Monday, March 16, 2009

မက်ခွင့်မရှိလိုက်တဲ့ အိပ်မက်တစ်စုံ


"မောင်...လာလေ။ ဘာငေးနေတာလဲ။ ဟိုမှာ ဓာတ်ပုံရိုက်ဖို့ ခေါ်နေပြီ။"
လေပြေတို့ ဒီနေ့ မင်္ဂလာပွဲအကြိုဓာတ်ပုံလာရိုက်နေခြင်း ဖြစ်သည်။ မောင်တစ်ယောက် ဒီနေ့ဘာတွေဖြစ်နေလည်းမသိ။ ငေးတိငေးတိုင်နဲ့။ လူနဲ့စိတ်နဲ့ မကပ်သလိုပင်။ ဓာတ်ပုံရိုက်တာလည်း မပြုံးပဲ တည်တည်ကြီးဖြစ်နေလို့ ဓာတ်ပုံဆရာလည်း ပြုံးခိုင်းရတာ မောနေပြီ။ အမြဲတမ်း ပြုံးပြူံးရွှင်ရွှင် တက်တက်ကြွကြွနေတတ်တဲ့ မောင်..တစ်ခုခုတော့ လွဲနေပြီဆိုတာ လေပြေရိပ်မိနေပြီ။ မောင် ဒီရက်ပိုင်း မင်္ဂလာဆောင်အတွက်ရော companyကအလုပ်တွေပါ လုံးပန်းနေရတော့ ပင်ပန်းလွန်းလို့ပဲ ဖြစ်မှာပါ။

ဓာတ်ပုံရိုက်တာလည်း တော်တော်တော့ အချိန်ပေးရသား။ မနက်၉နာရီထဲက စလိုက်တာ အခုညနေ၃နာရီမှပဲ ပြီးတော့တယ်။ ဒါပေမဲ့ လေပြေတစ်ယောက် မမောနိုင်သေး။ မင်္ဂလာခန်းဝင် ပစ္စည်းတွေ မောင်နဲ့ လိုက်ဝယ်ရအုံးမယ်။ လေပြေတို့ ဧည့်ခံပွဲက နောက်လ၂၀ရက်နေ့။ အချိန်က တစ်လခွဲလောက်ပဲ လိုတော့တယ်။ ဒါကြောင့် အလောတကြီးနဲ့ လိုက်လုပ်နေရတာ။ဒါပေမဲ့ အဲ့လိုပင်ပန်းနေရတာကိုပဲ လေပြေက ပျော်နေတာလေ။

လေပြေဓာတ်ပုံရိုက်ပြီးတော့ အ၀တ်အစားပြန်လဲ၊မိတ်ကပ်တွေ ပြန်ဖျက်လုပ်နေတုန်း မောင်က သူကားပေါ်ကပဲ စောင့်နေမယ်တဲ့။ လေပြေလည်း ခပ်သွက်သွက်လေးလုပ်ပြီး ထွက်လာခဲ့တယ်။ လေပြေ ကားပေါ်ရောက်တော့ ကိုယ်တော်ချောက စတီယာရင်ပေါ် ခေါင်းမှောက်ပြီး အိပ်နေလေရဲ့။ သူမလည်း အသာလေးလှုပ်နှိုးလိုက်တယ်။ မောင်ထလာတော့ မောင့်မျက်လုံးတွေကို အမှတ်မထင်ကြည့်မိသွားသည်။ အို.. မောင့်မျက်လုံးတွေ နီပြီး မို့အစ်နေပါလား။ မောင်ငိုထားတာလား။ မဖြစ်နိုင်။ မောင်ငိုတာ လေပြေတစ်ခါမှ မတွေ့ဖူးဘူး။ "မောင့်မျက်လုံးတွေ ဘာဖြစ်နေတာလဲဟင်။ အိပ်ရေးမ၀လို့လား" ကျွန်မမေးလိုက်သည်။ မောင်ပြန်မဖြေပါ။ "လေပြေ..မောင်တို့ နောက်နေ့မှ ပစ္စည်းတွေ သွားဝယ်ရအောင်။ မောင် လေပြေကို အရေးကြီးကိစ္စ ပြောစရာရှိတယ်။ မောင်တို့ အေးအေးဆေးဆေး တစ်နေရာသွားရအောင်။" ကျွန်မမောင့်ကို ကြည့်ပြီး ရင်တွေပူလာသည်။ သို့သော် ဘာမှ ပြန်မပြောဖြစ်။ ခေါင်းအသာငြိမ့်လို့ လိုက်လာခဲ့သည်။

