Sunday, July 5, 2009

နင်


နင်က ငါ့အတွက် လက်ဖက်ရည်(လဘ္ဘရည်)တစ်ခွက်နဲ့ တူတယ်
ငါနဲ့ မတည့်လို့ မသောက်သင့်မှန်းသိတယ်
သောက်ရင် လေအောင့်မယ်
ညအိပ်မပျော်ဘူး
အခန့်မသင့်ရင် အန်မယ်။ ။
ဒါပေမဲ့လည်း ခုချိန်ထိ ငါလဘ္ဘရည်ကို
စွဲစွဲမြဲမြဲကြိုက်နေတုန်းပဲ။
သူများတွေ ကော်ဖီဘယ်လိုကောင်းတယ် ပြောပြော
ငါ့စိတ်ထဲမှာတော့ ဘယ်လိုမှ လဘ္ဘရည်ကို မယှဉ်နိုင်ဘူးလို့ထင်တယ်။ ။

နင်က ငါ့အတွက် ဒိုင်ယာရီစာအုပ်တစ်အုပ်နဲ့ တူခဲ့တယ်
ငါပျော်စရာတွေ ရှိလည်း ဝေမျှလို့ ရတယ်
ဝမ်းနည်းစရာတွေ ရှိလည်း စိတ်ထွက်ပေါက်တစ်ခုလိုနေပေးတယ်
ငါ့အတွက် ဒီဒိုင်ယာရီဟာ မရှိလို့ မဖြစ်သလို နင်လည်း....။ ။

နင်ဟာ နွံတစ်ခုနဲ့ တူတယ်
နင်နဲ့ ဝေးရာကို လွတ်မြောက်ဖို့ ကြိုးစားတိုင်း
ပိုပိုလို့ နစ်လာတယ်။ ။

နင်ဟာ အိပ်မက်တစ်ခုနဲ့တူတယ်
အိပ်မက်က လန့်နိုးလာရင် အိပ်မက်ထဲက အရာတွေက ပျောက်ကွယ်သွားသလို
နင်ပေးတဲ့ ပျော်ရွှင်မှုတွေကလည်း
အချိန်တစ်ခုရောက်တိုင်း ပျောက်ကွယ်သွားတာချည်းပဲ
တစ်ခါတစ်လေဆုတောင်းနေမိခဲ့တယ်
အိပ်ရာကနေ မနိုးလာပါနဲ့ဦးလို့
အိပ်မက်တွေ ဆက်မက်ချင်သေးခဲ့တာကိုး။ ။

နင်က တိမ်တစ်တိုက်နဲ့တူတယ်
ဘယ်တော့မှ ဖမ်းဆုပ်ထားလို့ မရဘူး
နင်လွင့်ချင်ရာကို လွင့်တယ်
လိုအပ်ချိန်တွေ ငါ့အနားရှိပါစေလို့ မျှော်လင့်တိုင်း
တစ်နေ့တစ်ခြား ငါနဲ့ ပိုပိုဝေးလာသလိုပဲ။ ။

နင့်အပူတွေကို ဝေမျှချင်တိုင်းလည်း
အရင်ကလို ဝေမျှခွင့် မရခဲ့သလို
တစ်နေ့ထက် တစ်နေ့နားလည်ရခက်လာတယ်။
တောင်းပန်ပါတယ်
နင်ချန်ထားတဲ့အချိန်တိုင်း ရူးချင်နေခဲ့တဲ့ငါ
အိပ်မက်တွေ ဆက်မက်ခွင့်မပေးပါနဲ့တော့
ဖြစ်နိုင်ရင် နင့်ရဲ့ အချစ်တွေနဲ့
ချည်နှောင်ထားတာတွေ ရပ်လိုက်ပါတော့။ ။

p.s။ ။ သီချင်းတွေ နားထောင်ပြီး ရေးထားခြင်းဖြစ်သောကြောင့် ဟိုရောက်ဒီရောက် ဖြစ်နေခြင်း သီချင်းစာသားအချို့နဲ့ ခပ်ဆင်ဆင်တူနေခြင်းတို့ကို သည်းခံကြပါကုန်။ ။ =D


