Tuesday, July 28, 2009

အလောင်းအစား ၂

ကျွန်တော် အလောင်းကို ကျောပေးထိုင်ရင်း ပြတင်းပေါက်ဖက်မျက်နှာမူကာ ဟိုဟိုဒီဒီအတွေးနယ်ချဲ့မိသည်။ ကျောင်းကိစ္စ အိမ်ကိစ္စ သူငယ်ချင်းကိစ္စ အစရှိသဖြင့် တောင်တွေးမြောက်တွေး လျှောက်စဉ်းစားနေမိတယ်။ ကျွန်တော်က ပြတင်းပေါက်ဖက်ကို မျက်နှာမူထားတယ်ဆိုပေမဲ့ အလောင်းရဲ့ ခေါင်းနဲ့ ခြေထောက်ဖက်ကို မျက်လုံးထောင့်နားကတော့ မြင်ရတယ်။ အလောင်းက ပိတ်ဖြူအုပ်ထားတာဆိုတော့ အမှောင်ထဲမှာ အတန်ငယ်မြင်ရတယ်။ ရုတ်တရက် ကျွန်တော့်မျက်စိထောင့်က အလောင်းရဲ့ ခြေထောက်ဖက်က တစ်ချက်လှုပ်သွားတာကို မြင်လိုက်ရသလို ခံစားလိုက်ရတယ်။ ရင်တစ်ချက်တုန်သွားတယ်။ သေချာအောင် နောက်ပြန်လှည့်ကြည့်မိတယ်။ အလောင်းက ခုနက ပုံစံအတိုင်းပဲ ဘာမှ မထူးခြား။ သူစိတ်ထင်တာ ဖြစ်မည်ဟု ထင်၏။ ဒါပေမဲ့ အလောင်းကို ကျောပေးပြီး မထိုင်ချင်တော့။ ကျောမလုံသလို ခံစားရတယ်။ ဒါနဲ့ ကျွန်တော် သံမံတလင်းပေါ်ဆင်းထိုင်တယ်။ ပြတင်းပေါက်ရှိတဲ့ နံရံကို ကျောမှီပြီးတော့ပေါ့။ အဲ့တော့ ကျွန်တော့်အနေအထားက အလောင်းကို ထိုင်ကြည့်နေသလို ဖြစ်သွားတယ်။ ကျွန်တော် အချိန်ကို ကြည့်လိုက်တော့ ၉နာရီကျော်လောက်ရှိသွားပြီ။ ကျွန်တော်လေ ဒီအလောင်းအစားလုပ်မိတာ နည်းနည်းတော့ နောင်တရလာတယ်။ ဖြစ်နိုင်ရင် သူတို့ကို လောင်းကြေးငွေ လျော်ပြီး ကျွန်တော် အိမ်ပြန်လိုက်ချင်တယ်။ အလောင်းကို ကြောက်တာမဟုတ်ပေမဲ့ စိတ်ထဲကတော့ တစ်ယောက်တည်းမို့လို့လား မသိဘူး။ နည်းနည်းခြောက်ခြားလာသလိုပဲ။ ဒါပေမဲ့ ကျွန်တော့်သူငယ်ချင်းတွေကို ပြန်လာခေါ်ခိုင်းရအောင် ဖုန်းလည်းမရှိ။ လှမ်းအော်လို့လည်း မရ။ မနက်မိုးလင်းတဲ့ထိ စောင့်ဖို့က လွဲရင် ကျွန်တော်မှာ တခြားရွေးချယ်စရာမရှိဘူး။

