Tuesday, July 28, 2009

အလောင်းအစား ၂

ကျွန်တော် အလောင်းကို ကျောပေးထိုင်ရင်း ပြတင်းပေါက်ဖက်မျက်နှာမူကာ ဟိုဟိုဒီဒီအတွေးနယ်ချဲ့မိသည်။ ကျောင်းကိစ္စ အိမ်ကိစ္စ သူငယ်ချင်းကိစ္စ အစရှိသဖြင့် တောင်တွေးမြောက်တွေး လျှောက်စဉ်းစားနေမိတယ်။ ကျွန်တော်က ပြတင်းပေါက်ဖက်ကို မျက်နှာမူထားတယ်ဆိုပေမဲ့ အလောင်းရဲ့ ခေါင်းနဲ့ ခြေထောက်ဖက်ကို မျက်လုံးထောင့်နားကတော့ မြင်ရတယ်။ အလောင်းက ပိတ်ဖြူအုပ်ထားတာဆိုတော့ အမှောင်ထဲမှာ အတန်ငယ်မြင်ရတယ်။ ရုတ်တရက် ကျွန်တော့်မျက်စိထောင့်က အလောင်းရဲ့ ခြေထောက်ဖက်က တစ်ချက်လှုပ်သွားတာကို မြင်လိုက်ရသလို ခံစားလိုက်ရတယ်။ ရင်တစ်ချက်တုန်သွားတယ်။ သေချာအောင် နောက်ပြန်လှည့်ကြည့်မိတယ်။ အလောင်းက ခုနက ပုံစံအတိုင်းပဲ ဘာမှ မထူးခြား။ သူစိတ်ထင်တာ ဖြစ်မည်ဟု ထင်၏။ ဒါပေမဲ့ အလောင်းကို ကျောပေးပြီး မထိုင်ချင်တော့။ ကျောမလုံသလို ခံစားရတယ်။ ဒါနဲ့ ကျွန်တော် သံမံတလင်းပေါ်ဆင်းထိုင်တယ်။ ပြတင်းပေါက်ရှိတဲ့ နံရံကို ကျောမှီပြီးတော့ပေါ့။ အဲ့တော့ ကျွန်တော့်အနေအထားက အလောင်းကို ထိုင်ကြည့်နေသလို ဖြစ်သွားတယ်။ ကျွန်တော် အချိန်ကို ကြည့်လိုက်တော့ ၉နာရီကျော်လောက်ရှိသွားပြီ။ ကျွန်တော်လေ ဒီအလောင်းအစားလုပ်မိတာ နည်းနည်းတော့ နောင်တရလာတယ်။ ဖြစ်နိုင်ရင် သူတို့ကို လောင်းကြေးငွေ လျော်ပြီး ကျွန်တော် အိမ်ပြန်လိုက်ချင်တယ်။ အလောင်းကို ကြောက်တာမဟုတ်ပေမဲ့ စိတ်ထဲကတော့ တစ်ယောက်တည်းမို့လို့လား မသိဘူး။ နည်းနည်းခြောက်ခြားလာသလိုပဲ။ ဒါပေမဲ့ ကျွန်တော့်သူငယ်ချင်းတွေကို ပြန်လာခေါ်ခိုင်းရအောင် ဖုန်းလည်းမရှိ။ လှမ်းအော်လို့လည်း မရ။ မနက်မိုးလင်းတဲ့ထိ စောင့်ဖို့က လွဲရင် ကျွန်တော်မှာ တခြားရွေးချယ်စရာမရှိဘူး။

