Saturday, February 28, 2009

လူကဲခတ်နည်း :)

ငယ်ငယ်တုန်းက လူကြီးတွေပြောတာ ကြားဖူးတယ်။ ခြေညှိုးက ခြေမထက်ရှည်ရင် မိန်းကလေးဆိုရင် ယောက်ျားကို နိုင်တယ်တဲ့။ ယောက်ျားလေးဆိုရင် မိန်းမကို ကြောက်ရမယ်တဲ့။ ပြီးတော့ ရှိသေးတယ်.. လက်ချောင်းသွယ်ရင် အနုပညာအလုပ် လုပ်ရတတ်တယ်တဲ့။ လက်ညှိုးကို သေချာထောင်ကြည့်လို့ ကော့နေမယ်ဆိုရင် သူတပါးကို သြဇာညောင်းတယ်တဲ့။ ဆံပင်ကောက်ကောက် လင်၆ယောက်တဲ့.. ဆံပင်ကောက်တဲ့ လူတွေဆို ယောက်ျားများတယ်တဲ့။ ဟီး..နောက်တာနော်။အဲ့ဒါမပါဘူး။ ကဲ အတည်ဆက်ရေးမယ်။ :D နောက်တစ်ခုက လက်၅ချောင်းစိကြည့်လို့ လက်ချောင်းလေးတွေ ကြားထဲမှာ ဟနေမယ်ဆိုရင် ငွေအသုံးအဖြုံးကြီးတယ်တဲ့။ ကျွန်မကြားဖူးတာလေးတွေပါ။ မှန်မမှန်တော့ မသိဘူး။ :D

လူကြီးတွေ ပြောတဲ့စကားအရဆိုရင် အဲ့လို ခြေလက်အင်္ဂါ နဲ့ ရုပ်ဆင်းအင်္ဂါကို ကြည့်ပြီးအကဲခတ်ရင် လုံးဝမှန်ကန်တယ်လို့ မဆိုနိုင်ပေမဲ့ များသောအားဖြင့် မှန်တတ်တယ်ဆိုပဲ။ ကျွန်မကတော့ ယုံတယ်လည်းမဟုတ် မယုံဘူးလည်းမဟုတ်။ ကိုယ့်ကို ကောင်းတာပြောတယ်ဆိုရင်တော့ ယုံလိုက်တယ်။ မကောင်းတာဆိုရင်တော့ နင့်ဟာကြီးက မဖြစ်နိုင်ပါဘူးဟာ ဘာညာဆိုပြီး ငြင်းလွှတ်ပစ်တာ။ ဟဲဟဲ။

ဟိုနေ့က မင်းလူရဲ့ အချစ်သည် သက်တော်ရာကျော်ရှည်ပါစေသတည်း ဆိုတဲ့ စာအုပ်လေးမှာ အဲ့အကြောင်းနည်းနည်းဖတ်လိုက်ရတယ်။ ဖတ်ကြည့်ပြီး မှန်မမှန် စမ်းသပ်ကြည့်ကြပေါ့ကွယ်။

လက်အနေအထား
လက်မတိုလွန်းလျှင် ရက်စက်တတ်သည်။
လက်ချောင်းရှည်လျားလွန်းရင် စိတ်ကူးယဉ်တတ်သည်။
လက်ညှိုးက လက်သူကြွယ်ထက် ရှည်လျှင် သူတစ်ပါးအပေါ် သြဇာညောင်းသည်။
လက်သူကြွယ်က လက်ညှိုးထက် ရှည်လျှင် စိတ်ထားနူးညံ့ပြီး အနုပညာကို မြတ်နိုးသောစိတ်ရှိတတ်သည်။
လက်သည်းများ၏ အလျား(လက်သည်းညှပ်ထားပြီးသော အချိန်) တိုလွန်းလျှင် တစ်ကိုယ်ကောင်းဆန်တတ်သည်။ ရှည်လျှင် အများအကျိုးကို ကြည့်တတ်သည်။