ကျွန်တော်လည်း အခန်းထောင့်လေးမှာ ဒူးနှစ်ချောင်းထောင်ပြီး ခဏမှေးနေလိုက်တယ်။ ကျွန်တော့်မျက်လုံးတွေ နည်းနည်းစင်းလာတယ်။ ဒါပေမဲ့ အိပ်တော့မအိပ်ချင်သေးဘူး။ရုတ်တရက် ဖယောင်းတိုင်ကို သတိရသွားတယ်။ မအိပ်ခင်လေး ဖယောင်းတိုင်လေးထွန်းလိုက်ဦးမယ်ပေါ့။ ဖယောင်းတိုင်က တစ်နာရီခံတယ်ဆိုတော့ အဲ့အချိန်လောက်ဆို ကျွန်တော်လည်း အိပ်ချင်လောက်ပြီ။ အိပ်သွားရင် ဘာမှ သိတော့မှာ မဟုတ်ဘူး။ မနက်နိုးလာရင် ဟိုကောင်တွေ တံခါးလာဖွင့်တာနဲ့ အတော်ပဲဆိုပြီး ဖယောင်းတိုင်ညှိလိုက်တယ်။ဒါပေမဲ့ ဖယောင်းတိုင်က ချက်ချင်းမီးမတောက်ဘူး။ ဖယောင်းတွေက ရှဲကနဲ မြည်ပြီး မီးပြန်သေသွားတယ်။ ကျွန်တော်ကလည်း မီးခြစ်ဆံငြိမ်းလိုက်ပြီဆိုတော့ စိတ်နည်းနည်းတိုသွားတယ်။ နောက်တစ်ဆံထက်ညှိရတယ်။ မီးခြစ်ဆံက ၂ဆံပဲကျန်တော့တယ်။ မီးထွန်းလိုက်တော့ တခန်းလုံးကို သေချာမြင်ရတယ်။ ကျွန်တော့်ကြောက်စိတ်လည်း နည်းနည်းပျောက်သလောက် ဖြစ်သွားတယ်။ ဖယောင်းတိုင်ကို ကျွန်တော်က ခုတင်ခြေရင်း သံတိုင်ပေါ်မှာ ဖယောင်းအစက်လေး ချပြီး ထွန်းထားတယ်။ ပြီးတော့ ခုတင်ကို မှီုပြီး ကျွန်တော်ထိုင်နေလိုက်တယ်။ ကျွန်တော်ဆေးလိပ်သောက်ချင်လာတယ်။ မီးခြစ်ဆံတစ်ဆံယူပြီး မီးညှိလိုက်တယ်။ ကျွန်တော့်မှာ နောက်ဆုံးမီးခြစ်ဆံပဲ ကျန်တော့တယ်။ အမှန်တော့ ကျွန်တော်နည်းနည်းစိတ်ထွေပြီး မေ့သွားတာ။ ဆေးလိပ်ကို ဖယောင်းတိုင်မီးနဲ့ညှိလို့ရတာပဲ။ မီးခြစ်ဆံမှ မလိုတာ။ အလကား တစ်ချောင်းကုန်သွားတယ်။ ဆေးလိပ်ကုန်ပြီး သိပ်မကြာခင်မှာ ဖယောင်းတိုင်လည်း ကုန်သွားတယ်။ ကျွန်တော်လည်း နည်းနည်းအိပ်ချင်လာပြီ။ အချိန်က ၁၀နာရီကျော်။ ဒါနဲ့ အိပ်ဖို့ဆုံးဖြတ်လိုက်တယ်။

အိပ်ဖို့ကျတော့ သံမံတလင်းမှာအိပ်လို့ ဘယ်လိုမှ အဆင်မပြေဘူး။ လေဖြတ်သွားနိုင်တယ်။ တစ်နည်းပဲရရှိတယ်။ အလောင်းကို ဟိုဖက်နည်းနည်းထပ်တိုးပြီး သူ့ဘေးနားဝင်အိပ်မှပဲရမှာ။ ဒါနဲ့ ကျွန်တော်အလောင်းကို ဖြည်းဖြည်းလေးတွန်းလိုက်တယ်။ ပြီးတော့ သူ့ဘေးနားမှာ အသာလေးဝင်လှဲနေလိုက်တယ်။ သူ့ခေါင်းကိုလည်း နည်းနည်းဟိုဖက်တိုးပြီး ခေါင်းအုံးပဲ အုံးလိုက်တယ်။ ကျွန်တော်က ခါတိုင်းအိပ်ရင် တစောင်းအိပ်လေ့ရှိတယ်။ ဒါပေမဲ့ အခုအနေအထားက တစောင်းစောင်းမယ်ဆို အလောင်းနဲ့ မျက်နှာချင်းဆိုင်ရင်ဆိုင် ဒါမှ မဟုတ် ကျောပေးမှပဲရမယ်။ အဲ့လိုမျိုးကြီးတော့ မအိပ်ချင်ဘူး။ ဒါနဲ့ ပက်လက်ကလေး လှဲနေလိုက်တယ်။ အိပ်နေကျ ပုံစံမဟုတ်တော့ အချိန်တော်တော်ကြီး ကြာသွားတာတောင် အိပ်မပျော်ဘူး။ ဒီကြားထဲ ပက်လက်ပဲ နေရတော့ ကျောနဲ့ ခေါင်းက ပူလာတယ်။ အချိန်က ၁၂နာရီလောက်တော့ရှိပြီ။ အိပ်မပျော်တော့ ပေါက်ကရလျှောက်စဉ်းစားမိတယ်။ အလောင်းက ယောက်ျားလား မိန်းမလားပေါ့။ ကျွန်တော်က မိန်းမသရဲက ပိုကြောက်ဖို့ကောင်းမယ်ထင်တယ်။ ရုပ်ရှင်တွေထဲမှာ ဆံပင်ဖားလားကြီးတွေနဲ့ဆိုတော့။ ယောကျာ်းအလောင်းဆိုရင်တော့ အိုကေတယ်။ ဒါနဲ့ အလောင်းက ယောက်ျားမိန်းမကြည့်ရအောင် နောက်ဆုံး မီးခြစ်ဆံကိုလည်းထုတ်မသုံးချင်ဘူး။ အရေးပေါ်သုံးဖို့ မရှိမှာစိုးလို့။ ဒါနဲ့ အကြံတစ်ခုရသွားတယ်။ အလောင်းရဲ့ မျက်နှာကို စမ်းကြည့်မယ်ပေါ့။ ဟိုကောင်တွေပြောတာ အလောင်းက လတ်လတ်ဆတ်ဆတ်ဆိုတော့ အကယ်လို့ ယောကျာ်းအလောင်းသာဆိုရင် နှုတ်ခမ်းမွှေး မုတ်ဆိတ်မွှေးတော့ ရှိမှာပဲ။ ကျွန်တော် ပိတ်ဖြူလေးကို အသာလှန်လိုက်တယ်။ မျက်နှာကို စမ်းကြည့်တော့ တကယ်ပဲ နှုတ်ခမ်းမွှေးတွေရှိနေတယ်။ ဆံပင်ကလည်း ဘိုကေနဲ့။ သေချာပါပြီ ယောက်ျားအလောင်းဆိုတာ။ စိတ်နည်းနည်းအေးသွားသည်။