ကျွန်တော်လည်း အခန်းထောင့်လေးမှာ ဒူးနှစ်ချောင်းထောင်ပြီး ခဏမှေးနေလိုက်တယ်။ ကျွန်တော့်မျက်လုံးတွေ နည်းနည်းစင်းလာတယ်။ ဒါပေမဲ့ အိပ်တော့မအိပ်ချင်သေးဘူး။ရုတ်တရက် ဖယောင်းတိုင်ကို သတိရသွားတယ်။ မအိပ်ခင်လေး ဖယောင်းတိုင်လေးထွန်းလိုက်ဦးမယ်ပေါ့။ ဖယောင်းတိုင်က တစ်နာရီခံတယ်ဆိုတော့ အဲ့အချိန်လောက်ဆို ကျွန်တော်လည်း အိပ်ချင်လောက်ပြီ။ အိပ်သွားရင် ဘာမှ သိတော့မှာ မဟုတ်ဘူး။ မနက်နိုးလာရင် ဟိုကောင်တွေ တံခါးလာဖွင့်တာနဲ့ အတော်ပဲဆိုပြီး ဖယောင်းတိုင်ညှိလိုက်တယ်။ဒါပေမဲ့ ဖယောင်းတိုင်က ချက်ချင်းမီးမတောက်ဘူး။ ဖယောင်းတွေက ရှဲကနဲ မြည်ပြီး မီးပြန်သေသွားတယ်။ ကျွန်တော်ကလည်း မီးခြစ်ဆံငြိမ်းလိုက်ပြီဆိုတော့ စိတ်နည်းနည်းတိုသွားတယ်။ နောက်တစ်ဆံထက်ညှိရတယ်။ မီးခြစ်ဆံက ၂ဆံပဲကျန်တော့တယ်။ မီးထွန်းလိုက်တော့ တခန်းလုံးကို သေချာမြင်ရတယ်။ ကျွန်တော့်ကြောက်စိတ်လည်း နည်းနည်းပျောက်သလောက် ဖြစ်သွားတယ်။ ဖယောင်းတိုင်ကို ကျွန်တော်က ခုတင်ခြေရင်း သံတိုင်ပေါ်မှာ ဖယောင်းအစက်လေး ချပြီး ထွန်းထားတယ်။ ပြီးတော့ ခုတင်ကို မှီုပြီး ကျွန်တော်ထိုင်နေလိုက်တယ်။ ကျွန်တော်ဆေးလိပ်သောက်ချင်လာတယ်။ မီးခြစ်ဆံတစ်ဆံယူပြီး မီးညှိလိုက်တယ်။ ကျွန်တော့်မှာ နောက်ဆုံးမီးခြစ်ဆံပဲ ကျန်တော့တယ်။ အမှန်တော့ ကျွန်တော်နည်းနည်းစိတ်ထွေပြီး မေ့သွားတာ။ ဆေးလိပ်ကို ဖယောင်းတိုင်မီးနဲ့ညှိလို့ရတာပဲ။ မီးခြစ်ဆံမှ မလိုတာ။ အလကား တစ်ချောင်းကုန်သွားတယ်။ ဆေးလိပ်ကုန်ပြီး သိပ်မကြာခင်မှာ ဖယောင်းတိုင်လည်း ကုန်သွားတယ်။ ကျွန်တော်လည်း နည်းနည်းအိပ်ချင်လာပြီ။ အချိန်က ၁၀နာရီကျော်။ ဒါနဲ့ အိပ်ဖို့ဆုံးဖြတ်လိုက်တယ်။