ကန်တော်ကြီးရဲ့ ခုံတန်းလေးတစ်ခု။ အချိန်က ညနေ၄နာရီ။ ရောက်တာ ၁၀မိနစ် ရှိပြီ။ အရေးကြီးကိစ္စ ပြောစရာရှိသည် ဆိုသောမောင် ခုချိန်ထိ စကားတစ်ခွန်းမှ မဟသေး။ လေပြေစိတ်မရှည်တော့။ "မောင်.. ပြောစရာ ရှိတာမြန်မြန်ပြောလေ။ ဘာတွေဖြစ်နေတာလဲကွာ။" မောင်သူမကို စိုက်ကြည့်သည်။
"လေပြေ.. မောင် လေပြေကို သိပ်ချစ်တာ လေပြေသိပါတယ်နော်"
"အော်..မောင်ကလည်း ဘာများလည်းလို့။ သိတယ်လေ။ မောင်က လေပြေကို သိပ်ချစ်သိပ်အလိုလိုက်၊ ဒါကြောင့်လည်း မောင့်ကို တစ်ဘ၀လုံးအတွက် ရွေးချယ်ခဲ့တာပဲဟာကို။"
"မောင်သာ အပြစ်တစ်ခုခုလုပ်မိရင် လေပြေတစ်သက်လုံး မုန်းသွားမှာလားဟင်။"
"မောင်ကလည်း ဘာတွေပြောနေတာလဲ။ မောင် ဘယ်တော့မှ လေပြေစိတ်ဆင်းရဲအောင် မလုပ်ဘူးဆိုတာ လေပြေယုံတယ်။"
"မောင်လေ...မောင် ..လေပြေကို ၀န်ခံစရာတစ်ခုရှိတယ်။ မောင်ကို ခွင့်မလွှတ်ပါနဲ့ လေပြေရယ်။ မောင် တအားမှားခဲ့တယ်ကွာ.. တောက်"
"ဘာကိစ္စလဲမောင်.. မြန်မြန်ပြောပါမောင်ရယ်။ လေပြေ ရင်တွေပူလို့ပါ။"
မောင် သက်ပြင်းရှည် တစ်ချက် ချတယ်။ ပြီးတော့ သူမကို မကြည့်ပဲ ကန်ရေပြင်ကို ကြည့်ရင်း စကားဆက်ပြောတယ်။
"မောင် ပြီးခဲ့တဲ့ အပတ်က သူငယ်ချင်းတစ်ယောက် ဆေးစစ်တာ အဖော်လိုက်သွားပေးတယ် လေပြေ။ သူက HIV သွားစစ်တာ။ သူ့တစ်ယောက်တည်း မသွားချင်ဘူးဆိုတာနဲ့ လိုက်သွားပေးတာ။ ဟိုရောက်တော့ သူက မင်းပါတစ်ခါတည်း စစ်ထားပါလား။စစ်ထားတော့ ပိုကောင်းတာပေါ့ကွာ ဆိုတာနဲ့ မောင်ပါတစ်ခါတည်း စစ်ခဲ့တယ်။ အဖြေက လွန်ခဲ့တဲ့၂ရက်က ရတယ်။ မောင့်သူငယ်ချင်းက NEGATIVE တဲ့။ ဒါပေမဲ့ ....ဒါပေမဲ့..."
မောင့် စကားသံတွေ တုန်နေသည်။ ကျွန်မလည်း ဆက်နားမထောင်ရဲတော့။ မောင်ရယ် ရက်စက်လိုက်တာ။ ကျွန်မအပေါ်လည်း သစ္စာမဲ့မယ်လို့ ဘယ်တုန်းကမှ မထင်ခဲ့မိဘူး။ ဟာ... ရုတ်တရက် သူမထူပူသွားသည်။ သူမနဲ့မောင် လွန်ခဲ့တဲ့ တစ်ပတ်ခန့်က တရားရုံးတွင် လက်မှတ်ထိုးပြီး အကြင်လင်မယားဘ၀ရောက်ခဲ့သည်။ ဧည့်ခံပွဲကတော့ ဟိုဖက်ဆွေမျိုး ဒီဖက်ဆွေမျိုးစောင့်ရင်းနဲ့ နောက်လမှ ကျင်းပဖို့ ဆုံးဖြတ်ခဲ့ကြခြင်းဖြစ်သည်။ ဒါဆို မောင့်မှာ HIV POSITIVE ဆိုတော့ သူမရော???

