Saturday, July 25, 2009

အလောင်းအစား

ဘာတွေတုန်းတစ်ယောက် ဒီရက်ပိုင်း ဘလော့ဖက်ကို သိပ်ခြေဦးမလှည့်ဖြစ်ပါဘူး။ အကြောင်းကတော့ ဓါတ်ပုံရိုက်တဲ့ဖက် ခြေဦးလှည့်သွားလို့။ :D
ဒါလေးကတော့ ရိုက်ဖြစ်တဲ့ ဓါတ်ပုံတွေထဲက တစ်ပုံပါ။ တခြားပုံတွေကတော့ ဓါတ်ပုံဘလော့လေးသက်သက် လုပ်ပြီးမှ တင်မလားလို့ စဉ်းစားထားတယ်။

ကဲရေးချင်တာက သရဲကြောက်မကြောက် အလောင်းအစားလုပ်ကြတဲ့ ဆေးကျောင်းသား၃ယောက်အကြောင်း။ ဓါတ်ပုံအကြောင်း အင်ထရိုလုပ်တာလေး ခဏရပ်ပြီး ဇာတ်လမ်းစပါတော့မယ်။ ကျောင်းက စီနီယာတစ်ယောက်ပြောပြဖူးတာကို မှတ်မိသလောက်လေး ပြန်ချရေးထားတာပါ။

*************************************************************************************
တစ်ခါက ဆေးတက္ကသိုလ် ၂မှာ သူငယ်ချင်း ၃ယောက်ရှိသတဲ့။ အဲ့၃ယောက်မှာ တစ်ယောက်က သရဲတအားကြောက်တယ်။ တစ်ယောက်ကတော့ ကြောက်တယ်လည်းမဟုတ် မကြောက်ဖူးလဲမဟုတ်တဲ့ neutral ပေါ့။ နောက်ဆုံးတစ်ယောက်ကတော့ လုံးဝ သရဲကို အယုံအကြည်မရှိဘူးတဲ့။သူတို့ နာမည်ကို မောင်မောင် ရယ် ဇော်ဇော်ရယ် အောင်အောင်ရယ် ထားပါတော့။ အောင်အောင်က တခြားသူငယ်ချင်း ၂ယောက်က သရဲအကြောင်းပြောတဲ့အခါမျိုးတိုင်းမှာ "မင်းတို့ကကွာ ဒီခေတ်ကြီးထဲမှာ ဒါမျိုးတွေ ကြောက်နေရသေးတယ်။ အလကား အဓိပ္ပာယ်မရှိတာတွေ။ ငါတော့ ရှိတာလည်း မယုံဘူး။ လုံးဝလည်း မကြောက်ဘူး။" အဲ့လိုမျိုးပြောလေ့ရှိတယ်။ အဲ့စကားကို ကြားဖန်များလာတော့ ကြာတော့ ဟို၂ယောက်လည်း အမြင်ကပ်လာတယ်။
တစ်နေ့ကျတော့ သူတို့ ၃ယောက် အဲ့ကိစ္စနဲ့ ပတ်သက်ပြီး အလောင်းအစားတစ်ခုလုပ်ကြတယ်။ ဘယ်လို အလောင်းအစားမျိုးလည်းဆိုတော့ အောင်အောင်ကို "မင်း သရဲလုံးဝမကြောက်တတ်ဘူးဆိုရင် အခန်းလေးတစ်ခုထဲမှာ အလောင်းကောင်တစ်ခုရယ် မင်းတစ်ယောက်တည်းရယ် တစ်ညလုံးနေနိုင်လား။ မင်းကို ငါတို့ အခန်းထဲမှာ သော့ခတ်ထားမယ်။ ငါတို့ မနက်မိုးလင်းလို့ တံခါးလာဖွင့်တဲ့ အချိန်မှာ မင်းက မတုန်မလှုပ် အေးအေးဆေးဆေးရှိနေသေးတယ်ဆိုရင် မင်းနိုင်တယ်။ မင်းကို ငါတို့၂ယောက် လောင်းကြေးငွေ ၂သောင်းပေးမယ်။ (အဲ့ဒီခေတ်တုန်းက ငွေ၂သောင်းဆိုတာ တော်တော်များတယ်တဲ့)"။ အောင်အောင်ကလည်း "အိုကေ စိမ်လိုက်လေ။ ငါ့ဖက်က ready ပဲ။ မင်းတို့သာ ငါ့ကို ပေးဖို့ ပိုက်ဆံ အဆင်သင့်ပြင်ထား" တဲ့။ ဒါနဲ့ သူတို့ အလောင်းအစားလုပ်ဖြစ်သွားတယ်.။