ကျွန်တော် ကျောသိပ်ပူလာတာနဲ့ အလောင်းဖက်တစ်ချက်စောင်းပြီး ကျောပူသက်သာအောင် နေလိုက်တယ်။ ခေါင်းအုံးက အိကျသွားလို့ထင်တယ်။ အလောင်းရဲ့ခေါင်းက ကျွန်တော့်မျက်နှာပေါ်ကျလာတယ်။ ကျွန်တော်လန့်ပြီး ထရပ်မိတယ်။ စိတ်ထဲမှာ အလောင်းက လှုပ်သွားသလို ခံစားမိပြန်တယ်။ နောက်ဆုံး ကျန်နေတဲ့ မီးခြစ်တစ်ဆံကို ညှိပြီး ကျွန်တော်ရပ်နေမိတယ်။ မီးဆံလေးက စက္ကန့်ပိုင်းအတွင်းကုန်သွားတယ်။ ကျွန်တော်လည်း စိတ်ညစ်ညစ်နဲ့ ခုတင်ကို ကျောမှီပြီးထိုင်လိုက်တယ်။ ရုတ်တရက် မွေ့ယာက အိကနဲ ဖြစ်သွားတယ်။ ကျွန်တော် ကြက်သီးဖြန်းဖြန်းထသွားတယ်။ လုံးဝ နောက်လှည့်မကြည့်ဘူး။ အားးးး လက်အေးကြီးတစ်ခု သူ့မျက်နှာကို လာစမ်းမိတဲ့ အခိုက် သူဘာမှ မသိတော့ပဲ လောကကြီးနဲ့ အဆက်ပြတ်သွားတော့တယ်။

