ဘာတွေတုန်းတစ်ယောက် အပျင်းထူပြီး သူ့ဘလော့ကြီးကို ပစ်ထားတာ ၄လတောင် ပြည့်ရော့မယ်။ :) စာတွေမနိုင်တာရယ် ရန်ကုန်ပြန်သွားတာရယ် ပရောဂျက်ပညာတန်ဆောင်ရယ်ကြောင့် ဘလော့ဖက်ကို လုံးဝခြေဦးမလှည့်ဖြစ်ဘူး။ စိတ်ထဲမှာတော့ ရေးချင်တာတွေက အများကြီး။ ဒါပေမဲ့ စိတ်ကူးထဲစာစီပြီးတော့ ဘလော့ပေါ်ထိ မရောက်လာခဲ့ဘူး။
ပရောဂျက်ပညာတန်ဆောင်ဆိုတာ ကျွန်မတို့ကျောင်းကကျောင်းသူကျောင်းသားတွေ စုပေါင်းပြီး တွံတေးက ဘုရားကြီးကျေးရွာလေးက မိဘမဲ့ကျောင်းလေးတစ်ကျောင်းမှာ စာသွားသင်ရတဲ့ ပရောဂျက်လေးပါ။ မြန်မာ၈ယောက် စင်ကာပူသား၁၂ယောက် နဲ့ ဖွဲ့ထားတဲ့ volunteer group လေးပေါ့။ အဲ့ဒီပရောဂျက်ကြော်ငြာလေးတွေ့ကတဲက ကျွန်မတော်တော်စိတ်ဝင်စားပြီး ဟောပြောပွဲ သွားနားထောင်ခဲ့တယ်။ ဓါတ်ပုံတွေ ဗီဒီယိုတွေ ကြည့်ပြီးတဲ့နောက် ကျွန်မအဲ့ဒီအဖွဲ့ထဲ ပါဝင်ဖို့ ချက်ချင်းစာရင်းပေးခဲ့မိတယ်။ နာဂစ်ပြီးတဲ့အခါမှာ အဲ့ဒီမိဘမဲ့ကျောင်းလေးက ကလေး ၂၀၀ ကနေ ၄၀၀ အထိများလာခဲ့တယ်။ အမှန်တကယ်ကို အကူအညီတွေလိုအပ်ပါတယ်။ မိဘမဲ့ကျောင်းလေးကို အုပ်ချူပ်တဲ့ ဘုန်းဘုန်းဟာလည်း ၂ဆလောက် တိုးလာတဲ့ကလေးဦးရေကြောင့် အစားအသောက်တောင် အရင်လို သိပ်ကောင်းကောင်းမွန်မွန်မကျွေးနိုင်ဘူးဆိုတာ အပြောသက်သက်မဟုတ်ကြောင်း ကျွန်မကိုယ်တိုင် အဲ့ကို ရောက်သွားမှ မျက်မြင်တွေ့ခဲ့ရပါတယ်။ အလှူရှင်မရှိရင် ထမင်းတစ်ဇလုံနဲ့ ဟင်းရွက်ဟင်းချိုလေးသာ သောက်ရတဲ့ကလေးတွေ မြင်ပြီးတော့ ကျွန်မနောက်ဘယ်တော့မှ အိမ်မှာ ဟင်းဂျီးမများတော့ဘူးလို့တောင် စိတ်ထဲကတွေးမိတယ်။ ဒီလို အကူအညီလိုနေတဲ့ကလေးတွေကို စင်ကာပူနိုင်ငံသားတွေတောင် သွားကူဖို့ တက်တက်ကြွကြွပါဝင်နေတဲ့အချိန်မှာ ကျွန်မလည်း တထောင့်တနေရာကနေ ပါသင့်တယ်ဆိုပြီး အဖွဲ့ထဲဝင်ခဲ့တယ်။