သူတို့ အလောင်းအစားရဲ့ စည်းကမ်းချက်တွေက အခန်းထဲမှာ ခုတင်တစ်လုံးထားမယ်။ အဲ့ကုတင်ပေါ်မှာ အလောင်းကို ပိတ်ဖြူအုပ်ပြီး တင်ထားမယ်။ ဆေးကျောင်းက အလောင်းထားတဲ့ အခန်းကိုစောင့်တဲ့လူကို ပေါင်းပြီးတော့ လတ်လတ်ဆတ်ဆတ်အလောင်းတစ်ခုကို တစ်ညလောက် ခိုးထုတ်လာမယ်။ ပြီးရင် ည၆နာရီမှာ တံခါးစပိတ်မယ်။ မနက် ၆နာရီတံခါး လာဖွင့်ပေးမယ်။ မီးကို အပြင်က မိန်းswitch ချသွားမယ်။ ဆက်သွယ်ရေးပစ္စည်းတွေ မယူရဘူး။ လိုအပ်တဲ့ ပစ္စည်းအချို့တောင်းနိုင်တယ်။

အောင်အောင်က ဆေးလိပ်သမားဆိုတော့ ဆေးလိပ်တစ်ဗူးတောင်းတယ်။ ပြီးတော့ မီးခြစ်။ ဒါပေမဲ့ ဇော်ဇော်က ဂတ်စ်မီးခြစ်မပေးဘူး။ မီးခြစ်ဆံ ၅ချောင်းပေးတယ်။ ပြီးတော့ ၁နာရီစာခံတဲ့ ဖယောင်းတိုင်တစ်ချောင်း။ နောက်ပြီးတော့ ရေတစ်ဘူး။

အဲ့ဒီ အလောင်းအစားလုပ်မဲ့နေ့ နေ့လည် ၃နာရီလောက်ထဲက အဲ့အခန်းကို ဇော်ဇော်က အောင်အောင်ကို လိုက်ပြတယ်။ အလောင်းကို ဘယ်လိုပုံစံထားမယ် ဘယ်နေရာမှာ ဘာပစ္စည်းထားမယ် အစရှိသဖြင့်ပေါ့။ ဒီနေရာမှာ အခန်းရဲ့အနေအထားကို ပြောပြဖို့လိုလာပြီ။ အခန်းက ၁၀ပေပတ်လည်အခန်း။ ဘေးပတ်ဝန်းကျင်အခန်းတွေမှာလည်း လူမရှိဘူး။ ဒီအခန်းကျဉ်းလေးထဲမှာ ပြတင်းပေါက်တစ်ပေါက်ရယ် တံခါးတစ်ချပ်ရယ်ပဲ ပါတယ်။ ပြတင်းပေါက်က တရုတ်ကပ်မှန်နဲ့ဆိုတော့ နည်းနည်းပဲ ဖွင့်လို့ရတယ်။ လေဖွင့်လေထွက်ရရုံလေးပဲပေါ့။ အခန်းမှာ ပရိဘောဂဆိုလို့ ဆေးရုံတွေမှာ ထားတဲ့ အဖြူရောင် သံကုတင်တစ်လုံးပဲရှိမယ်။ အဲ့ဒီကုတင်က ၇ပေလောက် ရှည်တယ်ဆိုတော့ သူတို့ အလျားလိုက်ထားမဲ့အစား ထောင့်ဖြတ်(diagonally) ထားဖို့ ဆုံးဖြတ်လိုက်တယ်။ အဲ့လို ထားလိုက်ရင် အောင်အောင်အတွက် နေစရာက ထောင့်၂ခု တြိဂံပုံစံလေးပဲ ကျန်မယ်။ ထောင့်တစ်ခုက တံခါးဖက်။ နောက်တစ်ခုက ပြတင်းပေါက်ဖက်။ အဲ့တော့ အကယ်လို့ အောင်အောင်သာ ပြတင်းပေါက်ဖက်သွားချင်တယ် ဆိုရင် အလောင်းကောင်ကို ကျော်ခွသွားရမယ်။

