဝက် ဟဲဟဲ..
အားပေးတာ ကျေးဇူးနော် .. :)

Ye Lin Thu said...

အပေါ်မှာတုန်းကတော့စိတ်ကူးသက်သက်ဆို ?
ဟီးဟီး

ဘာတွေတုန်း said...

ဟဲဟဲ ဒါကတော့ ဒီလိုရှိတယ်ကွယ်... :D

8Yar said...

ဟီး တော်တော်ဆိုးတာပဲ ဆရာမကိုပေးစရာလားလို့... :P

Soaring Phantom said...

ဒီကလေးမ မလွယ်ဘူး။ ကြည့်စမ်း၊ ခုတော့ပေါ်ပြီ။

phung bella said...

hi impressive blog.
We have a big website to sale cars online throughout Myanmar. Please visit us back at: http://motors.com.mm/?utm_campaign=mot_mm_lb_blog_phung&utm_source=mot_lb_blog&utm_medium=lb_blog