Wednesday, June 10, 2009

ဝါးတီး

ကျွန်မလည်း ဒီဘလော့လေးကို ပစ်ထားမိတာ တစ်လတောင် ကျော်သွားပြီ။ လာလည်တဲ့လူတွေကိုလည်း ပြန်မနှုတ်ဆက်နိုင်။ လာမန့်တဲ့လူတွေကိုလည်း ပြန်ရီပလိုင်းမလုပ်မိနဲ့။ အကြောင်းရင်းကတော့ ဒီရက်ပိုင်း ဘာတွေအလုပ်ရှုပ်လို့ ရှုပ်နေမှန်းမသိအောင် ရှုပ်နေလို့ပါ။ (ရှင်းပြမှ ပိုရှုပ်သွားသလိုပဲ =D ) အမှန်တော့ အလုပ်ချိန်တွေက ကိုးလို့ကန့်လန့်ဖြစ်နေတာရယ် ပြီးခဲ့တဲ့လက ဘွဲ့ယူဖို့ ပြင်ဆင်တာရယ် အိမ်ကမိသားစုအလည်လာရင် နေဖို့ စီစဉ်ရတာတွေနဲ့ လုံးလည်ချာလိုက်နေလို့ပါ။ ။

ဒီတစ်ခါ ကျွန်မဘွဲ့နေ့အတွက် အဖေ အမေနဲ့ မောင်လေးတို့ လာကြတယ်။ ကျွန်မနေတဲ့အိမ်မှာ လာနေဖို့က မဖြစ်နိုင်တော့ အိမ်အသည်းအသန်ရှာရတယ်။ အစကတော့ အခန်းကျယ်တစ်ခန်းပဲ ငှားပြီးနေမယ်ပေါ့။ နောက်တော့ အကြံတစ်ခုရသွားတယ်။ တစ်အိမ်လုံးငှားပြီးနေမယ်။ မီးဖိုချောင်ပါသုံးလို့ရတဲ့အိမ်ရှာမယ်။ အမေလာရင် အမေ့လက်ရာလေးတွေ ချက်ကျွေးခိုင်းမယ်ဆိုပြီး။ အကြံပိုင်တယ်ဟုတ်?

နောက်ဆုံးတော့ Bukit Batok မှာငှားဖြစ်သွားတယ်။ ဈေးမဆစ်တတ်လို့ နည်းနည်းများသွားတာကလွဲရင် အားလုံးအဆင်ပြေပါတယ်။ မီးဖိုချောင်ဆို အိုးခွက်ပန်းကန် အပြည့်အစုံလည်း ထားပေးထားတယ်။ ကျွန်မက စလုံးအိမ်ရှင်နဲ့နေတာဆိုတော့ မြန်မာစာသိပ်မစားရပါဘူး။ သူတို့ချက်တဲ့တရုတ်စာတွေပဲ နေ့တိုင်းစားရပါတယ်။ ကိုယ့်ဟာကိုယ်ချက်ခွင့်မရှိပါဘူး။ အဲ့တော့ မြန်မာအစားအသောက်စားချင်ရင် စီးတီးဟောသွားမှသာ စားဖြစ်တာပါ။မာမားကလည်း ကျွန်မစားချင်သမျှကို မညီးမညူချက်ကျွေးရှာပါတယ်။ အမေ့ကျေးဇူး တယ်လည်းကြီးသကိုးနော်။

ဒါလေးတွေကတော့ လွယ်လွယ်ကူကူချက်စားဖြစ်တာလေးတွေပါ။ နောက်လည်း ဓါတ်ပုံပြန်ကြည့်ပြီး သွားရေယိုလို့ ရအောင် တစ်ခါတည်း ရိုက်ထားတာ။ချက်တာတော့ များသောအားဖြစ် အကြော်တွေပဲ ကြော်ဖြစ်တယ်။ အပြင်က ပြန်လာရင် အားလုံးပင်ပန်းနေတာမို့ လွယ်လွယ်ကူကူဟာတွေပဲ ချက်ပြီး မိသားစုလက်ဆုံ စားဖြစ်တယ်။
အားလုံး ၀အောင် စားသွားကြနော်။ အားမနာနဲ့။ မ၀ရင် အိမ်ကို ပါဆယ်ထပ်ထုပ်သွား။ :)
စာကြွင်း။ ။မာမားက မပြန်ခင်တော့ ပြောသွားပါတယ်။ ခရီးထွက်လာတာ နားရမလားမှတ်တယ်။ ခုတော့ သမီးကောင်းမှုကြောင့် မီးဖိုချောင်ဝင်နေရတယ်တဲ့။ ဟိဟိ