ခြေထောက်အနေအထာ
ဖနောင့်တိုရင် သူယုတ်မာလက္ခဏာတွင် ပါဝင်၏တဲ့...အနော် ပြောတာဟုတ်ဘူးနော်။ စာအုပ်ထဲမှာပါတာ ပြောတာ။
ဖနောင့်ချွန်လျှင် မြင့်မြတ်သည်။ (အင်း...ဖနောင့်တုံးနေရင် ချွန်အောင် သွေးရမဲ့ ပုံပဲ)
ခြေမနှင့် ကပ်ရက်ရှိသော ခြေချောင်းသည် ခြေမထက်ရှည်လျှင် သူတစ်ပါးအပေါ် အနိုင်ရလိုသောစိတ်ရှိသည်။
ထိုခြေချောင်းသည် အလွန်အမင်းရှည်ပြီး ခြေမကတိုနေလျှင်(ခြေထောက် မြှားဦးပုံ) တစ်ဖက်သတ် အနိုင်ထက်စီးနင်း လုပ်လိုသော စိတ်ရှိသည်။
ခြေမက တအားရှည်ပြီး ခြေညှိုးက တိုလွန်းရင်တော့ နုံအပြီး စဉ်းစားဥာဏ်နည်းသတဲ့။
ခြေမနဲ့ ခြေညှိုး အလျားတူညီပြီး ကျန်တဲ့ ခြေချောင်းတွေက အလိုက်သင့် အဆင်တပြေဖြစ်နေလျှင် မျှတတဲ့ စိတ်ထားရှိတယ်တဲ့။

မျက်နှာ
မျက်နှာရှည်လျှင် စိတ်ထားအပြောင်းအလွဲ ရှိတတ်ပြီး မျက်နှာဝိုင်းလျှင် စိတ်ထားတသမတ်တည်း ထားတတ်သည်။ နှုတ်ခမ်းပါးလျှင် ပြတ်သားသောစိတ်ရှိပြီး နှုတ်ခမ်းထူလျှင် အကောင်းနှင့်အဆိုး တစ်ဖက်သို့ လွန်ကဲမှုမရှိဘဲ ဒွန်တွဲနေတတ်သည်။ နှုတ်ခမ်းပြည့်တင်းလျှင် သစ္စာရှိခြင်းသဘောကို ဆောင်သည်။

မျက်လုံး
မျက်လုံးတစ်လုံးနှင့် တစ်လုံးကွာဝေးလွန်းလျှင် စိတ်ထားမမှန်ကန်။
မျက်လုံးအရောင်မှိန်လွန်းလျှင် စိတ်ဓာတ်ကြံ့ခိုင်မှုမရှိ။
အရောင်လက်လွန်းပြီး မျက်စိ ကစားလွန်းလျှင် စိတ်တည်ငြိမ်မှုမရှိ။အပြောင်းအလဲများတတ်သည်။
မျက်စိမှေးပြီးတစ်စုံတစ်ရာကို စူးစိုက်ကြည့်တတ်လျှင် ဆင်ကြံကြံတတ်သည်။
မျက်လုံးပြူးပြီးနီရဲနေလျှင် ဒေါသကြီးတတ်သည်။
မျက်လုံးကြည်လင်ပြီး အရွယ်အစားမှန်ကန်လျှင် စိတ်ကောင်းရှိတတ်သည်။

ကဲ..ဖတ်ဖူးမှတ်ဖူးသမျှတော့ ကုန်ပြီ။ နောက်ထပ် ကြားဖူးတာတွေ ရှိသေးတယ်ဆိုရင် ကွန်မန့်ခဲ့ပေါ့နော်။

Blogger ZT said...

