ဒီရက်ပိုင်း ကျွန်မရဲ့ဘလော့လ်လေးတောင် ပို့စ်အသစ်မတင်ဖြစ်ဘူး။
မရေးဖြစ်လို့တော့မဟုတ်ဘူး။ ရေးချင်တာတွေ ရေးရေးပြီး Draft ထဲပဲရောက်သွားလို့။
Draft ထဲမှာတော့ တော်တော်များနေပြီ။ စာမေးပွဲကြီးပြီးရင်တော့ တော်တော်များများတင်ဖြစ်မယ် ထင်ပါ၏။
အခုတလော စိတ်တွေက ရှုပ်ပြီး တစ်ယောက်တည်း အီမိုတွေဖြစ်၊ စာတွေမရ၊ LabTest တွေ၊ presentation တွေ စာမေးပွဲတွေက တန်းစီ။ လူလည်း ဂေါက်ချင်ချင်ဖြစ်နေပြီ။ =)
အခုအချိန်ဘလော့ရေးရင် အီမိုစာတွေပဲ ထွက်လာမယ်ထင်ပါရဲ့။ ဟိ
Wednesday, January 28, 2009
Friday, January 23, 2009
သူ
သူဟာ ကျွန်မအတွက် တကယ့်ကို မရှိမဖြစ်ပါဘဲ
သူမရှိရင် ကျွန်မ လုံးဝ မနေတတ်ဘူး။
ကျွန်မ အိပ်ရာနိုးလို့ မျက်လုံးနှစ်လုံးဖွင့်တာနဲ့
ပြေးပြီး သတိရမိတာ သူပါပဲ။
သူဟာ ကျွန်မအတွက် ဆရာကောင်းတစ်ယောက်ဆိုလည်း
မမှားပါဘူး။
သူက ကျွန်မကို ခေတ်နဲ့အညီ
သိသင့်သိထိုက်တဲ့
အသိပညာတွေ၊ သတင်းတွေ၊ နည်းပညာ အသစ်တွေ
အမြဲ သင်ပေးတယ်။
ကျွန်မ ပျင်းနေပြီ ဆိုရင်
ရယ်စရာတွေ ပြောပြတယ်
သီချင်းတွေ ဆိုပြတယ်
ရုပ်ရှင်ဇာတ်လမ်းတွေ ပြောပြတယ်
ဝတ္ထုတွေ ကဗျာတွေ လည်း ဖတ်ပြတယ်။
ကျွန်မ ၀မ်းနည်းနေတဲ့ အချိန်ပဲဖြစ်ဖြစ်
ဝမ်းသာနေတဲ့ အချိန်ပဲ ဖြစ်ဖြစ်
အနားမှာ အမြဲနေပေးတယ်။
ကျွန်မ ရင်ဖွင့်သမျှကိုလည်း နားထောင်ပေးတတ်ပြန်တယ်
ကျွန်မရဲ့ ရင်ဖွင့်စကားတွေကို သူ့ရဲ့ ဦးနှောက်ထဲမြဲနေအောင် မှတ်ထားပေးတယ်
ကျွန်မက မေ့ပြစ်လိုက်ပါတော့လို့ ပြောမှ မေ့ပြစ်တယ်။
ကျွန်မ တစ်ခါတစ်လေ သူငယ်ချင်းတွေနဲ့
အပြင်လျှောက်သွားရင် သူ့ကို ဂရုမစိုက်မိဘူး။
တစ်ခါတစ်လေတော့ သူက စိတ်ကောက်တာပေါ့။
ကျွန်မပြောတာ နားမထောင်တော့ဘူး
ဒါပေမဲ့ ခဏပါဘဲ
နောက်နေ့ဆို အရင်လို ပြန်ဖြစ်သွားရော။
ဘယ်လောက်ချစ်ဖို့ကောင်းလဲနော်..
ကျွန်မနားမှာ နေ့ညမရွေး သူအဖော်လုပ်ပေးတယ်
ကျွန်မအိပ်မှ သူအိပ်တယ်
ကျွန်မထရင် သူလည်းထတယ်။
ဒီလောက် ကျွန်မ အပေါ်ကောင်းတဲ့
သူ့ကို သံယောဇဉ် တအားတွယ်မိတာ
ကျွန်မ မလွန်ပါဘူးနော်။
သူသာမရှိရင် ဒီပျင်းစရာကောင်းတဲ့ စင်ကာပူကြီးမှာ
နေ့ရက်တွေကို ဘယ်လိုများကျော်ဖြတ်ရပါ့။
အော်....သူဆိုတာ ဘယ်သူလဲလို့ သိချင်နေပြီထင်တယ်။
ပေါက်တတ်ကရတွေ လျှောက်မထင်နဲ့နော်.. :D
သူဆိုတာ ကျွန်မရဲ့ laptop လေးကို ပြောတာ..ဟဲဟဲ
Labels:
ကဗျာ
Monday, January 12, 2009
ကျွန်မနှင့်ဖိနပ်များ
ကျွန်မတို့ ကျောင်းရဲ့ final year projects exhibition(spinnovex 2009)လည်း အဆင်ပြေပြေနဲ့ ပြီးသွားခဲ့ပါပြီ။ spinnovex မှာ အဆင်မပြေဖြစ်တာဆိုလို့ ကျွန်မအတွက်က attire ပြဿနာပေါ့။ အပေါ်အဖြူ အောက်အနက်၊ coverd shoe အနက်တဲ့။ အဲ့မှာ စတာပဲ။ ကျွန်မမှာ အနက်ရောင် ကာဗာရှူး ကောင်းကောင်းကန်းကန်း တစ်ရံမှ ရှိဘူး။ မွေးနေ့တုန်းက လက်ဆောင်ရထားတဲ့ တစ်ရံတော့ရှိပါရဲ့။ ဆိုဒ်ကနည်းနည်းသေးနေလို့ စီးရင်သေအောင်နာတယ်။ နောက်တစ်ရံရှိသေးတယ်။ အဲ့ဒါက အလုပ်လုပ်တုန်းက ၀တ်တာ။ တော်တော်ဖွတ်ဖွတ်ကြေနေပြီ။ စီးလို့တော့ ကောင်းတယ်။ ဒါပေမဲ့ ဒီဇိုင်းကလဲ ပုံတုံး၊ ဟောင်းကလည်း ဟောင်းနေပြီဆိုတော့...အသစ်လိုချင်တာပေါ့နော့..ဟီး။
ဂလိုနဲ့ ဖိနပ်ရှာပုံတော် ဖွင့်ခဲ့တယ် ဆိုပါတော့ကွယ်။ ကျောင်းက အပြန် jurong point ထဲ တစ်ကိုယ်တော် ၀င်မွှေတာပေါ့။ jurong point ကြီးကလည်း ချဲ့လိုက်တာ အတော့ကို ကြီးလာတယ်။ ဖိနပ်ဆိုင်တွေကလည်း များမှများ။ တစ်ဆိုင်ဝင် တစ်ဆိုင်ထွက်..ဟိုဖိနပ် ကောက်စွပ် ဒီဖိနပ်ကောက်စွပ်နဲ့ပေါ့။ ဖိနပ်တွေကလည်း မမိုက်ပါဘူးဗျာ။ ဒီဇိုင်းကြိုက်တော့ ဆိုဒ်မရှိဘူးတဲ့။ ရှိတဲ့ အသေးဆုံးဆိုဒ်ကလည်း လမ်းလျှောက်လိုက်ရင် ကျွတ်ကျွတ်ထွက်လာတယ်။ ခြေထောက်သေးတာပဲ အပြစ်တင်ရမလို ဖြစ်နေတယ်။ ဟင့်..