Thursday, April 30, 2009

တုပ်ကွေး - Swine influenza


တုပ်ကွေးတွေ စင်ကာပူမှာတော့ မဖြစ်သေးဘူးထင်တယ်။ ဒါပေမဲ့ ရောဂါဖြစ်တဲ့ နိုင်ငံတွေက ပြန်လာတဲ့လူတွေရှိတော့ ဒီကလူတွေလည်း တော်တော်သတိထားနေကြပြီ။ ကျွန်မအလုပ်လုပ်တဲ့ ဆေးခန်းမှာဆို ဒီနေ့က စပြီးတော့ face mask တွေ ၀တ်ခိုင်းပါတယ်။ သူဝတ်ခိုင်းတဲ့ mask ကြီးက အပေါ်ပုံကဟာပေါ့။ အဲ့ဒါဝတ်ပြီးရင် လူလည်း ဂြိုလ်သားပုံ ပေါက်ရော။ ၀တ်နေမကျလို့လားတော့ မသိဘူး။ အသက်ရှူလည်း ကြပ်တယ်။ ပုံထဲမှာပါတဲ့ အပြာရောင်အ၀ိုင်းလေးက လေ၀င်လေထွက်အပေါက်။ ပုံစံက အောက်စီဂျင်ပေးရတဲ့လူနာတွေ ၀တ်ရသလိုမျိုး။ ဆရာဝန်ပြောတာတော့ အဲ့ဒီmaskက တခြားmask တွေထက် ပိုစိတ်ချရတယ်တဲ့။ တစ်ခုကို ၈နာရီလောက် သုံးလို့ရတယ်။ ဘယ်မှာဝယ်လို့ရလည်းတော့ မသိဘူး။

အရင်က ဆေးခန်းမှာ တုပ်ကွေးကာကွယ်ဆေးထိုးလို့ရတယ်။ ဒါပေမဲ့ ဘာလို့လည်း မသိဘူး။ ဒီနေ့က စပြီး တုပ်ကွေးကာကွယ်ဆေးထိုးလို့ ရလားမေးရင် no stock တဲ့။ လာလာမေးကြတဲ့ လူတွေလည်း အတော်များပါတယ်။

ဒီနေ့ဆို ဆေးခန်းကိုလာတဲ့ လူနာတွေထဲမှာ တုပ်ကွေးဖြစ်လို့ လာပြတဲ့လူဆိုရင် queue number ပေးပြီးတာနဲ့ ဆေးခန်းအပြင်မှာပဲ ပေးထိုင်ပါတယ်။ အထဲမှာ ပေးမထိုင်ရပါဘူး။ အခုအချိန်မှာ တုပ်ကွေးဖြစ်တဲ့လူတွေရဲ့ ဘ၀က ဆိုးပါတယ်။ swine flu ဟုတ်ဟုတ် မဟုတ်ဟုတ် ဆေးခန်းမှာ ခွဲခြားခွဲခြားဆက်ဆံခံရပါတယ်။ ဆရာဝန်ပြောတဲ့အရဆိုရင် တုပ်ကွေးဖြစ်သူ ၃ယောက်မှာ ၁ယောက်က swine flu ဖြစ်နိုင်ပါတယ်တဲ့။

ပြီးတော့ ဒီရက်ပိုင်း overseas က ပြန်လာလို့ flu ဖြစ်တဲ့လူတွေဆို ကျွန်မတို့ ဆေးခန်းက လက်မခံပါဘူး။ ဆေးရုံတွေကိုသာ တန်းသွားခိုင်းရပါတယ်။

ဒါကတော့ လက်ရှိစင်ကာပူမှာ ဖြစ်နေတဲ့ swine flu နဲ့ ပတ်သက်တဲ့ ကျွန်မသိသလောက်လေးတွေ ပြန်ရေးလိုက်တာပါ။ ဖြစ်နိုင်ရင် လူများတဲ့ နေရာတွေ သွားရင် face mask ကို သုံးပါ။ သုံးရတာ ကြောင်တယ် ထင်ရင် အနည်းဆုံးတော့ လက်ကိုင်ပ၀ါလေးဆောင်ထားပါ။ သူများတကာတွေ ချောင်းဆိုး နှာချေရင် ကာကွယ်လို့ရတာပေါ့။