ဆက်ပါဦးမည်။ ။


Friday, March 13, 2009

အင်း တစ်ခုတော့ တစ်ခုခုပဲ

ညတုန်းက ကျွန်မ ၂နာရီလောက်မှာ အိပ်ရာဝင်တယ်။ အိပ်တော့ ဘာလို့မှန်း မသိ အိပ်မပျော်ဘူး။ ဟိုအကြောင်းတွေး ဒီအကြောင်းတွေးနဲ့ ၃နာရီလောက်ထိ အိပ်မပျော်ဘူး။ ၃နာရီကျော်လောက် တစ်ချက် မှေးခနဲ အိပ်ပျော်သွားတယ်။ မကြာပါဘူး "ချွမ်း"ဆိုပြီး သော့တွဲလို ပစ္စည်းမျိုး ပြုတ်ကျသံကြားပြီး လန့်နိုးလာတယ်။ အိမ်မက်များလားလို့ ပြန်စဉ်းစားတယ်။ ဟင့်အင်း အိပ်မက်မဟုတ်ဘူး သေချာတယ် ။နားနဲ့ ဆတ်ဆတ်ကြားလိုက်တာ။ ကျယ်လည်းကျယ်တယ်။ ဒါနဲ့ ကျမ အိပ်ရာက အသာထလို့ မီးပြန်ဖွင့် ဘာပစ္စည်း ပြုတ်ကျတာလဲလို့ လိုက်ရှာတယ်။ သော့နဲ့တူတာ ဘာမှ မတွေ့သလို ဘာပစ္စည်းမှလည်း အောက်မကျနေပါဘူး။ အသံက အခန်းအပြင်က အသံမဟုတ်သလို ဘေးခန်းက လူတွေလည်း အိပ်မောကျလို့ ဟောက်သံတွေတောင် ကြားနေရတယ်။ ဒါနဲ့ ကျမလည်း မီးပြန်ပိတ်ပြီး အိပ်ရာပြန်ဝင်တယ်။ မျက်လုံးပိတ်ထားပြီး ၅မိနစ်လောက် အကြာမှာ အသံထပ်ကြားတယ်။ ဒီတစ်ခါ ပစ္စည်းပြုတ်ကျသံမဟုတ်တော့ဘူး။ စကားပြောသံ။ ဝေးဝေးကလာတဲ့ အသံတော့ မဟုတ်ဘူး။ ကျမ ခေါင်းရင်းနား တစ်ကိုက်အကွာလောက်က ပြောတဲ့အသံလိုမျိုး။ ဘာစကားပြောလဲဆိုတာတော့ သေချာမကြားရဘူး။ ဗလုံးဗထွေးနဲ့။ ကျမလည်း ကြောက်ကြောက်နဲ့ ပေါက်ကရတွေ လျှောက်မစဉ်းစားတော့ဘဲ ဖုန်းနဲ့ သီချင်းကျယ်ကျယ် ဖွင့်လိုက်တယ်။ ပြီးတော့ မျက်စိကိုမှိတ် ရသမျှ ဘုရားစာရွတ်ပြီး အိပ်လိုက်တယ်။ တော်ပါသေးရဲ့။ အိပ်ပျော်သွားလို့။ မဟုတ်ရင် လျှောက်စဉ်းစားပြီး လန့်နေအုံးမှာ။ ဒီရက်ပိုင်း သရဲကားတွေ လူသတ်ကားတွေ ကြည့်မိလို့ပဲ စိတ်တွေ ခြောက်ချားနေတာလား မသိ။ အခု ဒီပို့စ်ရေးနေရင်းတောင် channel U က လာနေတဲ့ ထိုင်းသရဲကား ကြည့်နေတယ်။ အဟိ :P