ဒီလိုနဲ့ နောက်ဆုံးဆိုင်တစ်ဆိုင်မှာ စိတ်ကြိုက်တစ်ရံတွေ့တယ်။ စီးကြည့်တော့လည်း မဆိုးဘူး။ တစ်ခြားဟာတွေထက်စာရင် စီးလို့ကောင်းသလိုပဲ။ ဈေးကလည်း သိပ်မများတဲ့အပြင် 30%discount တောင်ပေးသေးတယ်။ဆိုင်ဖွင့်ပွဲ အထိမ်းအမှတ်တဲ့။ ဒါနဲ့ မဆိုးဘူး တန်တယ်ဆိုပြီးတော့ ၀ယ်လာတာပေါ့။
အိမ်ရောက်တော့ ဖိနပ်အသစ်လေးဆိုတော့ စမ်းဝတ်ကြည့်ရတာနဲ့ ထုတ်ထုတ်ကြည့်ရတာနဲ့။ဟီဟီး... ဒီလိုနဲ့ အဲ့ဖိနပ်လေးကို spinnovex ၃ရက်မတိုင်မီ အရှေ့တစ်ရက်.. အမှတ်ပေးတဲ့လူတွေ လာတဲ့နေ့မှာ ထုတ်စီးတာပေါ့။ ဖိနပ်အသစ်နဲ့ မြောက်ကြွ မြောက်ကြွနဲ့ အိမ်ကထွက်လာတယ်။ ဒါပေမဲ့ သိပ်တောင် မမြောက်ကြွလိုက်ရပါဘူး။ အိမ်ကနေ ဘတ်စ်ကားဂိတ်ကို လမ်းလျှောက်တာနဲ့တင် ခြေထောက်က အတော်နာနေပြီ။ အော်..ဖိနပ်အသစ်မို့ စစချင်းနာတာဖြစ်ပါလိမ့်မယ်..ပြန်မလဲနေတော့ပါဘူးလေ ဆိုပြီး ကျောင်းဆက်စီးသွားတယ်။ အဲ့နေ့တစ်ရက်လုံး တော်တော်ခံလိုက်ရတယ်။ နာလိုက်တဲ့ ဖိနပ်ဗျာ။ အိမ်ရောက်တော့ ခြေထောက်လည်း ဖိနပ်ပေါက်တဲ့ ဒဏ်ရာဒဏ်ချက်တွေ ဗလဗွ။ လှချင်တဲ့ အကျိုးတွေပေါ့။ :D
နောက်နေ့ကျတော့ အဲ့ဒီဖိနပ်စီးရမှာ တော်တော်ကြောက်သွားတယ်။ သူ့ဟာသူ လှလှမလှလှ စီးတော့ဘူးဆိုပြီး ဘူးထဲထည့်ပြီး အပြီးသိမ်းပလိုက်တယ်... အဲ့နေ့ကျတော့ ရန်ကုန်က အမေ၀ယ်ပေးလိုက်တဲ့ ဒေါက်ဖိနပ်အနက်လေး သတိရလို့ ထုတ်စီးဖြစ်တယ်။ လှတော့လှတယ် မားသားဝယ်ပေးလိုက်တာက။ ဖိနပ်က ရှေ့ ပိတ်..နောက်အဖွင့်ဆိုတော့... မနေ့ကလို ဖိနပ်မပေါက်လောက်ပါဘူး ဆိုပြီးစီးသွားတယ်။ မထူးပါဘူးဗျာ.. ခြေဖနောင့်မနာပေမဲ့ ခြေသန်းနှစ်ချောင်းတော့ သွေးခြေတောင်ဥတယ်။ အဟုတ်။
နောက်ဆုံးကျတော့လည်း ဖိနပ်အဟောင်းလေးပဲ ထုတ်စီးရတော့တာပဲ။ အဖွားကြီးစတိုင်လ် ဖိနပ်လေးက မလှပေမဲ့ ကျွန်မကို လုံးဝ ဒုက္ခမပေးဘူး။ ကျန်တဲ့spinnovex ၂ရက်လုံး သက်တောင့်သက်သာ ဖြစ်သွားတယ်။ ဒေါက်ဖိနပ်လှလှလေးတွေ စီးတဲ့မမတွေကို တွေ့ရင်တော့ အားကျမိပါရဲ့။ ဒါပေမဲ့ သူတို့မှာလည်း ပလာစတာကပ်ရတဲ့ ဒုက္ခကမသေးရှာဘူး။
+++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++
အမှန်တကယ်တော့ အပြင်ပန်းက အရေးမကြီးပါဘူး။ အဓိက က သက်တောင့်သက်သာရှိဖို့ပဲ။ "ကိုယ့်ဝမ်းနာကိုယ်သာသိ" တဲ့။ ဖိနပ်လှလှလေး စီးပြီး မျက်နှာကြီးရှုံ့မဲ့နေရရင် ဘယ်ကောင်းပါ့မလဲနော်..ဘယ်အရာမဆို အပြင်ပန်းကြည့်ပြီး ဆုံးဖြတ်လို့မရဘူးဆိုတာ မှန်ပါ့။ လှတာမက်ရင် ညစာခက်ပေါ့။ =D
စာကြွင်း။ ။ ဖိနပ်ပုံက google ကယူထားတာ..ကျွန်မဖိနပ်တွေက သိမ်းထားတာ ပြန်ထုတ်ပြီး ဓါတ်ပုံမရိုက်ချင်တော့လို့။ နောက်ကြုံမှပဲ တင်တော့မယ်နော်။

ကိုယ်တွေ့
Wednesday, January 7, 2009
ကျွန်မကြိုက်သော သီချင်းများ
ဆူဆူညံညံတွေ ဆိုတတ်တဲ့ ဂျောက်ဂျက်အဖွဲ့က ထူးထူးခြားခြား ဒီသီချင်းနှစ်ပုဒ်မှာတော့ အေးအေးလေးတွေ ဆိုထားပါတယ်။ စာသားလေးတွေကလည်း ကောင်းပါတယ်။ နားထောင်ကြည့်ပေါ့။
သူငယ်ချင်း သံယောဇဉ်
ဆယ်တန်း
သူငယ်ချင်း သံယောဇဉ်