****************************************************************************
မနက် ဇော်ဇော်တံခါးလာဖွင့်တော့ အောင်အောင်က ခုတင်ခြေရင်းမှာ မေ့လျက်သား။ အောင်အောင်ကို ဆေးရုံပို့လိုက်ကြတယ်။ ၂နာရီလောက် ကြာတော့ အောင်အောင် ပြန်သတိရလာတယ်။ အောင်အောင်ကို ဆေးရုံပို့တဲ့ အချိန်မှာ မောင်မောင်တစ်ယောက် ရုတ်တရက်နှလုံးရပ်ပြီး ဆုံးပြီ ဆိုတာ ဆရာဝန်တွေ မှတ်ချက်ချလိုက်တယ်။ ရှုပ်သွားပြီထင်တယ်။ အားလုံးသတိထားမိလား။ ဇာတ်လမ်းအစထဲက အလောင်းအစားကိစ္စမှာ အောင်အောင့်ကို ဇော်ဇော်ပဲ အားလုံးရှင်းပြပြီး လိုက်ပြင်ဆင်ပေးတာ။ မောင်မောင်က ပျောက်နေတယ်။ အမှန်တော့ အခန်းထဲက အလောင်းကောင်က တကယ့်အလောင်းကောင်မဟုတ်ဘူး။ မောင်မောင့်ကို အိပ်ဆေးထိုးပြီး အိပ်ခိုင်းထားတာ။ သူတို့လို ဆေးကျောင်းသားတွေ အနေနဲ့ ဒီလို အလောင်းခိုးထုတ်ဖို့ဆိုတာ ဖြစ်မှ မဖြစ်နိုင်တာ။ အဲ့တော့ မောင်မောင်နဲ့ ဇော်ဇော် မဲနှိုက်ပြီး အလောင်းကောင်အဖြစ် တစ်ညအိပ်ဆေးနဲ့ အိပ်ဖို့ သဘောတူထားတယ်။ ဖြစ်ချင်တော့ အဲ့နေ့ညက အိပ်ဆေးက စောစောပြယ်ပြီး မောင်မောင်က နိုးလာတယ်။ ရုတ်တရက်နိုးလာတဲ့ အချိန် အမှောင်ထဲမှာဆိုတော့ အလောင်းအစားကိစ္စကို မေ့ပြီး အိပ်ရာက ထထိုင်ပြီး ဘေးဘီဝဲယာကို လျှောက်စမ်းမိတယ်။ အဲ့မှာ အောင်အောင်ကို စမ်းမိတာပဲ။ အောင်အောင် သတိလစ်ပြီး လဲကျသွားတာကို မောင်မောင်က အကြောက်လွန်ပြီး သေသွားတယ်လို့ ထင်သွားတယ်။ အနားကပ်ပြီးလည်း မစမ်းသပ်ရဲဘူး။ သူ့အနေနဲ့ နဂိုထဲက သရဲကို သေအောင်ကြောက်ပါတယ်ဆိုမှ အခု လောလောလတ်လတ်အသက်ထွက်သွားတဲ့ သူငယ်ချင်းအလောင်းနဲ့ အမှောင်ထဲမှာ နေရတော့ အကြောက်လွန်ပြီး နှလုံးရပ်သွားတာပဲ။ အလောင်းယောင်ဆောင်ရာကနေ တကယ့်အလောင်းဖြစ်သွားတယ်။

***********************************************************************
ဒီအဖြစ်အပျက်လေးက တကယ့်အဖြစ်အပျက်လို့ ပြောပါတယ်။ ကြားဖူးသူတွေလည်း ရှိမှာပါ။ အရင်က ဆေးကျောင်း ၂ရဲ့ ကျောင်းသားသစ်ကြိုဆိုပွဲတွေမှာ အဲ့ဇာတ်လမ်းလေးတွေကို ပုံနှိပ်ပြီး ဝေကြတယ်လို့လည်း ပြောကြပါတယ်။ ကျွန်မရေးထားတဲ့ ဇာတ်လမ်းက မူရင်းဇာတ်လမ်းနဲ့ နည်းနည်းပါးပါးတော့ လွဲနိုင်ပါတယ်။ ကျွန်မမှတ်မိသလောက် ပြန်ရေးထားတာကြောင့်ပါ။ အားလုံးဖတ်ပြီးတဲ့အခါမှာ ရင်ထဲတစ်ခုခုကျန်ခဲ့မယ် ကွန်မန့်လေးများထားခဲ့မယ်ဆိုရင် ကျွန်မလက်ညောင်းရကျိုးနပ်ပါပြီ။ ။

ပြီးပါပြီ။ ။


Saturday, July 25, 2009

အလောင်းအစား

ဘာတွေတုန်းတစ်ယောက် ဒီရက်ပိုင်း ဘလော့ဖက်ကို သိပ်ခြေဦးမလှည့်ဖြစ်ပါဘူး။ အကြောင်းကတော့ ဓါတ်ပုံရိုက်တဲ့ဖက် ခြေဦးလှည့်သွားလို့။ :D
ဒါလေးကတော့ ရိုက်ဖြစ်တဲ့ ဓါတ်ပုံတွေထဲက တစ်ပုံပါ။ တခြားပုံတွေကတော့ ဓါတ်ပုံဘလော့လေးသက်သက် လုပ်ပြီးမှ တင်မလားလို့ စဉ်းစားထားတယ်။