စာကြွင်း ။ ။ mask ၀တ်ပြီး ရိုက်ထားသောပုံကို တင်မည်ဟု စိတ်ကူးထားသော်လည်း ကြည့်ပြီးသည့် လူများ နောက်တစ်ခါမလာတော့ရင် ဘလော့counter မတက်တော့မှာ ဆိုးသည့် အတွက်ကြောင့် လည်းကောင်း၊ ဘာတွေတုန်းသည် မည်သည့်ဂြိုလ်မှ လာသော ဂြိုလ်သားဖြစ်သနည်း၊ အီးတီနဲ့ မောင်နှမလားဟု မေးခံရမှာစိုးသောကြောင့် လည်းကောင်း မတင်တော့ခြင်းဖြစ်သည်။


Friday, April 17, 2009

အလုပ်ထဲက အဖြစ်များ

ဒီတလော အလုပ်က စလုပ်ခါစဆိုတော့ သိပ်နေသားမကျသေးဘူး။ ပြီးတော့ အလုပ်ချိန်က တစ်ခါတစ်လေ မနက်၉နာရီလောက်ကနေ ည၁၀နာရီလောက်အထိဆိုတော့ အိမ်ပြန်ရောက်တာနဲ့ ဘာမှမလုပ်ချင်တော့ဘူး။ ညောင်းနေလို့။ :D စာတောင်မရိုက်ချင်တော့ဘူး။ အဲ့ဒါကြောင့် ဘလော့လေးတောင် ဖုန်တွေနည်းနည်းတက်ချင်နေပြီ။ ဖူး ဖူး ဖူး(ဖုန်ခါနေသောအသံ)
တစ်နေ့တစ်နေ့ အလုပ်ထဲမှာပဲ အချိန်ကုန်နေတယ်ဆိုတော့ အလုပ်ထဲက အကြောင်းလေးတွေပဲ ရေးချင်စိတ်ပေါက်လာတယ်ဗျို့.. ခါတိုင်းဆို တနေ့တာ ဖြစ်ပျက်သမျှကို မားသားကို ပြန်ပြောပြနေကျ.. ခုမာသားက အနားမှာမရှိတော့ ဘော်ဘော်တွေကိုပဲ ဖောက်သည်ချရတာပေါ့ကွယ်။