ဆယ်တန်း
Labels:
သီချင်း
Sunday, January 4, 2009
အပြစ်ရှိတဲ့ ချစ်ခြင်း ၃
ညနေ ကျနော် စိမ်းလန်းစိုပြည် ကို ရောက်တော့ သူမကရောက်နှင့်နေတယ်။ ကျနော်မျက်နှာပျက်နေတာတွေ့တော့ သူမစိုးရိမ်တကြီးမေးတယ်။
"ကို့မျက်နှာမကောင်းပါလား..ဘာဖြစ်လို့ လဲ"
"သိမ်မွေ့ကို ကိုယ်မေးစရာတစ်ခု ရှိတယ်။ ကျေးဇူးပြုပြီး အမှန်အတိုင်းဖြေပေးပါကွာ..ကိုယ်တောင်းပန်ပါတယ်။"
"ကို..ဘာတွေဖြစ်နေတာလဲကွာ..သိမ်မွေ့ရင်တွေတောင်တုန်လာပြီ။"
"ဇော်ဇော်ဆိုတာ ဘယ်သူလဲ။ ကိုယ် အမှန်အတိုင်းပဲ ကြားချင်တယ်။"
သူမ မျက်နှာတော်တော် ပျက်သွားသည်။
"အင်း...ကိုယ်အဲ့ဒီ ကိစ္စကို သိပြီးနေပြီထင်တယ်။ ခုမှတော့ ဖုံးထားစရာ အကြောင်းလည်းမရှိတော့ပါဘူး..ကို့ကို အကြောင်းစုံ ရှင်းပြမယ်။ ကို ဘာမှမပြောပဲ သိမ်မွေ့ ပြောတာတွေ ကို ဆုံးအောင်နားထောင်ပေးနိုင်မလား။"
"အိုကေလေ။ "
"ဇော်ဇော်ဆိုတာ အမှန်တော့ သိမ်မွေ့အစ်ကို မဟုတ်ပါဘူး.. သိမ်မွေ့နဲ့ လက်ထပ်ထားတဲ့ သိမ်မွေ့ရဲ့ အမျိုးသားပါ။ သူ့ကို သိမ်မွေ့ရဲ့ဆန္ဒမပါဘဲ မိဘတွေ စီစဉ်မှုနဲ့  လက်ထပ်ခဲ့ရတယ်။ ဇော်ဇော်အဖေက သိမ်မွေ့ဖေဖေနဲ့ စီးပွားလုပ်ဖက်တွေပါ။ သိမ်မွေတို့မိသားစု အပေါ်လည်း သူတို့ရဲ့ ကျေးဇူးတွေ မကင်းပါဘူး။ဇော်ဇော်က သိမ်မွေ့ကို ချစ်ရေးဆိုဖူးပါတယ်။ဒါပေမဲ့ သိမ်မွေ့ သူ့ကို သဘောမကျဘူး။ ဖေဖေက သိမ်မွေ့နဲ့ဇော်ဇော်ကို သဘောတူနေတယ်။ သူနဲ့သိမ်မွေ့ ကို စေ့စပ်ထားချင်တဲ့ အကြောင်း
သူတို့ဘက်က ကမ်းလှမ်းတယ်။ သိမ်မွေ့အစက အတန်တန်ငြင်းပါတယ်။ ဒါပေမဲ့ ဖေဖေက သူ့အဖေရဲ့ ကျေးဇူးတွေ ဖေဖေ့အပေါ်တော်တော်များနေပြီ..သူစိတ်ချမ်းသာအောင် လိုက်လျောပေးပါတဲ့..နောက်ဆုံးတော့ ဖေဖေ့ဆန္ဒကို လိုက်လျောခဲ့တယ်။ ဖေဖေ မနှစ်က ရုတ်တရက် ဦးနှောက်သွေးကြောပျက်ပြီး ဆုံးတယ်။
သိမ်မွေ့လည်း ဘာမှမလုပ်တတ်မကိုင်တတ်နဲ့ကျန်ခဲ့တယ်။ ဇော်ဇော်တို့ သားအဖကပဲ အစစ ကူညီခဲ့တယ်။ကိစ္စတွေပြီးတော့ သူက သိမ်မွေ့ကို လက်ထပ်ထားချင်တယ်ဆြိုပီးတောင်းဆိုလာတယ်။ ကျေးဇူးအကြွေးတွေ ပိနေတဲ့ သိမ်မွေ့လည်း နောက်ဆုံးသဘော တူခဲ့တယ်။ ဒါပေမဲ့ လက်ထပ်ပြီးတဲ့ နေ့ကစပြီး သိမ်မွေ့ တစ်ရက်မှ မပျော်ခဲ့ရပါဘူး။ ဇော်ဇော်က မိန်းမပွေတယ်။ အရက်သောက်တယ်။ အရက်မူးရင် သိမ်မွေ့ကို ပြဿနာအမြဲရှာတယ်။ တစ်ခါတစ်လေ လက်ပါတဲ့ အထိပဲ။ အဲ့လိုမျိုး စိတ်ဆင်းရဲမှုတွေနဲ့ ပြည့်နေတဲ့ သိမ်မွေ့ဘ၀က ကို့ ကြောင့် ပြန်ပြီး စိုပြည်လာတယ်။ သိမ်မွေ့ ကို့ကို တကယ်ချစ်တာပါ။ ဇော်ဇော်ကို ဘယ်တုန်းကမှ မချစ်ခဲ့ဘူး..ချစ်လို့လဲမရဘူး။ ကို့ကို ဒီအကြောင်းတွေ ဖွင့်ပြောဖို့ သိမ်မွေ့အကြိမ်ကြိမ် ကြိုးစားပါတယ်။ ဒါပေမဲ့ ဘယ်လို မှပြောမထွက်ခဲ့ဘူး။ ဒီအကြောင်းတွေ သိသွားရင် ကိုနဲ့ သိမ်မွေ့ ဝေးသွားမှာလည်း အရမ်းကြောက်တယ်။ လက်ထပ်ပြီးသားမိန်းမတစ်ယောက်အနေနဲ့ အဲ့လို မျိုးမလုပ်သင့်ဘူးဆိုတာ သိမ်မွေ့သိလျက်နဲ့  မှားခဲ့ပါတယ်။ သိမ်မွေ့ ဘာလုပ်သင့်လဲ။"