ကဲရေးချင်တာက သရဲကြောက်မကြောက် အလောင်းအစားလုပ်ကြတဲ့ ဆေးကျောင်းသား၃ယောက်အကြောင်း။ ဓါတ်ပုံအကြောင်း အင်ထရိုလုပ်တာလေး ခဏရပ်ပြီး ဇာတ်လမ်းစပါတော့မယ်။ ကျောင်းက စီနီယာတစ်ယောက်ပြောပြဖူးတာကို မှတ်မိသလောက်လေး ပြန်ချရေးထားတာပါ။

*************************************************************************************
တစ်ခါက ဆေးတက္ကသိုလ် ၂မှာ သူငယ်ချင်း ၃ယောက်ရှိသတဲ့။ အဲ့၃ယောက်မှာ တစ်ယောက်က သရဲတအားကြောက်တယ်။ တစ်ယောက်ကတော့ ကြောက်တယ်လည်းမဟုတ် မကြောက်ဖူးလဲမဟုတ်တဲ့ neutral ပေါ့။ နောက်ဆုံးတစ်ယောက်ကတော့ လုံးဝ သရဲကို အယုံအကြည်မရှိဘူးတဲ့။သူတို့ နာမည်ကို မောင်မောင် ရယ် ဇော်ဇော်ရယ် အောင်အောင်ရယ် ထားပါတော့။ အောင်အောင်က တခြားသူငယ်ချင်း ၂ယောက်က သရဲအကြောင်းပြောတဲ့အခါမျိုးတိုင်းမှာ "မင်းတို့ကကွာ ဒီခေတ်ကြီးထဲမှာ ဒါမျိုးတွေ ကြောက်နေရသေးတယ်။ အလကား အဓိပ္ပာယ်မရှိတာတွေ။ ငါတော့ ရှိတာလည်း မယုံဘူး။ လုံးဝလည်း မကြောက်ဘူး။" အဲ့လိုမျိုးပြောလေ့ရှိတယ်။ အဲ့စကားကို ကြားဖန်များလာတော့ ကြာတော့ ဟို၂ယောက်လည်း အမြင်ကပ်လာတယ်။
တစ်နေ့ကျတော့ သူတို့ ၃ယောက် အဲ့ကိစ္စနဲ့ ပတ်သက်ပြီး အလောင်းအစားတစ်ခုလုပ်ကြတယ်။ ဘယ်လို အလောင်းအစားမျိုးလည်းဆိုတော့ အောင်အောင်ကို "မင်း သရဲလုံးဝမကြောက်တတ်ဘူးဆိုရင် အခန်းလေးတစ်ခုထဲမှာ အလောင်းကောင်တစ်ခုရယ် မင်းတစ်ယောက်တည်းရယ် တစ်ညလုံးနေနိုင်လား။ မင်းကို ငါတို့ အခန်းထဲမှာ သော့ခတ်ထားမယ်။ ငါတို့ မနက်မိုးလင်းလို့ တံခါးလာဖွင့်တဲ့ အချိန်မှာ မင်းက မတုန်မလှုပ် အေးအေးဆေးဆေးရှိနေသေးတယ်ဆိုရင် မင်းနိုင်တယ်။ မင်းကို ငါတို့၂ယောက် လောင်းကြေးငွေ ၂သောင်းပေးမယ်။ (အဲ့ဒီခေတ်တုန်းက ငွေ၂သောင်းဆိုတာ တော်တော်များတယ်တဲ့)"။ အောင်အောင်ကလည်း "အိုကေ စိမ်လိုက်လေ။ ငါ့ဖက်က ready ပဲ။ မင်းတို့သာ ငါ့ကို ပေးဖို့ ပိုက်ဆံ အဆင်သင့်ပြင်ထား" တဲ့။ ဒါနဲ့ သူတို့ အလောင်းအစားလုပ်ဖြစ်သွားတယ်.။

သူတို့ အလောင်းအစားရဲ့ စည်းကမ်းချက်တွေက အခန်းထဲမှာ ခုတင်တစ်လုံးထားမယ်။ အဲ့ကုတင်ပေါ်မှာ အလောင်းကို ပိတ်ဖြူအုပ်ပြီး တင်ထားမယ်။ ဆေးကျောင်းက အလောင်းထားတဲ့ အခန်းကိုစောင့်တဲ့လူကို ပေါင်းပြီးတော့ လတ်လတ်ဆတ်ဆတ်အလောင်းတစ်ခုကို တစ်ညလောက် ခိုးထုတ်လာမယ်။ ပြီးရင် ည၆နာရီမှာ တံခါးစပိတ်မယ်။ မနက် ၆နာရီတံခါး လာဖွင့်ပေးမယ်။ မီးကို အပြင်က မိန်းswitch ချသွားမယ်။ ဆက်သွယ်ရေးပစ္စည်းတွေ မယူရဘူး။ လိုအပ်တဲ့ ပစ္စည်းအချို့တောင်းနိုင်တယ်။