၁)အကြွေးတောင်းတဲ့ ပညာ
ကျွန်မအလုပ်လုပ်တဲ့ ဆေးခန်းမှာ များသောအားဖြင့် စနေ တနင်္ဂနွေနေ့တွေမှာ လူများတတ်ပါတယ်။ အဲ့နေ့က စနေနေ့ပါ။ ဆေးခန်းရဲ့ ထုံးစံက ဆရာဝန်နဲ့တွေ့ပြီးရင် လူနာက အပြင်မှာ ခဏထိုင်စောင့်ရပါတယ်။ ဆေးယူဖို့နဲ့ ပိုက်ဆံရှင်းဖို့ပါ။ ဆရာဝန်က လူနာမှတ်တမ်းစာအုပ်မှာ ရေးစရာရှိတာရေးပြီး ကောင်တာကို ပို့ပါတယ်။ ထိုအခါမှ ကျွန်မတို့က ဆေးပေးခြင်းနဲ့ ငွေသိမ်းခြင်းကို လုပ်ရတာပါ။ဖြစ်ချင်တော့ မလေးလူမျိုးလူနာတစ်ယောက်က ကာကွယ်ဆေးလာထိုးပါတယ်။ ဆေးလာထိုးရုံပဲဆိုတော့ ဆေးယူဖို့ မလိုပါဘူး။ ငွေရှင်းဖို့ပဲ စောင့်ရမှာပါ။ ဒါပေမဲ့ အဲ့လူနာက ငွေမရှင်းပဲနဲ့ တစ်ခါတည်းပြန်သွားပါတယ်။ ကျွန်မတို့လည်း လူရှုပ်နေတော့ သတိမထားမိဘူး။ နောက်မှ လူနာမှတ်တမ်းစာအုပ် ကောင်တာရောက်လာမှ ကျသင့်ငွေယူမလို့ လူနာနာမည်ကို ခေါ်တော့မှ မရှိတော့မှန်းသိပါတယ်။ ဒါနဲ့ ဖုန်းခေါ်ပါတယ်။ ငွေမရှင်းရသေးတဲ့အတွက် ပြန်လာရှင်းဖို့ ပြောပါတယ်။ ရှင်းပြီးပြီးဆိုပြီးငြင်းပါတယ်။ ကျသင့်ငွေက စလုံး၇၀ပါ။ တော်သေးတာက သူ့ရဲ့အိမ်က ကျွန်မတို့ဆေးခန်းရဲ့ အပေါ်ထပ်မှာပါ။ အဲ့တော့ ဆရာဝန်က ကျွန်မကို receipt ပေးပြီး လူနာဆီက ငွေသွားတောင်းခိုင်းပါတယ်။ ကျွန်မလည်း သွားရပါတယ်။ အပေါ်ရောက်တော့ လူနာနဲ့တွေ့ပါတယ်။ ဒါပေမဲ့ ပိုက်ဆံမရခဲ့ပါဘူး။ အတင်းငြင်းပါတယ်။ ဒါနဲ့ ကျွန်မလည်း ပြန်လာပါတယ်။ မရတဲ့ အကြောင်းပြောတော့ ဆေးခန်းက ခပ်စွာစွာကောင်မလေးတစ်ယောက်ကို ထပ်သွားတောင်းခိုင်းပါတယ်။ မိနစ်၂၀လောက်နေတော့ ၇၀ကိုင်ပြီး ပြန်ဆင်းလာပါတယ်။ ကျွန်မလည်း အဲ့ကောင်မလေးကို တော်တော်လေးစားသွားတယ်။ သူကတော့ သင်ပေးတယ်။ အဲ့လိုမျိုးလူနာကို ကြမ်းပေးမှ ရတယ်တဲ့။ သူအိမ်ထဲထိဝင်ပြီး ကြမ်းခဲ့တာဆိုပဲ။ သြော် ဒါလည်း ပညာပဲလေ။ ကိုယ်မလုပ်နိုင်တာ သူလုပ်နိုင်တယ်ဆိုတော့...ဘာပဲဖြစ်ဖြစ် ၇၀ကို ကိုယ့်အိတ်ထဲက မစိုက်ရတာ တော်ပါသေးရဲ့။

၂)အသံထွက်
ကျွန်မအလုပ်တာဝန်ထဲမှာ လူနာတွေကို ဆေးပေးရတာလည်း ပါပါတယ်။ တစ်ခါတုန်းက လူနာတစ်ယောက်ကို ဆေးပေးတော့ လည်ချောင်းနာရင် ငုံရတဲ့ဆေးပေးပါတယ်။ အဲ့ဒါကို "For Suck"ဆိုပြီး label ပေါ်မှာရေးထားပါတယ်။ ကျွန်မက လူနာကို"This one is for suck" ဆိုပြီး ပေးလိုက်ပါတယ်။ Suck ကို ဆက်ခ် လို့ ကျွန်မက အသံထွက်ပါတယ်။ အဲ့အခါမှာ ကျွန်မဘေးက အလုပ်လုပ်နေတဲ့ အမက မျက်လုံးပြူးပြီး ကျွန်မကို ကြည့်ပါတယ်။ "For Sex?" ဆိုပြီး မေးပါတယ်။ ကျွန်မလည်း ကြောင်သွားတော့ သူက ဆေးကိုယူကြည့်ပါတယ်။ ပြီးတော့ ရယ်တယ်။ ဆက်ခ်လို့ အသံမထွက်ရဘူး။ ဆခ် လို့ အသံထွက်ရတယ်တဲ့။ သူက ဆက်ခ် လို့ အသံထွက်တာကို Sex လို့ ကြားတယ်တဲ့။ မှားပါတယ် မမရယ်။
နောက်တစ်ခါ အဲ့ဒီ Suck နဲ့ ပတ်သက်ပြီး ထပ်ဖြစ်သေးတယ်။ ဒီတစ်ခါတော့ အသံထွက်မှန်တယ်။ မှားတာက တရုတ်လိုနဲ့အင်္ဂလိပ်လို ရောပြောမိတာ။ "This one is for you to suck." လို့ပြောရင်ပြော မပြောရင် "ကျဲ့ကို့စွတ် ကေနီ ဟန်တဲ့"ဆိုပြီး ပြောရမှာ။ ကျွန်မပြောလိုက်တာက "ကျဲ့ကို့စွတ် ကေနီ ဆခ် တဲ့" ဆိုပြီး။ ဒီတစ်ခါလည်း ဘေးနားက အမက လှမ်းကြည့်ပါတယ်။ လူနာပြန်သွားတော့ ကျွန်မကို ရယ်ပြီးပြောတယ်။ နင်ပြောတဲ့ အဓိပ္ပာယ်က တစ်မျိုးဖြစ်သွားတယ်တဲ့။ တရုတ်လို ဆခ် (အမှန်တော့ "ဆ"က kill လို့ အဓိပ္ပာယ်ရပါတယ်။ အဲ့တော့ ကျွန်မပြောလိုက်တဲ့ဆေးက ငုံဆေးမဟုတ်ပဲ အဆိပ်ဖြစ်သွားပီ။ ဟိဟိ