အိပ်ဖို့ကျတော့ သံမံတလင်းမှာအိပ်လို့ ဘယ်လိုမှ အဆင်မပြေဘူး။ လေဖြတ်သွားနိုင်တယ်။ တစ်နည်းပဲရရှိတယ်။ အလောင်းကို ဟိုဖက်နည်းနည်းထပ်တိုးပြီး သူ့ဘေးနားဝင်အိပ်မှပဲရမှာ။ ဒါနဲ့ ကျွန်တော်အလောင်းကို ဖြည်းဖြည်းလေးတွန်းလိုက်တယ်။ ပြီးတော့ သူ့ဘေးနားမှာ အသာလေးဝင်လှဲနေလိုက်တယ်။ သူ့ခေါင်းကိုလည်း နည်းနည်းဟိုဖက်တိုးပြီး ခေါင်းအုံးပဲ အုံးလိုက်တယ်။ ကျွန်တော်က ခါတိုင်းအိပ်ရင် တစောင်းအိပ်လေ့ရှိတယ်။ ဒါပေမဲ့ အခုအနေအထားက တစောင်းစောင်းမယ်ဆို အလောင်းနဲ့ မျက်နှာချင်းဆိုင်ရင်ဆိုင် ဒါမှ မဟုတ် ကျောပေးမှပဲရမယ်။ အဲ့လိုမျိုးကြီးတော့ မအိပ်ချင်ဘူး။ ဒါနဲ့ ပက်လက်ကလေး လှဲနေလိုက်တယ်။ အိပ်နေကျ ပုံစံမဟုတ်တော့ အချိန်တော်တော်ကြီး ကြာသွားတာတောင် အိပ်မပျော်ဘူး။ ဒီကြားထဲ ပက်လက်ပဲ နေရတော့ ကျောနဲ့ ခေါင်းက ပူလာတယ်။ အချိန်က ၁၂နာရီလောက်တော့ရှိပြီ။ အိပ်မပျော်တော့ ပေါက်ကရလျှောက်စဉ်းစားမိတယ်။ အလောင်းက ယောက်ျားလား မိန်းမလားပေါ့။ ကျွန်တော်က မိန်းမသရဲက ပိုကြောက်ဖို့ကောင်းမယ်ထင်တယ်။ ရုပ်ရှင်တွေထဲမှာ ဆံပင်ဖားလားကြီးတွေနဲ့ဆိုတော့။ ယောကျာ်းအလောင်းဆိုရင်တော့ အိုကေတယ်။ ဒါနဲ့ အလောင်းက ယောက်ျားမိန်းမကြည့်ရအောင် နောက်ဆုံး မီးခြစ်ဆံကိုလည်းထုတ်မသုံးချင်ဘူး။ အရေးပေါ်သုံးဖို့ မရှိမှာစိုးလို့။ ဒါနဲ့ အကြံတစ်ခုရသွားတယ်။ အလောင်းရဲ့ မျက်နှာကို စမ်းကြည့်မယ်ပေါ့။ ဟိုကောင်တွေပြောတာ အလောင်းက လတ်လတ်ဆတ်ဆတ်ဆိုတော့ အကယ်လို့ ယောကျာ်းအလောင်းသာဆိုရင် နှုတ်ခမ်းမွှေး မုတ်ဆိတ်မွှေးတော့ ရှိမှာပဲ။ ကျွန်တော် ပိတ်ဖြူလေးကို အသာလှန်လိုက်တယ်။ မျက်နှာကို စမ်းကြည့်တော့ တကယ်ပဲ နှုတ်ခမ်းမွှေးတွေရှိနေတယ်။ ဆံပင်ကလည်း ဘိုကေနဲ့။ သေချာပါပြီ ယောက်ျားအလောင်းဆိုတာ။ စိတ်နည်းနည်းအေးသွားသည်။

ကျွန်တော် ကျောသိပ်ပူလာတာနဲ့ အလောင်းဖက်တစ်ချက်စောင်းပြီး ကျောပူသက်သာအောင် နေလိုက်တယ်။ ခေါင်းအုံးက အိကျသွားလို့ထင်တယ်။ အလောင်းရဲ့ခေါင်းက ကျွန်တော့်မျက်နှာပေါ်ကျလာတယ်။ ကျွန်တော်လန့်ပြီး ထရပ်မိတယ်။ စိတ်ထဲမှာ အလောင်းက လှုပ်သွားသလို ခံစားမိပြန်တယ်။ နောက်ဆုံး ကျန်နေတဲ့ မီးခြစ်တစ်ဆံကို ညှိပြီး ကျွန်တော်ရပ်နေမိတယ်။ မီးဆံလေးက စက္ကန့်ပိုင်းအတွင်းကုန်သွားတယ်။ ကျွန်တော်လည်း စိတ်ညစ်ညစ်နဲ့ ခုတင်ကို ကျောမှီပြီးထိုင်လိုက်တယ်။ ရုတ်တရက် မွေ့ယာက အိကနဲ ဖြစ်သွားတယ်။ ကျွန်တော် ကြက်သီးဖြန်းဖြန်းထသွားတယ်။ လုံးဝ နောက်လှည့်မကြည့်ဘူး။ အားးးး လက်အေးကြီးတစ်ခု သူ့မျက်နှာကို လာစမ်းမိတဲ့ အခိုက် သူဘာမှ မသိတော့ပဲ လောကကြီးနဲ့ အဆက်ပြတ်သွားတော့တယ်။