အဲ့ဒီပရောဂျက်အတွက် ကျွန်မတို့အတော်ပြင်ဆင်ခဲ့ရတယ်။ စာတွေမနိုင်တဲ့ကြားက semester တစ်ခုလုံး တပတ်ကို တရက် အစည်းအဝေးထိုင်ပြီး စင်ကာပူသားတွေကို မြန်မာစာနဲ့ မြန်မာ့ယဉ်ကျေးမှုအကြောင်းတွေ သင်ပေးရတယ်။ အဖွဲ့ထဲမှာ ကော်မတီတွေအများကြီးခွဲထားတဲ့ အထဲက ကျွန်မက ပညာရေးကော်မတီမှာပါလိုက်တယ်။ စလုံး၂ယောက် မြန်မာ၂ယောက်။ သင်ရမဲ့ဘာသာတွေက English, Arts and Crafts, Geography,Physics, Chemistry နဲ့ Biology စုစုပေါင်း ၆ဘာသာ။ ကျွန်မတို့ မြန်မာ၂ယောက်က သိပံ္ပဘာသာတွေ သင်ရတယ်။ အကြီးတန်းကလေးတွေကိုပေါ့။ ၈တန်းနဲ့ ၉တန်း။ ကျွန်မတို့ အထက်တန်းတုန်းက သိပံ္ပဘာသာတွေကို သီအိုရီတွေသာ သင်ရပြီး လက်တွေ့လုပ်ခွင့်မရခဲ့တော့ ကလေးတွေကို သူတို့ဖတ်စာအုပ်ထဲက experiment တွေကို ပစ္စည်းကိရိယာအစုံနဲ့ လက်တွေ့ပြမယ်ဆိုပြီး ကျွန်မတို့ မြန်မာ၂ယောက် ပစ္စည်းတွေဝယ် ပြီးတော့ တကယ်ပြမှ အရှက်မကွဲအောင် ကိုယ့်ဟာကိုယ် အရင်စမ်းကြည့်နဲ့ ရန်ကုန်မပြန်ခင်နဲ့ စာမေးပွဲပြီးတဲ့ တပတ်စပ်ကြားမှာ အလုပ်တော်တော်ရှုပ်သွားပါတယ်။

ဒီပရောဂျက်မှာ ရခဲ့တဲ့ အတွေ့အကြုံတွေကို တခုချင်းပြောပြမယ်ဆိုရင် ကျွန်မအခန်းဆက်တွေ ရေးရမှာ အမှန်ပဲ။ ရယ်စရာတွေ စိတ်ညစ်စရာတွေ အဆင်မပြေမှုတွေကြားထဲက ၈ရက်ကြာတဲ့ ခရီးတိုလေးကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းခဲ့ကြတယ်။ ခရီးလည်းက နည်းနည်းကြမ်းတော့ တရက်ကို ၄နာရီကားစီးရတဲ့ ကျွန်မတို့ ကားခုန်တဲ့ဒဏ်ကြောင့် ဖျားတဲ့လူများ လဲတဲ့လူလဲပေမဲ့ ရှိတဲ့လူနဲ့ ဖြစ်အောင်လုပ်ခဲ့ကြတယ်။ ဒါပေမဲ့ ကလေးတွေဆီက ဆရာမလို့ ခေါ်သံကြားရင် အဲ့ဒီအမောတွေ ပြေသွားတာတော့ အမှန်ပါ။ ကျွန်မတို့ နားတဲ့အဆောင်က ထွက်တာနဲ့ အထုပ်တွေ လာပြေးဆွဲ ပန်းတွေလာပေးတဲ့အခါ ကိုယ့်ဟာကို တကယ့်ဆရာမအစစ်လို့တောင် ဘ၀င်လေဟပ်မိပါရဲ့။ ဟိဟိ။ နောက်ဆုံးနေ့မှာ culture exchange လုပ်ကြတော့ ကလေးတွေက ကရင်ဒုံးယိမ်းတွေ ပအို့ဝ်အကတွေ ကပြတဲ့အချိန်မှာ ကျွန်မတို့တွေက Singapore Town သီချင်းရယ် Wondergirls ရဲ့ Nobody သီချင်းနဲ့ ကပြကြရတာ ရယ်ရလွန်းလို့ အူတောင်တက်တယ်။ အဟုတ်။ပုံကို ကြည့်ပါလား။ :D