Wednesday, March 11, 2009

ကျွန်မရဲ့ စိတ်ထွက်ပေါက်များ

ကျွန်မအိမ်နားမှာ တောင်ကုန်းလေးတစ်ခုရှိတယ်။ အဲ့နေရာလေးက တော်တော်မြင့်တော့ လေလည်းတိုက်တယ်။ ထိုင်လို့လည်းကောင်းတယ်။ ကျွန်မစိတ်ညစ်တဲ့အချိန် စိတ်ကျဉ်းကျပ်တဲ့ အချိန်ဆိုရင် အဲ့နေရာလေးမှာ သွားထိုင်ဖြစ်တယ်။ ခါတိုင်းထိုင်တာတော့ ညဖက်တွေများတယ်။ ညနေဖက်ဆို လမ်းလျှောက်တဲ့လူတွေ၊ လေ့ကျင့်ခန်းလုပ်တဲ့လူတွေ ရှိတတ်တော့ သိပ်ထိုင်လို့မကောင်းဘူး။ လွန်ခဲ့တဲ့ တစ်နှစ်ကျော်လောက်ဆို ပိုတောင်မိုက်သေး။ အဖိုးကြီးတစ်ယောက် အဲ့တောင်ကုန်းပေါ်မှာ တယောလာလာထိုးတတ်လို့။ တယောထိုးတာလေး နားထောင်ရင်း လေတဖြူးဖြူးနဲ့ ထိုင်ရတဲ့အရသာဟာ တကယ်ကို ဘာနဲ့မှ မလဲနိုင်ဘူး။ ဒီတောင်ကုန်းလေးက ကျွန်မအတွက် စိတ်အပန်းဖြေတဲ့နေရာလို့ ပြောလို့ရသလို အမှတ်တရအချို့ ကိုလည်း သိမ်းပေးထားတဲ့ နေရာလေးဆိုလည်း မမှားပါဘူး။ ဒီနေ့ ညနေ အပြင်က ပြန်လာတော့ ညနေဖက်၊ ထူးထူးဆန်းဆန်း တောင်ကုန်းပေါ်မှာ လူရှင်းနေတာနဲ့ တစ်ယောက်ထဲ သွားထိုင် ဖြစ်တယ်။ ထိုင်ရင်းနဲ့ စိတ်ကူးပေါက်လို့ ဖုန်းထုတ်ပြီး ဓာတ်ပုံတွေ လျှောက်ရိုက်ဖြစ်တယ်။ ဖုန်းကင်မရာက 2 Mega pixel ပဲရှိတော့ ကွာလတီတော့ ကောင်းဘူးပေါ့ကွယ်။ နည်းနည်းတော့ သည်းခံကြပါ။ အားနာပါးနာနဲ့ အလဲ့ ရိုက်ထားတာ မဆိုးဘူးပဲလို့ ပြောပေးရင် နေကြာစိ တစ်စိ အလကားကျွေးမယ်။ အဟုတ်။ :P တောင်ကုန်းလေးမှာ အတက်အဆင်း လှေကား၂ခုရှိတယ်။ ကျွန်မက များသောအားဖြင့် အပြင်ကပြန်လာရင် ၀င်ထိုင်တာများလို့ လမ်းမနဲ့ နီးတဲ့လှေကားက တက်ဖြစ်တယ်။ထိုင်တတ်တဲ့ ထိုင်ခုံလေးနဲ့ စိတ်ပေါက်ရင် တက်စီးတတ်သော မော်တော်စပရိန်(မကြီးမငယ်နှင့် သောင်းကျန်းသည်ဟု အတင်းမတုပ်ပါရန်။ ကြားရှိက ထိရောက်စွာ အရေးယူမည် ဖြစ်ကြောင်း :P)
ဒါက တောင်ကုန်းပေါ်မှ လှမ်းကြည့်ရင် မြင်ရသော မြင်ကွင်း။ ။