အောင်အောင်က ဆေးလိပ်သမားဆိုတော့ ဆေးလိပ်တစ်ဗူးတောင်းတယ်။ ပြီးတော့ မီးခြစ်။ ဒါပေမဲ့ ဇော်ဇော်က ဂတ်စ်မီးခြစ်မပေးဘူး။ မီးခြစ်ဆံ ၅ချောင်းပေးတယ်။ ပြီးတော့ ၁နာရီစာခံတဲ့ ဖယောင်းတိုင်တစ်ချောင်း။ နောက်ပြီးတော့ ရေတစ်ဘူး။

အဲ့ဒီ အလောင်းအစားလုပ်မဲ့နေ့ နေ့လည် ၃နာရီလောက်ထဲက အဲ့အခန်းကို ဇော်ဇော်က အောင်အောင်ကို လိုက်ပြတယ်။ အလောင်းကို ဘယ်လိုပုံစံထားမယ် ဘယ်နေရာမှာ ဘာပစ္စည်းထားမယ် အစရှိသဖြင့်ပေါ့။ ဒီနေရာမှာ အခန်းရဲ့အနေအထားကို ပြောပြဖို့လိုလာပြီ။ အခန်းက ၁၀ပေပတ်လည်အခန်း။ ဘေးပတ်ဝန်းကျင်အခန်းတွေမှာလည်း လူမရှိဘူး။ ဒီအခန်းကျဉ်းလေးထဲမှာ ပြတင်းပေါက်တစ်ပေါက်ရယ် တံခါးတစ်ချပ်ရယ်ပဲ ပါတယ်။ ပြတင်းပေါက်က တရုတ်ကပ်မှန်နဲ့ဆိုတော့ နည်းနည်းပဲ ဖွင့်လို့ရတယ်။ လေဖွင့်လေထွက်ရရုံလေးပဲပေါ့။ အခန်းမှာ ပရိဘောဂဆိုလို့ ဆေးရုံတွေမှာ ထားတဲ့ အဖြူရောင် သံကုတင်တစ်လုံးပဲရှိမယ်။ အဲ့ဒီကုတင်က ၇ပေလောက် ရှည်တယ်ဆိုတော့ သူတို့ အလျားလိုက်ထားမဲ့အစား ထောင့်ဖြတ်(diagonally) ထားဖို့ ဆုံးဖြတ်လိုက်တယ်။ အဲ့လို ထားလိုက်ရင် အောင်အောင်အတွက် နေစရာက ထောင့်၂ခု တြိဂံပုံစံလေးပဲ ကျန်မယ်။ ထောင့်တစ်ခုက တံခါးဖက်။ နောက်တစ်ခုက ပြတင်းပေါက်ဖက်။ အဲ့တော့ အကယ်လို့ အောင်အောင်သာ ပြတင်းပေါက်ဖက်သွားချင်တယ် ဆိုရင် အလောင်းကောင်ကို ကျော်ခွသွားရမယ်။

ကဲခုနဇာတ်လမ်းလေး ပြန်ဆက်မယ်။ ဇော်ဇော်က အောင်အောင့်ကို စည်းကမ်းချက်တွေ အသေးစိတ်ပြောပြီးတော့ အလောင်းသွားယူမယ်ဆိုပြီး ထွက်သွားတယ်။ ၅နာရီခွဲမှာ အဲ့နေရာ ပြန်ဆုံဖို့ချိန်းထားတယ်။ ဒီလိုနဲ့ အောင်အောင် ၅နာရီခွဲလောက် အခန်းကို ပြန်ရောက်တဲ့အချိန်မှာ ကုတင်ပေါ်ကို အလောင်းကောင်က ရောက်နေပြီ။ ပိတ်ဖြူပါးလေး အုပ်ထားတယ်။ အလောင်းက ယောက်ျားလား မိန်းမလားတော့ မမြင်ရဘူး။ အောင်အောင်ကလည်း စိတ်မ၀င်စားဘူး။ သူ့အနေနဲ့ ဒါဟာ သူတို့ practical အနေနဲ့ စမ်းသပ်အသုံးပြုတဲ့ အသက်မဲ့ခန္ဓာတစ်ခုလိုပဲ သဘောထားတယ်။ ဒီလိုနဲ့ ညနေ၆နာရီဆိုတဲ့ အချိန်က ရောက်လာတယ်။ ဇော်ဇော်က "ကဲ ငါသွားပြီကွာ ။ မင်းတောင်းဆိုထားတဲ့ပစ္စည်းတွေနဲ့ လိုအပ်မယ်ထင်တာတွေ ငါ ဟိုစင်ပေါ်မှာ အကုန်တင်ထားခဲ့တယ်။ ငါမနက် ၆နာရီ ပြန်လာခဲ့မယ်။ မင်းကံကောင်းပါစေကွာ။" ဆိုပြီး ထွက်သွားတယ်။
ဒီနေရာက စပြီး အောင်အောင်အနေနဲ့ ကိုယ်တိုင်ပြောပြတဲ့ ပုံစံမျိုးနဲ့ ရေးသွားပါရစေ။