ဒီမှာပဲ ခဏရပ်ဦးမယ်နော်။ ။
အားပေးတဲ့လူရှိရင်တော့ အလုပ်ထဲမှ အဖြစ်များ ၂ ဆိုပြီး ဆက်ရေးမယ်။ :P

အားလုံးပဲ ပျော်ရွှင်စရာကောင်းသော မြန်မာနှစ်သစ်လေးဖြစ်ပါစေ။ ။


Sunday, April 12, 2009

နှစ်သစ်မှာ အားလုံးပျော်ရွှင်ကြပါစေ

မနက်ဖြန်ဆို သင်္ကြန်တောင် ကျပြီနော်။ အားလုံးကို ပျော်ရွှင်စရာ မြန်မာနှစ်သစ်လေးဖြစ်ပါစေလို့ ဒီဘလော့လေးကနေ ဆုတောင်းပေးလိုက်ပါတယ်နော်။ စိတ်ညစ်စရာတွေ ပြဿနာတွေ မပျော်ရွှင်စရာတွေအကုန်လုံးကို သင်္ကြန်ရေနဲ့အတူ နှစ်ဟောင်းမှာထားခဲ့နိုင်ကြပါစေ။ စိတ်သစ် လူသစ်နဲ့ နှစ်သစ်ကို ကြိုဆိုနိုင်ကြပါစေရှင်။ ။

ဒီရက်ပိုင်း အကြောင်းအမျိုးမျိုးကြောင့် ဘလော့မှာ ပို့စ်အသစ်တွေ မှန်မှန်မတင်နိုင်ခဲ့ပါဘူး။ ဖတ်စရာ ဘာအသစ်မှ မရှိပေမဲ့ အသစ်များရှိလေမလားလို့ လာလာကြည့်ကြတဲ့ သူငယ်ချင်းအားလုံးကို ကျေးဇူးလည်းတင် အားလဲနာမိပါတယ်ရှင်။ ကျွန်မ ဘလော့ရေးတာလေးကို ခဏတဖြုတ်ရပ်ထားပါဦးမယ်။ ဘယ်နှစ်ရက် ဘယ်နှစ်လရယ် မဟုတ်ပါဘူး။ တစ်ရက်သော်လည်းကောင်း တစ်ပတ်သော်လည်းကောင်းပဲ ဖြစ်နိုင်ပါတယ်။ ရေးချင်စိတ် ပြန်ပေါ်လာရင် ပြန်ရေးမှာပါ။ အခုလောလောဆယ်တော့ စိတ်တွေက နေလို့မကောင်းပါဘူး။ စာရေးချင်စိတ်လည်း ပျောက်နေတဲ့ အတွက်ပါ။



နှစ်သစ်မှာ အားလုံးပျော်ရွှင်ကြပါစေ။ ။

Tuesday, April 7, 2009

အတိတ်က သင်္ကြန်နေ့စွဲများ


ဓါတ်ပုံကို ဒီက ယူပါတယ်။
ဘာလိုလိုနဲ့ သင်္ကြန်တောင် တော်တော်နီးလာပြီ။ ဒါပေမဲ့ ဒီနှစ်သင်္ကြန်ဆိုတဲ့ အရာက ကျွန်မနဲ့ လုံးလုံးမဆိုင်သလိုပဲ။ သင်္ကြန်ရက်အားလုံးကို အဓိပ္ပာယ်မဲ့စွာ အလုပ်ထဲမှာပဲ ဖြတ်သန်းရဦးမယ် ထင်ပါတယ်။ ကျွန်မသင်္ကြန်ရေမစိုတာ ဒီနှစ်ဆို ၅နှစ်မြောက်ရှိပြီ။ ဒီနှစ်ဆိုရင် ရန်ကုန်ကို တအားပြန်ချင်တာပဲ။ ရေလည်း တအားကစားချင်တယ်။ သင်္ကြန်သီချင်းတွေ သင်္ကြန်ရုပ်ရှင်ကားတွေကြည့်ပြီးရင် အဲ့ရောဂါက ပိုဆိုးလာရော..