အဆင်းလှေကား။ (အဆင်းလှေကားဆိုတော့ တက်လို့ကောမရဘူးလားဟု မေးကောင်းမေးပါလိမ့်မည်.. ရပါသည်။ တက်လို့ကော ဆင်းလို့ကော။ ကျွန်မကတော့ ထိုလှေကားကို တတ်ရသည်မှာ ခြေထောက်ပိုညောင်းသည် ထင်သောကြောင့် အဆင်းလှေကားအဖြစ်သာ သတ်မှတ်ပါသည်။)ထိုလှေကားက ဆင်းလျှင် ဤကစားကွင်းငယ် ရှိပါသည်။ ထို ကစားကွင်းတွင်လည်း မကြာခဏသွားထိုင်ပါသည်။
ထိုတောင်ကုန်းအနီးတွင် ကစားကွင်း ၂ခုရှိပါသည်။ တစ်ခုက အတက်လှေကားနားမှာဖြစ်၍ နောက်တစ်ခုက အဆင်းလှေကားနားမှာပါ။ အခုပုံမှာ အဆင်းလှေကားနားမှ ကစားကွင်းဖြစ်သည်။ (မှတ်ချက်။ ။ ထိုင်ခြင်းသက်သက်သာ ဖြစ်သည်။ ၀င်မကစားပါ။)ဒါက ကျွန်မ၀င်ထိုင်တတ်သော ကစားကွင်း၏ အတွင်းပိုင်းဖြစ်ပါတယ်။
ဤသည်မှာ အတက်လှေကားနားမှ ကစားကွင်းဖြစ်၏။ ၀င်ထိုင်ရန် စိတ်ကူးရှိသော်လည်း အမြဲလိုလို လူရှိတတ်၍ မထိုင်ဖြစ်ခဲ့။
ဒါကတော့ စင်ကာပူမှာ ကျွန်မအကြိုက်ဆုံးနေရာ။ Henderson Wave။ ဘာလို့မှန်းမသိ ထိုနေရာကို တအားကြိုက်သည်။ ရောက်သွားတဲ့ အချိန်က ည၇နာရီ။ ကောင်းကင်မှာ ကြယ်တွေမရှိသေး။ သို့သော် ထိုအချိန်တွင် တံတားမှ မီးများထွန်းပြီ ဖြစ်သောကြောင့် အတော်လှပါသည်။ ကျွန်မရိုက်ထားသောပုံမှာ ၀ါးနေသောကြောင့် ဒုတိယပုံကို google မှ ယူတင်ဖြစ်သည်။ ပုံထဲတွင် ပါဝင်သောသူများမှာ မည်သူမည်ဝါဖြစ်မှန်း မသိကြောင်း။ :D
ဒါကတော့ ကျွန်မ မရောက်ဖူးသေးတဲ့ ကျွန်မသွားချင်တဲ့နေရာ။ စင်ကာပူထဲမှာပဲ ရှိသည်။ တော်တော်မိုက်တယ် တံတားက အရှည်ကြီး။ အဲ့ဒီ တံတားကို ရောက်ဖို့တော့ တော်တော်သွားရမည်။ ဓာတ်ပုံထဲမှာပင် တွေ့ဖူး၍ ဘယ်နေရာမှန်းမသိ။ သူငယ်ချင်းတစ်ယောက်က စာမေးပွဲပြီးရင် သွားရအောင် နေရာရှာထားဆို၍ အားကြိုးမာန်တက် တစ်ညလုံး ဂူဂယ်လ်တွင် မွှေနှောက်ရှာဖွေ၏။ သို့သော် ထိုသူငယ်ချင်းက ပုံပြောသွားခြင်းသာ ဖြစ်သည်။ထို့ကြောင့် မသွားဖြစ်။ အဟမ်း... ဘယ်မှာလဲ သိချင်လား။ သိချင်ရင် တိုးတိုးတိတ်တိတ်လာမေး။ KFC 2 piece chicken လောက်ဆို ပြောပြမယ်။ အဟတ်။သိတဲ့လူကတော့ ရှူးတိုးတိုးပေါ့နော်။ KFC ရရင် တစ်ဖဲ့ကျွေးမယ်နော် :D