ကျနော် အတန်ကြာ သိမ်မွေ့ကို ဘာမှပြန်မပြောနိုင်ခဲ့ဘူး။ ကျနော်စိတ်တွေ တအားရှုပ်နေတယ်။ ကျနော် ကာမပိုင်ရှိတဲ့ မိန်းမတစ်ယောက်ကို ချစ်မိတာပါလား။ ကျနော် ဘာလုပ်သင့်လဲ။ သေချာတာ တစ်ခုကတော့ သိမ်မွေ့ ကို ကျနော့်ဘ၀နဲ့ ထပ်တူထပ်မျှ ချစ်တယ်။ သူမကို ကျနော် လက်လွှတ်အဆုံးရှုံးမခံနိုင်ဘူး ။ ဒါပေမဲ့ လက်ထပ်ပြီးသား မိန်းမတစ်ယောက်နဲ့ ချစ်သူတွေဖြစ်နေတာ လူ့အသိုင်းအ၀ိုင်းကတော့ အိမ်ထောင်ရေးဖောက်ပြန်မှုလို့ပဲ ယူဆမှာပဲ။ ကျနော်စိတ်တွေ ထူပူနေလို့ သိမ်မွေ့ကို စိမ်းလန်းမှာ ထားခဲ့ပြီး ကျနော် အိမ်ပြန်ခဲ့တယ်။
အဲ့ဒီနေ့ ညမှာပဲ ဇော်ဇော်ဆီက ဖုံးထပ်လာတယ်။
"ဟယ်လို.. နေမင်းလား။ ကိုယ် ဇော်ဇော်ပါ။မင်းကိုယ့်ကို မှတ်မိမယ်ထင်ပါတယ်...မင်းကို ကိုယ်သတိပေးခဲ့တယ်...သိမ်မွေ့နဲ့ ကင်းကင်းနေပါလို့ ။ ဒါပေမဲ့ မင်းတို့ နှစ်ယောက်ကို ဒီနေ့ ညနေက စိမ်းလန်းစိုပြည်မှာ တွေ့ ခဲ့တယ်လို့ ကိုယ့်လူတွေဆီက သတင်းရတယ်။ ကာမပိုင်ရှိတဲ့ မိန်းမတစ်ယောက်နဲ့ ချိန်းတွေ့တဲ့ အလုပ်က မိကောင်းဖခင်သားသမီးတွေ အလုပ်မဟုတ်ဘူးဆို တာ မင်းနားလည်မှာပါ။ မင်းဘက်က ရှေ့ဆက်တိုးအုံးမယ်ဆိုရင်တော့ ငါမင်းကို မယားခိုးမှုနဲ့ တရားစွဲရလိမ့်မယ်။ငါ့ဖက်က ပြောချင်တာတော့ ဒါပဲ။ ကျန်တာတော့ မင်းဦးနှောက်နဲ့ မင်းစဉ်းစားပါ။"
ကျနော် ခေါင်းတစ်ခုလုံး ပူထူနေတယ်။ ကျနော်အားလုံးနဲ့ အဝေးဆုံးကို ခဏလောက်ထွက်သွားချင်တယ်။ သိမ်မွေ့ ကျနော့်ကို ဘာလို့လိမ်ရတာလဲ။ ဘာလို့ ဒီလောက်အရေးကြီးတာကို ဖုံးကွယ်ထားရတာလဲ
သိမ်မွေ့ အဲ့ဒီနေ့ က ဘာမှ မစဉ်းစားတော့ပဲ အိပ်ရာဝင်ခဲ့တယ်။ နောက်နှစ်ရက်လုံး အပြင်မထွက်၊ဘယ်သူ
နဲ့ လည်း အဆက်အသွယ်မလုပ်ပဲ နေခဲ့တယ်။ နောက်ဆုံး အဖြေတစ်ခုပဲ ရခဲ့တယ်။ ကျနော် သိမ်မွေ့ နဲ့ သူငယ်ချင်းလိုပဲ ဆက်နေသွားတာအကောင်းဆုံးပဲလို့။ သိမ်မွေ့ ကိုလည်း ပတ်ဝန်းကျင်အမြင်မှာ ဖောက်ပြန်တတ်တဲ့ မိန်းကလေးတစ်ယောက်မဖြစ်စေချင်ဘူး။
သုံးရက်မြောက်နေ့မှာ ကျနော်သိမ်မွေ့ကို ဖုံးခေါ်ခဲ့တယ်။ သူမဖုံးပိတ်ထားတယ်။ ညီမလေးကို အကူအညီတောင်းပြီး သူမအိမ်ဖုံးခေါ်ကြည့်တယ်။ မရှိဘူးလို့ပဲ ပြောလွှတ်လိုက်တယ်။ သင်တန်းကိုလဲ သူမ မလာတော့ဘူး။
နောက်ဆုံး မှာတော့ သိမ်မွေ့အစ်မ ၀မ်းကွဲဆီက သတင်းရတယ်။ သိမ်မွေ့ကို ဇော်ဇော်က အိမ်ထဲက အိမ်ပြင်ပေးမထွက်တော့ဘူးတဲ့ ။ သင်တန်းတွေ လည်းအကုန်ပေးမတတ်တော့ဘူး ။ အိမ်မှာပဲ နေပြီး အိမ်ရှင်မကောင်းတစ်ယောက်ဖြစ်အောင် နေရမယ်တဲ့။ ပြီးတော့ ကလေးယူရမယ်တဲ့..အစက သိမ်မွေ့က ငယ်သေးလို့ ကလေးမယူသေးဘဲ သိမ်မွေ့ကို လွတ်လွတ်လပ်လပ်ပေးနေခဲ့တယ်။ အခုကိစ္စတွေ ဖြစ်ပြီး ပြဿနာတွေလည်းတက်၊ လွတ်လပ်ခွင့်တွေလည်း အကုန်ပိတ်လိုက်တယ်တဲ့။