**************************************************
ကျွန်တော် တစ္ဆေသရဲလုံးဝ အယုံအကြည်မရှိပါဘူး။ အဲ့အကြောင်းပြောတဲ့လူတွေကိုလည်း လုံးဝ ကြည့်လို့မရဘူး။ ကျွန်တော့်ကို ဒီကိစ္စနဲ့ ပတ်သက်ပြီး အစွန်းရောက်တယ်ပဲပြောပြော ပြောကြပါစေ။ ဒါပေမဲ့ဗျာ ကျွန်တော့်အခင်ဆုံးသူငယ်ချင်း၂ယောက်က ဒါတွေကို သိပ်ယုံတယ်။ သရဲဆိုတာ တကယ်မရှိဘူးဆိုတာ သူတို့နားလည်စေချင်လို့ သူတို့ ကျွန်တော့်ကို အပျော်တမ်း အလောင်းအစားတစ်ခုလုပ်ဖို့ ပြောခဲ့တာ လက်ခံမိတယ်။ အကယ်လို့ ဒီအလောင်းအစားဟာ ပျော်စရာတစ်ခုမဟုတ်ခဲ့ဘူး ဆိုတာ ကြိုသိခဲ့ရင်လေ...

ဇော်ဇော်က ၆နာရီထိုးတော့ တံခါးကို ပိတ်ပြီး အပြင်က သော့ပိတ်သွားတယ်။ ဘယ်တော့မှ အကြောက်အလန့်မရှိတဲ့ ကျွန်တော် .. သူသော့ခတ်တဲ့အသံကို ကြားလိုက်တဲ့အချိန်မှာ ဘာရယ်မဟုတ် ကြက်သီးနည်းနည်းထမိသွားတာ ၀န်ခံပါတယ်။ ခေါင်းထဲမှာ ငါတစ်ယောက်တည်း ဒီအခန်းထဲမှာ ကျန်ခဲ့ပြီ အရေးအကြောင်းကြုံရင်လည်း ဘယ်လိုမှ ထွက်လို့မရဘူး ဆိုတဲ့ အသိတစ်ချက်ဝင်လာလို့ ဖြစ်ပါလိမ့်မယ်။ ဒါပေမဲ့ အဲ့စိုးရိမ်စိတ်ကို ကျွန်တော်လွယ်လွယ်ကူကူပဲ ဖျောက်နိုင်ခဲ့ပါတယ်။ ဇော်ဇော်ထွက်သွားပြီး ခဏကြာတော့ ကျွန်တော် ပြတင်းပေါက်ဖက်ကို ကူးလာခဲ့တယ်။ ခံတွင်းချဉ်လာတာနဲ့ စင်ပေါ်မှာ တင်ထားတဲ့ စီးကရက်တစ်လိပ်နဲ့ မီးခြစ်ဆံတစ်ဆံယူလိုက်တယ်။ မီးခြစ်ဆံ ၄ချောင်းပဲ ကျန်တော့တယ်။ ပြီးတော့ ကျွန်တော် ပြတင်းပေါက်အောက်က ကားတွေ သွားနေတာကို ငုံ့ကြည့်ရင်း စီးကရက်လေးတဖွာဖွာနဲ့ ဟိုဟိုဒီဒီ လျှောက်တွေးနေမိတယ်။ ၇နာရီကျော်လောက်လည်းကြရော အပြင်မှာလည်း မှောင်စပျိုးနေပြီ။ လက်ထဲက စီးကရက်လည်း ကုန်ပြီ။ ခြေထောက်လည်း နည်းနည်းညောင်းလာတာနဲ့ ထိုင်ဖို့ နေရာတစ်ချက်လှည့်ကြည့်လိုက်တယ်။ အခန်းထဲမှာ ခုံမရှိဘူး။ ကျွန်တော်လည်း အောက်သံမံတလင်းမှာ မထိုင်ချင်တာနဲ့ အလောင်းကို ဟိုဖက်နည်းနည်းတိုးပြီး အလောင်းရဲ့ ခါးနေရာလောက်မှာ ကျောပေးပြီး ထိုင်လိုက်တယ်။

(ဆက်ပါဦးမည်....)