လက်မရဲ့ ပထမအဆစ်က ပါးနေရင် အလုပ်ကို လက်စမသတ်တတ်ဘူးတဲ့။ လက်မရဲ့ အဆစ်က မာနေရင် စိတ်မာတယ်။ ပျော့ရင်တော့ စိတ်ပျော့တယ်တဲ့။ လက်မတိုတဲ့ သူတွေက စိတ်ကို မထိန်းနိုင်ဘူး။ လက်မရှည်တဲ့ သူတွေက စိတ်ရှည်တယ်တဲ့။ လက်သူကြွယ်က လက်ညှိုးထက်ရှည်ရင် လောင်းကစားသမားစိတ် ရှိတယ်တဲ့။ လက်သန်းက လက်သူကြွယ်ရဲ့ ပထမအဆစ်ထက် ပိုရှည်နေမယ် ဆိုရင် အနုပညာသမား ဖြစ်တတ်တယ်တဲ့။

ခြေညှိုးကခြေမထက် အလွန်အမင်း ပိုပြီး ရှည်နေမယ်ဆိုရင် ငယ်ငယ်ကတည်းက မိဘနဲ့ ခွဲပြီး နေရတတ်တယ်တဲ့။

ဒါမှတ်မိသမျှ အကုန်ပါပဲကွယ်။

10 comments:

ZT said...

လက်မရဲ့ ပထမအဆစ်က ပါးနေရင် အလုပ်ကို လက်စမသတ်တတ်ဘူးတဲ့။ လက်မရဲ့ အဆစ်က မာနေရင် စိတ်မာတယ်။ ပျော့ရင်တော့ စိတ်ပျော့တယ်တဲ့။ လက်မတိုတဲ့ သူတွေက စိတ်ကို မထိန်းနိုင်ဘူး။ လက်မရှည်တဲ့ သူတွေက စိတ်ရှည်တယ်တဲ့။ လက်သူကြွယ်က လက်ညှိုးထက်ရှည်ရင် လောင်းကစားသမားစိတ် ရှိတယ်တဲ့။ လက်သန်းက လက်သူကြွယ်ရဲ့ ပထမအဆစ်ထက် ပိုရှည်နေမယ် ဆိုရင် အနုပညာသမား ဖြစ်တတ်တယ်တဲ့။

ခြေညှိုးကခြေမထက် အလွန်အမင်း ပိုပြီး ရှည်နေမယ်ဆိုရင် ငယ်ငယ်ကတည်းက မိဘနဲ့ ခွဲပြီး နေရတတ်တယ်တဲ့။

ဒါမှတ်မိသမျှ အကုန်ပါပဲကွယ်။

ဘာတွေတုန်း said...

ဟုတ်...ထပ်ဖြည့်လိုက်ပါ့မယ်ရှင့်။

ရွှန်းမီ said...

အင်း.. ကိုယ့်ကိုကိုယ် ပြန်ကြည်ပြီး ခြေမ surgery လက်မ surgery တွေ လုပ်ရကောင်းမလားတောင် လျှောက်စဉ်းစားမိတယ် =)

ဘာတွေတုန်း said...

ဟဟား..လုပ်မယ်ဆို ညီမကိုပါ ခေါ်နော်.. လက်မတိုနေလို့ ဆွဲဆန့်မလား စဉ်းစားနေတာ.. :P

Shirley said...

interesting!! nice on kzl! (:

Anonymous said...

မူးသွားတာပဲ @_@

ဘာတွေတုန်း said...

ကျေးဇူး shirley ရေ...
My simplest sincerity ရေ..မသောက်ပဲနဲ့ မူးသွားတယ် ထင်တယ်.. နောက်ဆို မူးချင်ရင် ဒီပို့စ် ပြန်လာဖတ်..ပိုက်ပိုက်မကုန်ပဲ မူးတဲ့နည်း :D

မိုးခါး said...

ပြောလို့ပြောတာမဟုတ်ဘူး .. အကောင်းတွေချည်းစုနေသလိုပဲ .. :P ဒီတော့ မှန်ပါ၏ လို့ပဲပြောတော့မယ် .. :D (နုံတယ်နော်း)

ဘာတွေတုန်း said...

ဟဟား..ဒါပေါ့ မမမိုးခါးရဲ့။အကောင်းတွေဆို မှန်၏လို့ပဲမှတ်။

သူကြီးမင်း (တုံးဖလား) said...

အားလုံး မှန်နေသလိုဘဲ။ စိတ်အခြေအနေအရ အချိုးအဆစ်တွေ ပြောင်းလဲသွားတာထင်တယ်။