ကျနော် သိမ်မွေ့ကို သိပ်တွေ့ ချင်တာပဲ။ သူမလဲ ကျနော်ကို တွေ့ ချင်နေမှာ ကျနော်သိတယ်။ အခုက တွေ့ဖို့မပြောနဲ့ ..ဖုံးပြောဖို့တောင် မလွယ်တော့။ ကျနော် အရဲစွန့်ပြီး သူမအိမ်ရှေ့နေ့တိုင်းသွားကြည့်တယ်။ လေးရက်မြောက်နေ့မှာ ၀ရံတာမှာ ထွက်ပြီးငေးနေတဲ့ သူမကို တွေ့ လိုက်တယ်။ သူမကို လှမ်းခေါ်လိုက်တော့ လှည့်ကြည့်တယ်..သူမပျော်သွားတဲ့ ပုံကသိသာပါတယ်။ဒါပေမဲ့ ဇော်ဇော်ပါ ၀ရံတာထွက်လာတယ်။ ကျနော်ကို တွေ့တော့ သိမ်မွေ့ကို အတင်းအိမ်ထဲဆွဲသွင်းသွားတယ်။ ကျနော်ကြောင့် သူမတို့ ပြဿနာထပ်ဖြစ်မှာ သေချာတယ်။ ကျနော့်ကြောင့်နဲ့ သိမ်မွေ့ထပ်စိတ်မဆင်းရဲစေချင်တော့ဘူး။ ကျနော် သူမကို ထပ်သွားမတွေ့ဖို့ ဆုံးဖြတ်လိုက်တယ်။
ဒီကြားထဲ သူမကျနော်ဆီတစ်ခါ ဖုံးဆက်ရှာပါတယ်။ ကျနော့်ကို လွမ်းတဲ့ အကြောင်းတွေ ။ သူမအိမ်မှာဖြစ်တဲ့ ပြဿနာတွေ အကြောင်းပြောပြတယ်။ သူမစကားအဆုံးမှာ ကျနော်ဆုံးဖြတ်ချက်ကို သူမကို ပြောလိုက်တယ်။
"သိမ်မွေ့..ကိုယ်တို့ လမ်းခွဲကြစို့ ။ ဒါကိုယ်တို့ နှစ်ယောက်အတွက် အကောင်းဆုံးရွေးချယ်မှုပဲ။ ဒါပေမဲ့ ကိုယ်ဟာမင်းအတွက် အမြဲတမ်းသူငယ်ချင်းအဖြစ်နဲ့ ရှိနေမှာပါ...။"
သူမဖက်က အသံငြိမ်ကျသွားတယ်။ ရှိုက်သံသဲ့သဲ့ထွက်လာတယ်။ သူမငိုနေတယ်။ သူမအရမ်းခံစားရမယ်ဆိုတာ ကျနော်သိပါတယ်။ သိမ်မွေ့ရေ မငိုပါနဲ့ ကွာ။ မင်းငိုရင် မင်းခံစားရတာထက် ငါပိုခံစားရလို့ ပါ။ ဒါတွေက ကျနော်စိတ်ထဲမှာ ပြောနေမိတဲ့ စကားတွေပါ။ နှုတ်ခမ်းက တော့ ဘာစကားလုံးမှ မထွက်လာခဲ့ဘူး။
ခဏအကြာ သူမစကားသံထွက်လာသည်။
"ကို သိမ်မွေ့ကို မုန်းသွားပြီမဟုတ်လားဟင်။ သိမ်မွေ့ နားလည်ပါတယ်ကို ရယ်"
"သိမ်မွေ့ရယ်..ဘယ်လိုပြောလိုက်တာလဲ..ကို သိမ်မွေ့ကို ဘယ်တော့မှ မမုန်းဘူး။ မုန်းလို့ လဲရမှာမဟုတ်ဘူး။ အခုလို ဆုံးဖြတ်လိုက်ရတာလဲ နှစ်ဖက်လုံးအတွက် အကောင်းဆုံးဖြစ်မယ်လို့ ထင်လို့ပါ။ ကိုယ် သတ္တိနည်းတယ်လို့ သိမ်မွေ့ ထင်နိုင်ပါတယ်။"
"ကို လုပ်တာမှန်ပါတယ်။ သိမ်မွေ့ လည်း အတတ်နိုင်ဆုံး ကိုရဲ့ အချစ်ဆုံးသူငယ်ချင်း အဖြစ်နေနိုင်အောင်ကြိုးစားမယ်နော်။ ဒါဆို သိမ်မွေ့ ဖုံးချလိုက်တော့မယ်။ လူလာနေပြီ။"
အဲ့ဒါ သူမနဲ့ နောက်ဆုံး ဖုံးပြောဖြစ်ခြင်းပါ။ အဲ့နောက်မှာ သူမနဲ့ လုံးဝ အဆက်အသွယ်ပြတ်သွားခဲ့တယ်။ မနေ့ က သူမကို ပြန်တွေ့တာ ၃နှစ်အတွင်းမှာပထမဆုံးပဲ။
ကလေးကျောင်းကြိုလိုက်အုံးမယ်ဆို တော့ သူမလည်း ကလေးတောင်ရနေပြီပဲ။ ဘာပဲဖြစ်ဖြစ် ကျနော်ကျေနပ်ပါတယ်။ ကျနော် သူတစ်ပါးအိမ်ထောင်ကို မဖျက်ဆီးခဲ့မိဘူး။ ဒါပေမဲ့ အိမ်ထောင်တစ်ခု မပျက်ဆီးဖို့ တော့ အသည်းနှလုံး ၂ခုတော့ စတေးခဲ့ရတယ်။
++++++++++++++++++++++++++++++++++++++++++++++++++++++++++++++
သူမဟာ ဆိုင်သူရှိရက်နဲ့ ကျနော်ကို ချစ်ခဲ့တယ်။ ကျနော်က လည်း သူမမှာဆိုင်သူရှိမှန်းသိပြီးတဲ့နောက်လည်း ချစ်နေဆဲပါ။ ကျနော်တို့နှစ်ယောက်ရဲ့ ချစ်ခြင်းဟာ လူ့အဖွဲ့အစည်း၊ပတ်ဝန်းကျင်မှာတော့ အပြစ်ရှိတဲ့ ချစ်ခြင်းဖြစ်နေပေမဲ့ သူမကို ချစ်ခဲ့တဲ့ အတွက် ကျနော် ဘယ်တုန်းကမှ နောင်တမရခဲ့ပါဘူး။
ပြီးပါပြီ။...။
ဆုံးတဲ့ထိ ဖတ်ပေးတဲ့ အတွက်ကျေးဇူးတင်ပါတယ်ရှင်။ ပထမဆုံး အကြိမ် ဇာတ်လမ်းရေးသားခြင်း ဖြစ်တဲ့အတွက် အမှားများ၊လိုအပ်ချက်များကို ခွင့်လွှတ်ပြီးဝေဖန်ပေးကြပါရှင်။ ကွန်မန့်မှာ ဖြစ်ဖြစ် cbox မှာဖြစ်ဖြစ်အော်သွားနိုင်ပါတယ်။ =)