****************************************************************************
မနက် ဇော်ဇော်တံခါးလာဖွင့်တော့ အောင်အောင်က ခုတင်ခြေရင်းမှာ မေ့လျက်သား။ အောင်အောင်ကို ဆေးရုံပို့လိုက်ကြတယ်။ ၂နာရီလောက် ကြာတော့ အောင်အောင် ပြန်သတိရလာတယ်။ အောင်အောင်ကို ဆေးရုံပို့တဲ့ အချိန်မှာ မောင်မောင်တစ်ယောက် ရုတ်တရက်နှလုံးရပ်ပြီး ဆုံးပြီ ဆိုတာ ဆရာဝန်တွေ မှတ်ချက်ချလိုက်တယ်။ ရှုပ်သွားပြီထင်တယ်။ အားလုံးသတိထားမိလား။ ဇာတ်လမ်းအစထဲက အလောင်းအစားကိစ္စမှာ အောင်အောင့်ကို ဇော်ဇော်ပဲ အားလုံးရှင်းပြပြီး လိုက်ပြင်ဆင်ပေးတာ။ မောင်မောင်က ပျောက်နေတယ်။ အမှန်တော့ အခန်းထဲက အလောင်းကောင်က တကယ့်အလောင်းကောင်မဟုတ်ဘူး။ မောင်မောင့်ကို အိပ်ဆေးထိုးပြီး အိပ်ခိုင်းထားတာ။ သူတို့လို ဆေးကျောင်းသားတွေ အနေနဲ့ ဒီလို အလောင်းခိုးထုတ်ဖို့ဆိုတာ ဖြစ်မှ မဖြစ်နိုင်တာ။ အဲ့တော့ မောင်မောင်နဲ့ ဇော်ဇော် မဲနှိုက်ပြီး အလောင်းကောင်အဖြစ် တစ်ညအိပ်ဆေးနဲ့ အိပ်ဖို့ သဘောတူထားတယ်။ ဖြစ်ချင်တော့ အဲ့နေ့ညက အိပ်ဆေးက စောစောပြယ်ပြီး မောင်မောင်က နိုးလာတယ်။ ရုတ်တရက်နိုးလာတဲ့ အချိန် အမှောင်ထဲမှာဆိုတော့ အလောင်းအစားကိစ္စကို မေ့ပြီး အိပ်ရာက ထထိုင်ပြီး ဘေးဘီဝဲယာကို လျှောက်စမ်းမိတယ်။ အဲ့မှာ အောင်အောင်ကို စမ်းမိတာပဲ။ အောင်အောင် သတိလစ်ပြီး လဲကျသွားတာကို မောင်မောင်က အကြောက်လွန်ပြီး သေသွားတယ်လို့ ထင်သွားတယ်။ အနားကပ်ပြီးလည်း မစမ်းသပ်ရဲဘူး။ သူ့အနေနဲ့ နဂိုထဲက သရဲကို သေအောင်ကြောက်ပါတယ်ဆိုမှ အခု လောလောလတ်လတ်အသက်ထွက်သွားတဲ့ သူငယ်ချင်းအလောင်းနဲ့ အမှောင်ထဲမှာ နေရတော့ အကြောက်လွန်ပြီး နှလုံးရပ်သွားတာပဲ။ အလောင်းယောင်ဆောင်ရာကနေ တကယ့်အလောင်းဖြစ်သွားတယ်။