ကဲခုနဇာတ်လမ်းလေး ပြန်ဆက်မယ်။ ဇော်ဇော်က အောင်အောင့်ကို စည်းကမ်းချက်တွေ အသေးစိတ်ပြောပြီးတော့ အလောင်းသွားယူမယ်ဆိုပြီး ထွက်သွားတယ်။ ၅နာရီခွဲမှာ အဲ့နေရာ ပြန်ဆုံဖို့ချိန်းထားတယ်။ ဒီလိုနဲ့ အောင်အောင် ၅နာရီခွဲလောက် အခန်းကို ပြန်ရောက်တဲ့အချိန်မှာ ကုတင်ပေါ်ကို အလောင်းကောင်က ရောက်နေပြီ။ ပိတ်ဖြူပါးလေး အုပ်ထားတယ်။ အလောင်းက ယောက်ျားလား မိန်းမလားတော့ မမြင်ရဘူး။ အောင်အောင်ကလည်း စိတ်မ၀င်စားဘူး။ သူ့အနေနဲ့ ဒါဟာ သူတို့ practical အနေနဲ့ စမ်းသပ်အသုံးပြုတဲ့ အသက်မဲ့ခန္ဓာတစ်ခုလိုပဲ သဘောထားတယ်။ ဒီလိုနဲ့ ညနေ၆နာရီဆိုတဲ့ အချိန်က ရောက်လာတယ်။ ဇော်ဇော်က "ကဲ ငါသွားပြီကွာ ။ မင်းတောင်းဆိုထားတဲ့ပစ္စည်းတွေနဲ့ လိုအပ်မယ်ထင်တာတွေ ငါ ဟိုစင်ပေါ်မှာ အကုန်တင်ထားခဲ့တယ်။ ငါမနက် ၆နာရီ ပြန်လာခဲ့မယ်။ မင်းကံကောင်းပါစေကွာ။" ဆိုပြီး ထွက်သွားတယ်။
ဒီနေရာက စပြီး အောင်အောင်အနေနဲ့ ကိုယ်တိုင်ပြောပြတဲ့ ပုံစံမျိုးနဲ့ ရေးသွားပါရစေ။

**************************************************
ကျွန်တော် တစ္ဆေသရဲလုံးဝ အယုံအကြည်မရှိပါဘူး။ အဲ့အကြောင်းပြောတဲ့လူတွေကိုလည်း လုံးဝ ကြည့်လို့မရဘူး။ ကျွန်တော့်ကို ဒီကိစ္စနဲ့ ပတ်သက်ပြီး အစွန်းရောက်တယ်ပဲပြောပြော ပြောကြပါစေ။ ဒါပေမဲ့ဗျာ ကျွန်တော့်အခင်ဆုံးသူငယ်ချင်း၂ယောက်က ဒါတွေကို သိပ်ယုံတယ်။ သရဲဆိုတာ တကယ်မရှိဘူးဆိုတာ သူတို့နားလည်စေချင်လို့ သူတို့ ကျွန်တော့်ကို အပျော်တမ်း အလောင်းအစားတစ်ခုလုပ်ဖို့ ပြောခဲ့တာ လက်ခံမိတယ်။ အကယ်လို့ ဒီအလောင်းအစားဟာ ပျော်စရာတစ်ခုမဟုတ်ခဲ့ဘူး ဆိုတာ ကြိုသိခဲ့ရင်လေ...