Labels:
ကိုယ်တိုင်ရေး
Saturday, January 3, 2009
အပြစ်ရှိတဲ့ ချစ်ခြင်း ၂
နောက်တစ်နေ့  သူမနဲ့ ကန်တော်ကြီးမှာ တွေ့ ကြတယ်။ ထိုနေ့ က သူမအရမ်းလှပါသည်။ အရင်နေ့ တွေလို သူငယ်ချင်းတွေ အနေနဲ့ တွေ့ ရတာ မဟုတ်ပဲ ချစ်သူတွေ အနေနဲ့ 
တွေ့ ရတာဆိုတော့ ကျနော့် ရင်တွေလည်းခုန်နေတာပေါ့။ အဲ့ဒီနေ့ က သူမနဲ့ 
ရုပ်ရှင်သွားကြည့်တယ်။ game city သွားတယ်။
မုန့် တွေလျှောက်စားတယ်။ sticker ဓာတ်ပုံတွေရိုက်တယ်။ တအားကို ပျော်ခဲ့ကြတယ်။
ကျနော်တို့  နှစ်ယောက်ချစ်သူသက်တမ်း၂လလောက် အထိ ဘာပြဿနာကြီးကြီးမားမား မရှိခဲ့ပါဘူး။ တစ်ယောက်ကို တစ်ယောက် နားလည်မှုအပြည့် နဲ့ အားလုံး အဆင်ပြေခဲ့တယ်။ ဒါပေမဲ့ အဲ့ဒီအချိန်မှာပဲ ကျနော်တို့ နှစ်ယောက်လုံးကို တစ်သက်လုံးဝေးသွားစေမဲ့ ကိစ္စတစ်ခုပေါ်လာတယ်။
မှတ်မှတ်ရရ အဲ့ဒီနေ့ က တနင်္ဂနွေနေ့ ။ သူမနဲ့ ကျနော် ဘုရားသွားဖို့ ချိန်းထားတယ်။ ကျနော်ရေချိုးပြီးလို့ ပြန်ထွက်လာတဲ့ အချိန် ကျနော်ဖုံးမြည်နေတော့ သူမဆက်တာပဲလို့  ထင်လိုက်မိတယ်။ ဒါပေမဲ့ ဖုံးနံပါတ်ကြည့်တော့ ကျနော်မသိတဲ့ နံပါတ်။ ကျနော်ကိုင်လိုက်တော့ တစ်ဖက်က ယောက်ျားသံ ထွက်လာတယ်။
"အခုပြောနေတာ နေမင်းလား"
"ဟုတ်ပါတယ်။ အခုပြောနေတာဘယ်သူလဲ။"
"ကျနော် နာမည် ဇော်ဇော်ပါ။ သိမ်မွေ့ ချိုနဲ့ အကြောင်းပြောချင်လို့ ။ မင်းနဲ့ သိမ်မွေ့ ချို
တို့ ပတ်သက်မှုဘယ်အဆင့်ထိရောက်နေလဲ ဆိုတာ သိချင်တယ်"
"နေပါဦး။ ခင်ဗျားက သူနဲ့ ဘာပတ်သက်လို့ လာမေးနေတာလဲ။ ဒါကျနော်တို့  ကိုယ်ရေးကိုယ်တာပါ။ ကျနော် ခင်ဗျားကို ပြောပြစရာ အကြောင်းမရှိဘူး။"
"အိုကေလေ။ မင်းက ငါနဲ့ သိမ်မွေ့ ချို ဘာလဲဆိုတာမေးတော့လည်း ပြောရတာပေါ့။ ငါက သူ့ ရဲ့ အမျိုးသားပဲ"
"ဘာ....ခင်ဗျားလွန်လှချည်လား။ ခင်ဗျား ဘာစကားပြောတာလဲ။"
"အေး..မင်းမယုံရင်တော့ ကိုယ့်ဟာကိုယ် စုံစမ်းကြည့်ပေါ့ကွာ။ မင်းကိုသတိပေးချင်တာက သိမ်မွေ့ ချို
နဲ့ ကင်းကင်းရှင်းရှင်းနေပါ..မဟုတ်ရင်တော့ ငါ့အဆိုးမဆိုနဲ့ ။"
'ဂွပ်'တစ်ဖက်က ပြောချင်တာပြောပြီး ဖုံးချသွားသည်။
ကျနော် ရင်ထဲမှာ ၀ုန်းဒိုင်းကြဲသွားသည်။ သူမမှာ ယောက်ျားရှိတယ်တဲ့။ ဟာ..ဒါမဖြစ်နိုင်တာပဲ။ ၁၈နှစ်အရွယ် ကောင်မလေးတစ်ယောက်။ သူမကို ကြည့်ရတာလဲ အနှောင်အဖွဲ့ ကင်းကင်း။ လက်ထပ်ပြီးသား မိန်းမတစ်ယောက်ဆိုတာ တစ်ခါမှ စိတ်ကူးထဲတောင် မစဉ်းစားမိဖူးဘူး။ အခုတော့ ဘာတွေလဲကွာ။ ဇော်ဇော်...ဒီနာမည် ကြားဖူးတယ်။ တော်တော်ရင်းရင်းနှီးနှီးပဲ။ အာ...သိပြီ။ သိမ်မွေ့ ပြောဖူးတဲ့ သူ့ အစ်ကိုနာမည် က ဇော်ဇော်ပဲ။ ဟာကွာ..ကိုယ့်ညီမကို ရည်းစားမထားစေချင်တာနဲ့ ပဲ ကိုယ့်မိန်းမလို့ ပြောတာ ဒီလူတော်တော်လူစိတ်မရှိတာပဲ။ ငါဒီအကြောင်းတွေကို သိမ်မွေ့ ကို ပြောသင့်လား။ အရေးမကြီးပါဘူးကွာ...မပြောတော့ဘူး..တော်ကြာ သိမ်မွေ့ စိတ်မကောင်းဖြစ်နေအုံးမယ်။