***********************************************************************
ဒီအဖြစ်အပျက်လေးက တကယ့်အဖြစ်အပျက်လို့ ပြောပါတယ်။ ကြားဖူးသူတွေလည်း ရှိမှာပါ။ အရင်က ဆေးကျောင်း ၂ရဲ့ ကျောင်းသားသစ်ကြိုဆိုပွဲတွေမှာ အဲ့ဇာတ်လမ်းလေးတွေကို ပုံနှိပ်ပြီး ဝေကြတယ်လို့လည်း ပြောကြပါတယ်။ ကျွန်မရေးထားတဲ့ ဇာတ်လမ်းက မူရင်းဇာတ်လမ်းနဲ့ နည်းနည်းပါးပါးတော့ လွဲနိုင်ပါတယ်။ ကျွန်မမှတ်မိသလောက် ပြန်ရေးထားတာကြောင့်ပါ။ အားလုံးဖတ်ပြီးတဲ့အခါမှာ ရင်ထဲတစ်ခုခုကျန်ခဲ့မယ် ကွန်မန့်လေးများထားခဲ့မယ်ဆိုရင် ကျွန်မလက်ညောင်းရကျိုးနပ်ပါပြီ။ ။

ပြီးပါပြီ။ ။


12 comments:

နွေးနေခြည် said...

စိတ်ဝင်စားပြီး သိချင်လွန်းလို့ ညဘက်ကြီးဖတ်သွားတယ်။ ရေးထားတာ ကောင်းတယ်ဘာဘာရေ ... အမတော့ အဲဒီအကြောင်း မကြားဖူးဘူး။ ဒီလိုအလောင်းအစားမျိုးကတော့ အန္တရာယ်များပါတယ်။ ကိုယ့်ကိုတော့ ဘယ်လောက်ပေးပေး မလုပ်ရဲဘူး (သတ္တိ သတ္တိ) :P

kgmalay.zkm said...

စိတ်ဝင်စားဖို့အ၇မ်းကောင်းပါတယ်....
ဇာတ်သိမ်းပိုင်းဖတ်ဖို့မနည်းပဲစောင့်လိုက်ရတယ်..

သီဟသစ် said...

ဘာဘာရေ

ဖတ်ရတာလန့်တာ
တို့တော့ အဲလိုအလောင်းအစားတစ်သက်မလုပ်
:)

Min said...

အင်း အရေးသား တော်တော်ကောင်း ပါတယ်. like a professional.

a stupid boy said...

Its a nice story.
I kinda knew that one of the friends was pretending as a dead body but couldn't figure out why he could stay without moving.

Only after the end, I came to know that he was injected.

khin oo may said...

ဘာလို့ဒီလောက်တောင်သတ္တိတွေကောင်းကြတာလဲ်။

ရွှန်းမီ said...

ခုမှဖတ်မိတယ်.. သနားဖို့သိပ်ကောင်းတာပဲ.. ဖတ်ပြီး စိတ်မကောင်း ဖြစ်မိတယ်..

ye min said...
This comment has been removed by the author.
ဆောင်း said...

ဒါကိုတော့ မတရားဘူးလို့ ထင်ပါတယ် အလောင်းကောင် လို့ ပြောရင် အလောင်းဘဲ ထားသင့် တာပေါ့။ ဒါကတော့ ညစ်ပတ်တာလို့ မြင်ပါတယ် ဂတိတလုံးမတည်တဲ့အတွက် နောက်ဆက်တွဲ မဖြစ်သင့်တာ ဖြစ်တာလို့ မြင်ပါတယ်။

SHWE ZIN U said...

ဆောင်း ပြောသလို ပါဘဲ.. မလုပ်သင့်တဲ့ အလောင်းအစား မျိုးဖြစ်တဲ့ အပြင် အမှန်အတိုင်း မဖြစ်တော့ ပိုဆိုးသွားတာပေါ့

ကျေးဇူးပါ

ဘာတွေတုန်း said...

ဟုတ်ပါတယ် ညစ်ပတ်တဲ့ လောင်းကစားတခုလို့ ပြောလို့ရပါတယ် ဒါကြောင့်လည်း မဖြစ်သင့်တာတွေ ဖြစ်ခဲ့ရတာပေါ့...

ကွန်မန့်ခြေရာလေးတွေ ချန်ခဲ့တဲ့ သူတွေ အားလုံး ကျေးဇူးပါရှင်... :)

Soe Myat Hein said...

ayay atar ayan kg tal, wit htu' sayar ma kya nay tar pal.. myanmar sar lal ma read ya tar kyar p.. har ta story lo' htin htar tar.. tanar sayar taw taw kg tal...