Coming Soon


ကဲ.. ရင်ခုန်ရတာမှ ကြိုက်ပါတယ်ဆိုတဲ့ ကိုကိုမမ မောင်လေးညီမလေး ဦးဦးဒေါ်ဒေါ် ဘဘအန်တီ အန်ကယ်ကြီးဒေါ် ဖိုးဖိုးဖွားဖွား( အမ်မလေး..မောပါ့တော်) တို့အတွက် ထိုင်းသရဲကားအသစ်စက်စက်လေး Coming Soon ကို ဒီမှာ ကြည့်နိုင်ပြီ ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါတယ်ရှင်။

ဇာတ်လမ်းအကျဉ်း။ ။ This movie will scare you from the second you step inside the movie theatre..

It will get you wondering if Something or Someone might be waiting for you to let your guard down. The horror movie that you just saw is about to happen to you in real life! Coming Soon....

ကဲ စောင်ကိုခေါင်းမြီးခြုံ နေကာမျက်မှန်တပ် စပီကာကို mute လုပ်ပြီး ဇိမ်ရှိစွာ အိမ်မှာ ကြည့်ကြပါစို့။ ။ :P


Monday, March 9, 2009

ခက်ပါပေ့ အမောင်လိပ်ပေါက်စ


ကျွန်မငယ်ငယ်က ကြားဖူးတဲ့ ပုံပြင်လေးပါ။ ဟိုတစ်နေ့က မြန်မာကားတစ်ကားထဲမှာ တွေ့မှ ပြန်သတိရတယ်။ အဲ့ဒါနဲ့ blog ပေါ်တင်ချင်စိတ်ပေါက်လာတာနဲ့ ရေးဖြစ်တာ။
ကဲ ကလေးတို့ ပုံပြင်နားထောင်ကြမယ်မလား။ :D
ပုံပြင်လေးကတော့ ဒီလိုပေါ့။
ဟိုးးးးးးးးရှေးရှေးတုန်းက လိပ်မိသားစုတစ်စု ရှိသတဲ့။ တစ်နေ့ကျတော့ သူတို့က ပျော်ပွဲစားမထွက်ရတာ ကြာပြီမို့ ထွက်ကြရအောင်ဆိုပြီး တိုင်ပင်ကြသတဲ့။ အဲ့လိုနဲ့ ပျော်ပွဲစားအတွက် လိုအပ်တဲ့ပစ္စည်းစာရင်းတွေချရေး စုဆောင်းပြင်ဆင်ကြတယ်ပေါ့ကွယ်။ အဲ့လိုနဲ့ ပြင်ဆင်လိုက်တာ ၇နှစ်တောင် ကြာသွားသတဲ့။ နင့်ဟာကြီးကလဲ လွန်ပါတယ်အေလို့တော့ မထင်နဲ့လေ။ လိပ်မိသားစုပါဆိုမှ နှေးတုံ့နှေးတုံ့နဲ့ပေါ့။ ဒါနဲ့ ၇နှစ်ကြာပြီးတော့ အိမ်ကလိုတဲ့ ပစ္စည်းတွေယူပြီး ထွက်လာခဲ့ကြတယ်။ ပျော်ပွဲစားထွက်လို့ အဆင်ပြေမဲ့နေရာကို လိုက်ရှာလိုက်တာ နောက်ထပ် ၆လ ထပ်ကြာသွားပါသတဲ့။ ဒီလိုနဲ့ နေရာကောင်းကောင်းရှာတွေ့တော့ ပျော်ပွဲစားစဖို့အတွက် နေရာခင်းကျင်းပြင်ဆင်တာ နောက်ထပ် ၂နှစ် ကြာပြန်ရော။ ကဲ ၂နှစ်လဲ ကြာပြီးရော အားလုံးအဆင်သင့်ဖြစ်ပြီ။ အဲ့အချိန်ကျမှ လိပ်မေမေကြီးက အထိတ်တလန့်ထအော်ရော။ ဟာ.. ဆား အချိုမှုန့် နဲ့ ဟင်းခတ်အမွှေးအကြိုင်တွေ ထည့်တဲ့ဘူး အိမ်မှာကျန်ခဲ့သတဲ့။ အဲ့ဒါတွေ မပါဘဲနဲ့ ချက်တဲ့ဟင်းတွေက ဘယ်လိုမှ စားကောင်းမှာမဟုတ်တဲ့အတွက် တစ်ကောင်ကောင်ကို ပြန်သွားယူခိုင်းသတဲ့။ ဒါပေမဲ့ ဘယ်သူမှ ဒီခရီးဝေးကို ပြန်မသွားချင်တော့ဘူးဆိုတော့ အဲ့ဒီတာဝန်ကို တစ်ယောက်ကိုတစ်ယောက်လွှဲချနေရော။ နောက်ဆုံးမတော့ လိပ်သားအငယ်ဆုံးလေးကို မင်းက လူကောင်သေးတော့ သွားတာလာတာမြန်တယ်.. မင်းပဲသွားပြန်ယူချေ ဆိုပြီး ခိုင်းကြတယ်။ လိပ်သားငယ်လေးလဲ မသွားချင်ဘူး။ ဒါပေမဲ့ အားလုံးက သူ့ကို အတင်းသွားခိုင်းတော့ မတတ်သာတဲ့ အဆုံး သဘောတူလိုက်တယ်။ ဒါပေမဲ့ ကတိတစ်ခုတောင်းတယ်။ ဘာကတိလဲဆိုတော့ သူမပြန်လာမှီအထိ အစားအသောက်တွေကို မစားပဲ စောင့်ရမယ်... သူပြန်လာမှ စ စားရမယ်ဆိုတဲ့ ကတိ။ အားလုံးလည်း ကျေကျေနပ်နပ်နဲ့ ကတိပေးလိုက်တယ်။
ဒီလိုနဲ့ လိပ်သားလေးထွက်သွားတာ ၂နှစ်ကျော် ၃နှစ်ကြာတဲ့ အထိ ပြန်မလာသေးဘူး။ လိပ်မိသားစုလည်း ဗိုက်တွေ တဂွီဂွီနဲ့ စောင့်နေတာပေါ့။ နောက်ဆုံး ၄နှစ်ပြည့်တဲ့နေ့မှာ လိပ်မိသားစုဝင်ထဲက တစ်ကောင်က ဗိုက်ဆာတဲ့ဒဏ်ကို မခံနိုင်တော့တာနဲ့ အသားညှပ် ပေါင်မုန့်ကို လှမ်းဆွဲလိုက်တယ်။ အဲ့အချိန်မှာ လိပ်သားလေးက သစ်ပင်နောက်ကနေ ရုတ်တရက်ထွက်လာတယ်။ "ဟင့်ဟင့်...အဖေတို့ မကောင်းဘူး။ တွေ့လား..သားပြောသားပဲ။ သားကို စောင့်ကြမှာ မဟုတ်ဘူးလို့။ တော်ပြီ တော်ပြီ။ ဆားဗူးလဲ သွားပြန်မယူတော့ဘူး။" တဲ့။ သေရော... ဒင်းလေးက သူ့ကို မစောင့်မှာစိုးရိမ်ပြီး ၄နှစ်လုံးလုံး သစ်ပင်နောက်က ချောင်းနေတာကိုး။ ဆားဗူးကတော့ ဘယ်ဆီနေမှန်းမသိ။ ပုံပြင်လေးကတော့ ဒီမှာပဲ ဆုံးသွားတယ်။