ထိုကိစ္စဖြစ်ပြီး တစ်ပတ်လောက်အကြာ။ ကျနော်လည်း မေ့မေ့ပျောက်ပျောက် ဖြစ်နေပြီ။ ဒီအချိန်မှာ သတင်းဆိုးကို သယ်လာသူက ညီမလေး။ "ကိုကို....အရေးကြီးတဲ့ ကိစ္စတစ်ခုပြောစရာ ရှိတယ်။ သိမ်မွေ့ လေ လွန်ခဲ့တဲ့ ၁နှစ်က ပဲ ဇော်ဇော်ဆိုတဲ့လူနဲ့ မိဘတွေ စီစဉ်ပေးလို့ လက်ထပ်ပြီးသွားပြီတဲ့။" ကျနော့် နားထဲ သံရည်ပူတွေ လောင်းလိုက်သလိုပဲ။"နင့်ဟာက သေချာလို့ လားဟာ။ ငါနဲ့ သူနဲ့ ကို မနာလိုတဲ့ လူတွေက လျှောက်ပြောတာနေမှာပေါ့"။"မဟုတ်ဘူးကိုကို ...သေချာတယ်။ သူ့ အစ်မ၀မ်းကွဲဆီက သိခဲ့တာ။ ငါသူ့ အစ်မနဲ့ ဒီနေ့  ဗိုလ်ချုပ်ဈေးမှာတွေ့ လို့ " ကျနော် ညီမလေးကိုတောင် ဘာမှပြန်မပြောနိုင်တော့။ အခန်းထဲကို ၀င်လာပြီး သူမဆီ ဖုံးဆက်ဖို့  ပြင်လိုက်သည်။ ဒီအကြောင်းကို ဖုံးထဲကတော့ မမေးချင်။ သူမနဲ့ စိမ်းလမ်းစိုပြည်မှာ ညနေတွေ့ ဖို့  ချိန်းလိုက်သည်။
[ဆက်ပါဦးမည်...]

အပြစ်ရှိတဲ့ ချစ်ခြင်း
မနေ့ က သူမနဲ့  မထင်မှတ်ပဲ junction 8 မှာပြန်ဆုံတယ်။ သူမက မပြောင်းလဲပါဘူး။ အရင်လို လှတုန်းပဲ.. ပိုပြီးရင့်ကျက်တဲ့ အလှတွေနဲ့ ပေါ့။ ကျနော့်ကို တွေ့ တော့ နှုတ်ဆက်ရှာပါတယ်။ ဒါပေမဲ့  ကလေးကျောင်းကြိုစရာ ရှိလို့ သွားလိုက်အုံးမယ် ဆိုပြီး ကျနော် ဘာမှပြန်မပြောရသေးခင် သူမထွက်သွားပါလေရော။ ကျနော်လည်း အူလည်လည်နဲ့  ကျန်ခဲ့တာပေါ့။ သူမကို မြင်မှ ကျနော်ကြိုးစားပြီးမေ့ထားတဲ့ လွန်ခဲ့တဲ့ ၃နှစ်လောက်က အကြောင်းတွေ ခေါင်းထဲမှာ အစီအရီ ပြန်ပေါ်လာတော့တာပဲ။
+++++++++++++++++++++++++++++++++++++++++++++++
သိမ်မွေ့ ချို
သူမကို သတိထားမိတာ ကြာပါပြီ။ သူမနဲ့ ကျွန်တော် အင်္ဂလိပ်စာ သင်တန်းတစ်ခုမှာ
တွေ့ တာပါ။ သူမကို သတိထားမိတဲ့ အချက်က သူမက အမြဲတမ်းတစ်နေရာရာကို ငေးနေတတ်တယ်။ သူငယ်ချင်းတွေလည်း သိပ်တွဲတာ မတွေ့ ဘူး။တစ်ယောက်ထဲပဲ
တွေ့ ရတာများတယ်။ သူမက သိပ်ချောသိပ်လှတဲ့ အထဲမှာတော့မပါပေမဲ့ ရွက်ကြမ်းရေကျို အလှထက်တော့ သာတယ်။ ကျောလယ်လောက် ဆံပင်နဲ့  မိတ်ကပ်ပါးပါးလေးလူးထားတယ်။ခေတ်ဆန်ဆန် ၀တ်စားတတ်တယ်။ သူမကို စိတ်ဝင်စားတဲ့ သူတွေလည်း အတန်းထဲမှာ တော်တော်များများ ရှိပါတယ်။ ဒါပေမဲ့ သူမက အနေတည်တယ်။ ယောက်ျားလေးတွေနဲ့  ရောရောနှောနှော မရှိဘူး။
ကျွန်တော် သူမကို ခင်ချင်တယ်။ ဒါပေမဲ့ သွားမိတ်ဆက်ဖို့ ကလဲ မရဲဘူး။ တစ်နေ့ ကျတော့ ကံကောင်းချင်တော့ ကျွန်တော့ညီမလေးက ကျွန်တော့သင်တန်းကို လာရင်းနဲ့  သူမကို တွေ့  သွားတယ်။ ချက်ချင်းပဲ ညီမလေးက သူ့ ဆီပြေးသွားပြီး နှုတ်ဆက်တယ်။ ကျွန်တော်လဲ ကြောင်တောင်တောင်နဲ့  ပါသွားတောပေါ့။ လက်စသတ်တော့ သူမနဲ့ ညီမလေးက သိပ်ခင်တဲ့ သူငယ်ချင်းတွေဖြစ်နေတယ်။သူတို့နှစ်ယောက် မတွေ့ ဖြစ်တာ ၄နှစ်လောက်ရှိပြီတဲ့။သူမ အ.ထ.က ကျောင်းကနေ ပုဂ္ဂလိကကျောင်း ကို ပြောင်းသွားကတည်းကပေါ့။ဘာပဲဖြစ်ဖြစ် ကျွန်တော့အဖို့ ရေငတ်တုန်း ရေတွင်းထဲ ကျသလိုပါပဲ။ တော်တော်ပျော်သွားတယ်။