သေချာစဉ်းစားကြည့်ရင် လူမှန်းသိတတ်စအရွယ်ထဲက ခုထိ သင်္ကြန်ကို ပီပီပြင်ပြင်မကဲဖူးသေးဘူး။ ရေပက်ခံတောင် မောင်နှမ၀မ်းကွဲတွေနဲ့ပဲ ထွက်ဖူးတယ်။ သူငယ်ချင်းတွေနှင့် မသွားဖူးဘူး။ မန်းဒပ်လည်း အိမ်က မောင်နှမတွေနဲ့ပဲ ထိုင်ဖူးတယ်။ သြော် ဘ၀ကဆိုးပါတယ်။

၂၀၀၅- ၁၀တန်းပြီးတဲ့နှစ် တမိသားစုလုံး ခရီးထွက်ဖြစ်တော့ သင်္ကြန်လွတ်ခဲ့တယ်။
၂၀၀၆- နောက်တစ်နှစ်တော့ ဒီစင်ကာပူဆိုတာကြီးကို ရောက်လာ။ ရန်ကုန်သင်္ကြန်နဲ့ ပိုဝေးဖို့အကြောင်းဖြစ်လာ။၏
၂၀၀၇- ပိုလီ ပထမနှစ်ပြီးတော့လည်း မပြန်ဖြစ်။ part time လုပ် ပိုက်ပိုက်ရှာ။
၂၀၀၈- ပိုလီဒုတိယနှစ်ပြီးတော့လည်း industrial training ဆိုတာကြီးက ၂လ ဆင်းရပြန်တော့ ရန်ကုန်မပြန်ဖြစ်ပြန်။
၂၀၀၉- သြော် ပိုလီ ပြီးသွားပြီ။ကျောင်းပြီးရင် ရန်ကုန်ပြန်လို့ ရပြီဆိုပြီး အားခဲထားသမျှ သဲထဲရေသွန်ဖြစ်ပြန်ပြီ။ ပီအာရ် လျှောက်လို့ ရအောင် အလုပ်ကို အသည်းအသန်ရှာ၊ အလုပ်တော့ ရပါပြီတဲ့။ သင်္ကြန်မပြန်ဖြစ်ပြန်ဘူး။

သင်္ကြန်ဆိုရင် အထက်တန်းကျောင်းမှာတုန်းက အတန်းတင် စာမေးပွဲကြီးပြီးတဲ့နေ့ ရေလိုက်လောင်းတာ အမှတ်ရတယ်။ တအား ပျော်ဖို့ကောင်းတာပဲ။ ဆရာမတွေက စာမေးပွဲ မပြီးခင် လွယ်အိတ်တွေ လိုက်စစ်ပြီး ရေဘူးတွေထဲက ရေတွေသွန်ဖြစ်တယ်။ ဒါပေမဲ့မရပါဘူး။ ကျောင်းရှေ့က မုန့်ဆိုင်တွေမှာ သောက်ရေသန့်ဘူးတွေ ၀ယ်ပြီး လိုက်လောင်းတာ။ ခုတော့လည်း ဒါတွေနဲ့ တဖြေးဖြေး ဝေးလာပြီ။ အသက်တွေရလာပြီဆိုတော့လေ။ :)

ဘာရယ်မဟုတ်ပါ။ သင်္ကြန်အကြောင်း စိတ်ထဲပေါက်သမျှ ချရေးမိခြင်းသာ။ ။


Saturday, April 4, 2009

မောနင်း

mayD: တုံတုံရေ...ဒီကို အလည်မရောက်လာတာ ကြာပြီကော... လက်ဆောင်တစ်ခု စီစဉ်ထားတယ်။ သိချင်ရင် အိမ်လာကြည့်ဖို့ ဖိတ်ခေါ်ပါတယ်။ :P