ဒီပုံပြင်လေးမှာ ပေးချင်တဲ့ အသိတစ်ခု ရှိတယ်။ အဲ့ဒါဘာလဲဆိုတော့
"လူတစ်ချို့ က တခြားလူကို ကိုယ်မျှော်လင့်ထားတာ လုပ်ပေးဖို့ စောင့်ဆိုင်းနေရင်းနဲ့ ကိုယ်ပိုင်အချိန်တွေကို ဖြုန်းပစ်တတ်ကြတယ်။ သူများတွေ ဘာလုပ်လဲဆိုတာ အလေးထားစဉ်းစားရင်းနဲ့ပဲ ကိုယ့်အတွက် ဘာမှမလုပ်ဖြစ်ကြဘူး"တဲ့။

ဤတွင် ပြီးလေသတည်း။

Saturday, March 7, 2009

တစ်ခါတုန်းက

လွန်ခဲတဲ့ ၁နှစ်ခွဲလောက်တုန်းက ကျွန်မ part-time အလုပ်တစ်ခု ၀င်လုပ်ဖြစ်တယ်။ကုန်တိုက်တစ်ခုရဲ့ cashier ပေါ့။အရင်တုန်းကလည်း အဲ့ဒီကုန်တိုက်မှာ လုပ်ဖူးပါတယ်။ အဲ့တုန်းက ယောကျာ်းလေးအ၀တ်အထည်ရောင်းတဲ့ departmentမှာ။ အခုတစ်ခေါက်ကျတော့ Food departmentမှာ။ ချောကလက်တွေ တခြားသရေစာတွေရောင်းတယ်။ အဲ့ဒီဌာနကို ရောက်သွားတာ ကျွန်မကံဆိုးတာပါပဲ။ လုပ်ဖော်ကိုင်ဖက်တွေက အကုန်အသက် ၅၀ကျော် အဖွားကြီးတွေ။ အသစ်ရောက်လာတဲ့ ကျွန်မကို သူတို့က မသိတာ မတတ်တာတွေ သင်ပေးပါတယ်။ ဒါပေမဲ့ ကောင်းကောင်းမွန်မွန်တော့ မဟုတ်ဘူး။ လုပ်တာ နည်းနည်းမှားတာနဲ့ အော်ခံထိဖို့သာ ပြင်ထားပေတော့။ စိတ်သိပ်မရှည်ကြဘူး။ပြီးရင် မဲ့ရွဲ့ပြီး အချင်းချင်း အတင်းတုပ်ပါသေးတယ်။ ကျွန်မနားမလည်တဲ့ တရုတ်စကားနဲ့တုပ်ကြတာပါ။ ကျွန်မက တရုတ်(စာစကား)ဆိုရင် အနည်းအကျဉ်းနားလည်ပေမဲ့ ဖုကျန့်စကား(အိမ်သုံးစကား)ဆို သိပ်နားမလည်ပါဘူး။ ဒါပေမဲ့ မြန်တျန့် မြန်တျန့်နဲ့ ကျွန်မကို လှည့်လှည့်ကြည့်ပြီး ပြောနေတော့ အတင်းတုပ်မှန်းတော့ သိတာပေါ့။ ပထမနေ့ဆိုတော့ နည်းနည်းအဆူအဟောက်ခံပြီး ပြီးသွားတယ်။ ဘာမှ တာဝန်ကြီးကြီးမားမား မလုပ်ရဘူး။
ဒီလိုနဲ့ ဒုတိယနေ့ရောက်တော့ ကျွန်မတို့အရွယ် မလေးတရုတ် cashier တစ်ယောက်ရောက်လာတယ်။ သူက Full-timeလုပ်တာတဲ့။ ပထမနေ့က သူ့အားလပ်ရက်မို့လို့ ကျွန်မ မတွေ့တာ။ သူကတော့ အဖွားကြီးတွေအထာသိတယ်ထင်တယ်။ အိုကေမှာစိုပြေလို့။ သဘောတော့ တော်တော်ကောင်းပါတယ်။ ကျွန်မ counter