Sunday, July 5, 2009

နင်


နင်က ငါ့အတွက် လက်ဖက်ရည်(လဘ္ဘရည်)တစ်ခွက်နဲ့ တူတယ်
ငါနဲ့ မတည့်လို့ မသောက်သင့်မှန်းသိတယ်
သောက်ရင် လေအောင့်မယ်
ညအိပ်မပျော်ဘူး
အခန့်မသင့်ရင် အန်မယ်။ ။
ဒါပေမဲ့လည်း ခုချိန်ထိ ငါလဘ္ဘရည်ကို
စွဲစွဲမြဲမြဲကြိုက်နေတုန်းပဲ။
သူများတွေ ကော်ဖီဘယ်လိုကောင်းတယ် ပြောပြော
ငါ့စိတ်ထဲမှာတော့ ဘယ်လိုမှ လဘ္ဘရည်ကို မယှဉ်နိုင်ဘူးလို့ထင်တယ်။ ။

နင်က ငါ့အတွက် ဒိုင်ယာရီစာအုပ်တစ်အုပ်နဲ့ တူခဲ့တယ်
ငါပျော်စရာတွေ ရှိလည်း ဝေမျှလို့ ရတယ်
ဝမ်းနည်းစရာတွေ ရှိလည်း စိတ်ထွက်ပေါက်တစ်ခုလိုနေပေးတယ်
ငါ့အတွက် ဒီဒိုင်ယာရီဟာ မရှိလို့ မဖြစ်သလို နင်လည်း....။ ။

နင်ဟာ နွံတစ်ခုနဲ့ တူတယ်
နင်နဲ့ ဝေးရာကို လွတ်မြောက်ဖို့ ကြိုးစားတိုင်း
ပိုပိုလို့ နစ်လာတယ်။ ။

နင်ဟာ အိပ်မက်တစ်ခုနဲ့တူတယ်
အိပ်မက်က လန့်နိုးလာရင် အိပ်မက်ထဲက အရာတွေက ပျောက်ကွယ်သွားသလို
နင်ပေးတဲ့ ပျော်ရွှင်မှုတွေကလည်း
အချိန်တစ်ခုရောက်တိုင်း ပျောက်ကွယ်သွားတာချည်းပဲ
တစ်ခါတစ်လေဆုတောင်းနေမိခဲ့တယ်
အိပ်ရာကနေ မနိုးလာပါနဲ့ဦးလို့
အိပ်မက်တွေ ဆက်မက်ချင်သေးခဲ့တာကိုး။ ။

နင်က တိမ်တစ်တိုက်နဲ့တူတယ်
ဘယ်တော့မှ ဖမ်းဆုပ်ထားလို့ မရဘူး
နင်လွင့်ချင်ရာကို လွင့်တယ်
လိုအပ်ချိန်တွေ ငါ့အနားရှိပါစေလို့ မျှော်လင့်တိုင်း
တစ်နေ့တစ်ခြား ငါနဲ့ ပိုပိုဝေးလာသလိုပဲ။ ။

နင့်အပူတွေကို ဝေမျှချင်တိုင်းလည်း
အရင်ကလို ဝေမျှခွင့် မရခဲ့သလို
တစ်နေ့ထက် တစ်နေ့နားလည်ရခက်လာတယ်။
တောင်းပန်ပါတယ်
နင်ချန်ထားတဲ့အချိန်တိုင်း ရူးချင်နေခဲ့တဲ့ငါ
အိပ်မက်တွေ ဆက်မက်ခွင့်မပေးပါနဲ့တော့
ဖြစ်နိုင်ရင် နင့်ရဲ့ အချစ်တွေနဲ့
ချည်နှောင်ထားတာတွေ ရပ်လိုက်ပါတော့။ ။

p.s။ ။ သီချင်းတွေ နားထောင်ပြီး ရေးထားခြင်းဖြစ်သောကြောင့် ဟိုရောက်ဒီရောက် ဖြစ်နေခြင်း သီချင်းစာသားအချို့နဲ့ ခပ်ဆင်ဆင်တူနေခြင်းတို့ကို သည်းခံကြပါကုန်။ ။ =D