လွန်ခဲ့တဲ့ ၅ ရက်လောက်က မမမေဒီက ဆီပုံးထဲမှာ လာအော်ထားလို့ မမေဒီအိမ်လေးကို သွားကြည့်တာပေါ့။ ဘာလက်ဆောင်ပါလိမ့်ဆိုပြီး.. မုန့်တွေ ဘာတွေများဖြစ်မလားပေါ့။ လက်စသတ်တော့ မနက်ခင်းလေးကို ဘယ်လိုထသလဲဆိုတာ တက်ထားတာကိုး :)
တက်ထားတာတောင် ကြာပြီ။ အခုမှ ရေးဖြစ်တော့တယ်။

ကဲ ဘာတွေတုန်းတစ်ယောက် မနက်ဆို ဘယ်လိုထပါသလဲဆိုတော့ .. အမ်းး...၂ မျိုးခွဲပြောမယ်နော်..

အလုပ်မရှိတဲ့နေ့
ဘာ နှိုးစက်မှ မပေးဘူး။ နိုးတဲ့အချိန်ထတယ်။ တစ်ခါတစ်လေ ၁၁နာရီလောက်နိုးတယ်။ တစ်ခါတစ်လေတော့ ၁၂လောက်အထိ။ အဲ့လိုမျိုး ဘာပယောဂမှ မပါဘဲ သူ့ဟာသူနိုးလာတာ သဘောအကျဆုံးပဲ။

အလုပ်ရှိတဲ့နေ့
အလုပ်ရှိတဲ့နေ့ဆို ၇နာရီခွဲထရတယ်။ အလုပ်က ၉နာရီစတာကိုး။ အလန်းကတော့ လူတော်တော်များများလိုပဲ ဖုန်းalarm ပေါ့ကွယ်။နိုးမယ့်လူမှ မရှိပဲနော့ (ကြော်ငြာမဟုတ်ပါ :P ) ၇နာရီခွဲထမယ်ဆို ၇:၂၀ အလန်းပေးရတယ်။ ကိုယ့်အကြောင်းကိုယ်သိလို့။ အလန်းမြည်ပြီး အနည်းဆုံးတစ်ခါလောက် snooze လုပ်လိုက်ရမှ။ snooze က နောက်၉မိနစ်ကြာရင် ထပ်မြည်တယ်ဆိုတော့ ၇နာရီခွဲ ကွက်တိပေါ့။ တစ်ခါတစ်လေ တအားတအား(တအား ) အိပ်ချင်ရင်တော့ အလန်း ၇နာရီ ၂၀ မြည်ရင် ၇နာရီ ၄၅ ပြောင်းပေးလိုက်တယ်။ ထပြီဆိုရင်လည်း သူများတွေလို တစ်ခါထဲထတာ ဟုတ်သေးဘူး။ တစ်မိနစ် ၂မိနစ်လောက် မျက်လုံးပိတ်ပြီး ငုတ်တုတ်ထိုင်သေးတယ်။ ရသမျှအချိန်ကို အဲ့လိုအသုံးချတာ။ ပြီးရင်တော့ တကယ်ထပါတယ်။ မထလို့လဲ ရတော့ဘူးလေ။ အလန်းမြည်တဲ့ အသံကတော့ အရင်က အမြဲပြောင်းတယ်။ ဘာလို့လဲဆိုတော့ မမမေဒီလိုပဲလေ။ ဘယ်လောက်ကြိုက်တဲ့ တီးလုံးဖြစ်ဖြစ် အလန်းတီးလုံးဖြစ်ရင် မုန်းသွားရော။ ကြားကို မကြားချင်ဘူး။ နောက်ပိုင်းတော့လည်း မပြောင်းတော့ပါဘူး။ တီးလုံးများများပြောင်းလေ ကိုယ်မုန်းတဲ့ တီးလုံးပိုများလာလေ မဟုတ်လား။

ဤတွင် ဘာတွေတုန်း၏ အိပ်ယာထခြင်းအမှု ပြီးဆုံး၏။ ကဲမမေဒီရေ.. အကြွေးဆပ်ပီးပီးနော်။ :)
ဘယ်သူ့ကို ဆက် tag ရမလဲဆိုတာတော့ စဉ်းစားလိုက်အုံးမယ်။ စဉ်းစားလို့ရရင် အိမ်တွေမှာ လိုက်အော်မယ်နော်။ ။