မကခင် စင်ပေါ်မတက်ခင်ကကော စင်ပေါ်ကဆင်းတော့ရော ကလေးတွေက အော်တိုစာအုပ်လေးတွေကိုင်ပြီး ဆရာမသမီးကို အော်တိုလေးရေးပေးပါဆိုပြီး ကျွန်မတို့ အားလုံးကို လိုက်ရေးခိုင်းတာ အယောက် ၅၀ကျော်လောက်လည်းကျရော မရေးနိုင်တော့လို့ လူအုပ်ကြားထဲက မနည်း ထွက်လာရတယ်။ မသိရင် celebrity လိုလို ဘာလိုလို။ ဟဲဟဲ။ ဒါတောင် ထွက်လာတဲ့ လမ်းမှာတွေ့တဲ့ ကလေးတွေက လိုက်ရေးခိုင်းလို့ လမ်းလျှောက်ရင်း ရေးပေးရတယ်။ ပြောရရင် ကျွန်မဘ၀မှာ ကိုယ့်ဟာကိုယ် အရေးပါပါလားလို့ ခံစားမိတာ ဒီတခါပဲရှိပါတယ်။ ကြော်ငြာခဏဖြတ်မယ်နော်။ ကျွန်မပိုလီပြီးတော့ ကျောင်းဆက်တက်တဲ့ အချိန်ကစပြီး ကျွန်မကိုယ့်ဟာကိုယ် အသုံးမကျသလိုခံစားရတယ်။ ကျောင်းမှာဆို ကျွန်မစာမလိုက်နိုင်ဘူး။ ကျွန်မသူငယ်ချင်းတွေ လွယ်လွယ်နဲ့ နားလည်နိုင်တဲ့စာမျိုးတောင် ကျွန်မချက်ချင်းနားမလည်းဘူး။ အမြဲတမ်း သူများကို ဒုက္ခပေးပြီး စာရှင်းခိုင်းရတယ်။ သူတို့တွေ စာမရတဲ့ အချိန်ကျတော့ ကျွန်မက ဘာမှ ထိထိရောက်ရောက်မရှင်းပြနိုင်ဘူး။ လူတစ်ယောက် နားလည်အောင် လိပ်ပတ်လည်အောင် မရှင်းပြနိုင်ဘူး။ ကျွန်မရှင်းလိုက်မှ သူတို့ ပိုပိုရှုပ်သွားတဲ့အတွက်လည်း အားနာမိတယ်။ ကျွန်မက သူတို့အတွက် ၀န်ထုပ်ဝန်ပိုးသူငယ်ချင်းတစ်ယောက်ဖြစ်နေပြီလားဆိုတဲ့စိတ် အမြဲဝင်လာတယ်။ အဲ့လို စိတ်အားငယ်ပြီး စိတ်ဓာတ်ကျနေလို့လည်း ဘလော့ဖက်ခြေဦးမလှည့်ဖြစ်တာပါမယ်။ ဘာပဲဖြစ်ဖြစ် ပညာတန်ဆောင်ပရောဂျက်ကြောင့် ကျွန်မအရင်ကထက်စာရင် နည်းနည်းတော့ စိတ်အားတက်လာတယ်လို့ ပြောရမယ်။
ပြောရင်းက စကားလမ်းကြောင်းက ပြောင်းသွားပြီ။ PPT ဖက် ပြန်လှည့်ဦးမယ်။ အဲ့ဒီနောက်ဆုံးနေ့ ပြန်ခါနီးလည်းကျရော ကျွန်မရဲ့တပည့်လေးတွေက ကျွန်မကို လက်ဆောင်လေးတွေ လာပေးတယ်ဗျ။ သူတို့ကိုယ်တိုင်လုပ်ထားတဲ့ သော့ချိတ်လေးတွေ ဟမ်းချိန်းလေးတွေ။ ကလေးသေးသေးလေးတွေကျတော့ ကျွန်မကို သူတို့ပေးစရာမရှိလို့ ရှိတာလေးပေးပါရစေဆိုပြီး ၀တ်ထားတဲ့ ကလစ်တွေ အလှလက်စွပ်လေးတွေ ချွတ်ပေးတယ်။ ဘယ်လိုမှ မယူဘူးပြောပြော မရဘူး။ မယူရင် ငိုမဲ့မဲ့လေးတွေ ဖြစ်ရော။ ကျွန်မမှာလည်း မသိရင် မိဘမဲ့ကျောင်းလာပြီးတော့ ကလေးတွေကို ဓားပြတိုက်နေသလိုပဲ။ "ရှိတာအကုန်ချွတ်"ဆိုပြီးတော့လေ။ ဟဟား။ အမယ် လက်ဆောင်ပေးတဲ့ထဲမှာ လေးခွလည်း ပါတယ်ဗျ။ သူတို့ဆရာမကို မျောက်မူးလဲထင်နေလို့လားမသိ။ ကျွန်မပုံတူလေးတွေ ဆွဲထားတာလည်း ပါတယ်။ အဲ့ထဲက တော်တော်လှတဲ့ပုံလေး ကျောင်းမှာကျန်ခဲ့တယ် လောလောလောလောနဲ့ ပြန်ခဲ့ရလို့ :( အောက်ကပုံလေးက သူတို့ဆီက ကျွန်မရထားတာလေးတွေပေါ့။ တကယ်ကို အမှတ်တရပါ။ သူတို့ရဲ့ စေတနာတွေနဲ့ ပြည့်နေတဲ့ ပစ္စည်းလေးတွေကို ကြွားပါရစေနော်။ ကြွားတယ်လို့ မမှတ်ကြေး =)

ကဲ ရေးရတာလည်း လက်ညောင်းသွားပြီ... ဒီမှာတင်ပဲ တခန်းရပ်ပါစေ။ ကျွန်မ ရောက်တတ်ရာရာတွေ ရေးထားတာကို သည်းခံပြီး အဆုံးအထိဖတ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ရှင်။

6 comments:
တကယ်ကြည်နှုးစရာပဲ
ဘာဘာရေ ဆက်ရေးပါဦး။
ဖေ့ဘွတ်မှာ ဓာတ်ပုံတွေ တွေ့ကတည်းက စိတ်ဝင်စားနေတာ....
it's nice to read ur experiences..i looked through all the pics in all the albums on facebook and really happy for u all & the children there..make me want to go back...
ပညာဒါန ဆိုတာ မွန်မြတ်ပါတယ်။ ကိုယ်တိုင် မလုပ်နိုင်လို့ ညီမတို့လို လုပ်နိုင်တဲ့သူတွေကို ကြည့်ပြီးတော့ပဲ ဝမ်းမြောက် ဂုဏ်ယူမိပါတယ်။
အားပေးတဲ့ မမနွေးကော သက်သက်ကော ကိုဇက်တီကော ကျေးဇူးတင်ပါတယ်ရှင် =)
I hope you will have enough time to write more entries here. Seems like NUS is depriving you of your time to write!
Btw, I like PPT too ;)
ဖတ်သွား၏. တို့လဲညံ့သည်. အားကြီးညံ့သည်.အားငယ်ရသည် မကြာခဏ.
ကလေးတွေ ကို သွားချွတ်ခိုင်းသူကြီး..ရှိတာအကုန်ချွတ်...........ဟာသဘဲ.
Post a Comment