ဇော်ဇော်က ၆နာရီထိုးတော့ တံခါးကို ပိတ်ပြီး အပြင်က သော့ပိတ်သွားတယ်။ ဘယ်တော့မှ အကြောက်အလန့်မရှိတဲ့ ကျွန်တော် .. သူသော့ခတ်တဲ့အသံကို ကြားလိုက်တဲ့အချိန်မှာ ဘာရယ်မဟုတ် ကြက်သီးနည်းနည်းထမိသွားတာ ၀န်ခံပါတယ်။ ခေါင်းထဲမှာ ငါတစ်ယောက်တည်း ဒီအခန်းထဲမှာ ကျန်ခဲ့ပြီ အရေးအကြောင်းကြုံရင်လည်း ဘယ်လိုမှ ထွက်လို့မရဘူး ဆိုတဲ့ အသိတစ်ချက်ဝင်လာလို့ ဖြစ်ပါလိမ့်မယ်။ ဒါပေမဲ့ အဲ့စိုးရိမ်စိတ်ကို ကျွန်တော်လွယ်လွယ်ကူကူပဲ ဖျောက်နိုင်ခဲ့ပါတယ်။ ဇော်ဇော်ထွက်သွားပြီး ခဏကြာတော့ ကျွန်တော် ပြတင်းပေါက်ဖက်ကို ကူးလာခဲ့တယ်။ ခံတွင်းချဉ်လာတာနဲ့ စင်ပေါ်မှာ တင်ထားတဲ့ စီးကရက်တစ်လိပ်နဲ့ မီးခြစ်ဆံတစ်ဆံယူလိုက်တယ်။ မီးခြစ်ဆံ ၄ချောင်းပဲ ကျန်တော့တယ်။ ပြီးတော့ ကျွန်တော် ပြတင်းပေါက်အောက်က ကားတွေ သွားနေတာကို ငုံ့ကြည့်ရင်း စီးကရက်လေးတဖွာဖွာနဲ့ ဟိုဟိုဒီဒီ လျှောက်တွေးနေမိတယ်။ ၇နာရီကျော်လောက်လည်းကြရော အပြင်မှာလည်း မှောင်စပျိုးနေပြီ။ လက်ထဲက စီးကရက်လည်း ကုန်ပြီ။ ခြေထောက်လည်း နည်းနည်းညောင်းလာတာနဲ့ ထိုင်ဖို့ နေရာတစ်ချက်လှည့်ကြည့်လိုက်တယ်။ အခန်းထဲမှာ ခုံမရှိဘူး။ ကျွန်တော်လည်း အောက်သံမံတလင်းမှာ မထိုင်ချင်တာနဲ့ အလောင်းကို ဟိုဖက်နည်းနည်းတိုးပြီး အလောင်းရဲ့ ခါးနေရာလောက်မှာ ကျောပေးပြီး ထိုင်လိုက်တယ်။

(ဆက်ပါဦးမည်....)


11 comments:

naychi said...

ဟင်.. ဘာဘာ လူဇိုး..
ကောင်းခန်းရောက်မှ....

ဆက်ရန် စောင့်နေမယ် (ညတော့ လာမဖတ်ဘူး။ ရုံးမှာပဲဖတ်မယ်)း)

jie jie

yin lay said...

ဟင်း.. ဆံ့တငံ့ငံ့.. ရက်စက်ပ

Phyo Maw said...

ဝါး...
သရဲက ကြောက်စရာကြီးနော်
ဝါး........
စိတ်ဝင်စားဖို့ကောင်းတယ် ဆက်ပါဦးနော်
ဝါး................
ဘာဆက်ဖြစ်မှာလဲဟင်

khin oo may said...

အလောင်းကြီး က ခါးလာတို့မလားမသိ

khin oo may said...

ဝါး ချသွားသည်။

ဘာတွေတုန်း said...

သို့ မနေခြည်=> ဘာဘာက လူဇိုးဟုတ်ရပါဘူးရှင် လူကောင်းသူကောင်းလေးပါ။ :P

သို့ မယဉ်လေး=> အိုးး ရက်စက်မှ ကြေကွဲ.. နောက်တာနော် အမ..

သို့ ကိုဖြိုးမော်(စိတ်ချမ်းသာအောင် 'ကို'တပ်ခေါ်ပေးရသည်)=> ၀ါးး အဲ့လောက် အားမပေးနဲ့လေ... ၀ါး ဆက်ရေးမှပဲ ပရိသတ်ရှိတယ်

သို့ မမခင်ဦးမေ=> မမ သတိထား... အိပ်ရင် ခါးလာတို့မယ်တဲ့ မှာလိုက်တယ်

အိပ်မက်နတ်သမီး ^Miyuki^ said...

အိပ်ဆေးထိုးထားပြီး အိပ်ပျော်နေတယ်ဆိုတော့ အသက်တော့ရှုနေမှာပေါ့နော်... ရင်ဘတ်လှုပ်နေတာကိုကော သူက သတိမထားမိဘူးလားတဟင်?

ဘာတွေတုန်း said...

သူက အလောင်းကို အစပိုင်းက သေချာမှ မကြည့်တာ။ ကြည့်တဲ့အချိန်ကျတော့လည်း နည်းနည်းကြောက်နေတာနဲ့ သတိမထားမိတော့ဘူး :D

Wai said...

ဟိဟိ ပွဲတော့စပြီ

mae said...

ဓာတ်ပုံလေးလှတယ်
စာလဲ ဖတ်သွားပါတယ်

kaw tayar said...

ကောင်းတယ်ဗျိုး များများတင်ပေးပါနော်...