ဒီလို နဲ့ ညီမလေး အကူအညီနဲ့  သူမနဲ့ခင်ခွင့်ရခဲ့တယ် ဆိုပါတော့။ သင်တန်းမတတ်ခင် အအေးဆိုင်မှာထိုင်။ စကားတွေ ပြောနဲ့ပေါ့။ အိမ်ပြန်ရောက်ရင်တော့ သူမက ပြောစရာတွေ ရှိရင်အီးမေလ်းတွေ ပို့ တယ်။ ။ သူမ အပြောအရ သူမအိမ်က တအားကြပ်တော့ ဖုံးပြောလို့  အဆင်မပြေဘူးတဲ့။ဒါပေမဲ့လည်း သူမအိမ်က လစ်ရင်လစ်သလို ဖုံးပြောရင်းပျော်ခဲ့ကြတယ်။ ကျွန်တော်တို့နှစ်ယောက် ရဲ့ သံယောဇဉ်တွေလည်း တစ်နေ့ထက်တစ်နေ့ တိုးလာခဲ့တယ်။သူမနဲ့ အနီးကပ်ခင်ခွင့်ရမှ သူမအကြောင်းတော်တော် နားလည်လာတယ်။ တကယ်တော့သူမဟာ အထီးကျန်နေသူ တစ်ယောက်ပါ။ မိဘတွေက ငယ်ငယ်ထဲက ဆုံးကုန်ပြီး အခု အစ်ကို တစ်ယောက်ရယ် အဒေါ်ရယ်နဲ့ပဲ နေနေရတဲ့ သူပါ။
သူမနဲ့ ခင်လာတဲ့ သက်တမ်း ၆လပြည့်တဲ့နေ့ မှာ ကျွန်တော် သူမကို ချစ်နေတဲ့ အကြောင်းဖွင့်ပြောခဲ့ပါတယ်။ ဖွင့်ပြောလိုက်တဲ့ အချိန်မှာ သူမကျွန်တော့ကို တော်တော်ကြာ စိုက်ကြည့်နေရင်းနဲ့ မျက်ရည်တွေ ၀ဲနေခဲ့တယ်။ ကျွန်တော့စိတ်ထင်တော့ သူမစိတ်လှုပ်ရှားလို့  ဒါမှမဟုတ် ပျော်လို့ ကျတဲ့ မျက်ရည်လို့ ထင်ခဲ့မိတယ်။ ကျွန်တော့ထင်မြင်ချက်တွေ မှားမှန်း နောင်တစ်ချိန်မှ ကျွန်တော် သိခဲ့ရပါတယ်။
အဲ့ဒီနေ့ က သူမဘာမှ မပြောပါဘူး။ ကျွန်တော်အဖြေတောင်းတော့လည်း သူမရေရေရာရာမပြောခဲ့ဘူး။ မျက်ဝန်းမှာ မျက်ရည်တွေ အပြည့်နဲ့  ထထွက်သွားခဲ့တယ်။ ကျွန်တော်လည်း နားမလည်နိုင်အောင်ဖြစ်ခဲ့ရတယ်ဗျာ။
ဒီလိုနဲ့ နောက်ပိုင်း သူမနဲ့ တွေ့ တိုင်း ကျွန်တော် တကျီကျီအဖြေတောင်းပါတော့တယ်။ တောင်းတိုင်းလဲ သူမမျက်နှာပျက်သွားသလိုပဲ။ တစ်နေ့ တော့ သူမကျွန်တော့ကို သီချင်းခွေတစ်ခွေပေးတယ်။ သီချင်းခွေကာဗာမှာ ဘာမှမရေးထားဘူး။ အိမ်ရောက်ရင် သေချာနားထောင်ကြည့်ပါတဲ့။ အိမ်ရောက်တော့ နားထောင်ကြည့်တော့ တရုတ်သီချင်းတစ်ပုဒ် ဖြစ်နေတယ်။ အဲ့ဒါမှ ကွိုင်ပဲ။ကျွန်တော်က တရုတ်သီချင်းတွေနားထောင်လေ့ မရှိဘူး။ နားလည်းမလည်ဘူးလေ။ အဲ့တော့ သူမကို ဖုံးဆက်မေးကြည့်တယ်။ အဲ့ဒီ သီချင်းနားထောင်ခိုင်းတာ ဘာလို့ လဲလို့ ။ နားမလည်ဘူး လို့  ဘာတွေဆိုနေမှန်း။ သူမက ဘာမှမပြောပါဘူး။ သေသေချာချာ ပြန်နားထောင်ကြည့်ပါလို့ ပဲပြောတယ်။ ဒါနဲ့  ကျွန်တော်လည်း ထပ်နားထောင်ကြည့်တယ်။ တစ်ခေါက်ပြီးသွားတယ်။ ဘာမှမသိလိုက်ဘူး။ နောက်တစ်ခေါက် ထပ်နားထောင်ကြည့်တယ်။ အဲ့ဒီအခါမှ သတိထားမိတယ်။ သီချင်းထဲမှာ "YES I LOVE U" ဆိုတဲ့ စာသားလေးပါတယ်။ အဲ့ဒါပဲ အင်္ဂလိပ်လို ဆိုတာ။ ကျန်တာ တရုတ်လို ကြီးပဲ။
ကျွန်တော် ရင်တွေတောင်တုန်သွားတယ်။ ဒါငါ့ကို အဖြေပေးတာ များလားလို့ ။ သီချင်းကို နောက်တစ်ခေါက် နားထောင်ပြီးတဲ့ အချိန်မှာတော့ ကျွန်တော်သူမဆီ ချက်ချင်းဖုံးဆက်လိုက်တယ်။ ရင်တွေခုန်လွန်းလို့ အသံတွေတောင်တုန်တယ်ဗျာ။ ကျွန်တော်ထင်တာ ဟုတ်မဟုတ် သူမကို မေးတော့ သူမဖက်က အသံခဏတိတ်သွားတယ်။ နောက်ကျတော့ "အင်း" ဆိုတဲ့ အသံလေးထွက်လာတယ်။ ကျွန်တော်ဖြင့် ပျော်လိုက်တာဗျာ။ ဖုံးပြောနေရင်းနဲ့ တောင် ထခုန်မိတယ်။
(ဆက်ပါဦးမည်.....)
Labels:
ကိုယ်တိုင်ရေး
Subscribe to:
Posts (Atom)