မှာ queue သိပ်ရှည်နေပြီဆိုလျှင် supervisor က လာလာအော်တတ်ပါတယ်။ ကျွန်မက လုပ်တာနှေးတော့ ပိုဆိုးပါတယ်။ နောက်ပိုင်း queue ရှည်ရင် အဲ့မလေးတရုတ်က လာကူပါတယ်။ သူက လုပ်တာမြန်တော့ ခဏလေးနဲ့ queueက ပြီးသွားရော။ အဲ့တော့ နောက်ပိုင်း သိပ်အဆူအငေါက် မခံရတော့ဘူး။ ကဲ အတိုချုပ်ပြောရရင်တော့ အဲ့တစ်ယောက်က ခင်ဖို့ကောင်းတဲ့ ကူညီတတ်တဲ့ လူတစ်ယောက်ဆိုပါတော့။
ဒီလိုနဲ့ ကျွန်မနောက်ဆုံးအလုပ်လုပ်တဲ့နေ့ ရောက်လာတယ်။ အဲ့ဒီနေ့က ကျွန်မက afternoon shift။ ထိုတစ်ယောက်က morning shift။ ကောင်တာက တူတူပဲ။ ကျွန်မအဲ့ဒီနေ့က ဘတ်စ်လွတ်သွားလို့ အလုပ်ကို ၁၀မိနစ်နောက်ကျတယ်။ ၁:၁၀ မှ ရောက်တယ်။ အန်တီ စူပါဗိုက်ဆာကြီးရဲ့ သံစုံတီးဝိုင်းလည်း နားထောင်လိုက်ရတာပေါ့။ :D ကျွန်မရောက်တော့ သူနဲ့ duty ချိန်းတယ်။ ပြီးတော့ အဲ့နေ့က သူအရေးကြီးကိစ္စရှိလို့ဆိုပြီး စောစောပြန်သွားတယ်။
ည၇နာရီကျော်လောက်မှာ အသက်၅၀ကျော်အရွယ် သားသားနားနားဝတ်ထားတဲ့ လူတစ်ယောက် ကျွန်မကောင်တာကို ရောက်လာတယ်။ ပြီးတော့ မနက်တုန်းက ဒီကောင်တာထိုင်တဲ့ တစ်ယောက်ဘယ်မှာလဲဆိုပြီး ရှုးရှူးရှဲရှဲမေးတယ်။ ကျွန်မလည်း ပြန်သွားပြီလို့ ပြောလိုက်တယ်။ အဲ့မှာ အဲ့လူကြီးက ဒေါသတွေထွက်ပြီး "Call yr manager and supervisor" တဲ့။ ကျွန်မလည်း ဘာများကူညီပေးရမလဲဆိုပြီး လျှာရှည်ပြီးမေးလိုက်တယ်။ သူက မန်နေဂျာနဲ့စူပါဗိုက်ဆာကိုသာ ခေါ်ပေးပါတဲ့။ သူက အော်ဟစ်ပြီး ပြောနေတော့ ဈေးဝယ်သူတွေကော ဘေးနားဆိုင်က လူတွေကော ၀ိုင်းကြည့်နေတော့ ကျွန်မလည်း နည်းနည်းတောင် ထူပူသွားသေးတယ်။ ဒါနဲ့ မန်နေဂျာကို ခေါ်ပေးလိုက်တယ်။ အဲ့ကျမှ ပြဿနာကို သိရတယ်။ သူ credit card ကျန်ခဲ့တာကို ဟိုမလေးတရုတ်က တိတ်တိတ်လေး ယူထားလို့တဲ့။ ဒါတင်မကသေးဘူး အဲ့ဒီ card နဲ့ ငွေ ၃၀၀၀ကျော် သုံးလိုက်လို့ ဘဏ်က daily limit ကျော်သွားလို့ ဖုန်းဆက်မှ ကတ်ပျောက်မှန်း သိတာတဲ့။ ကောင်းရော။ ကျွန်မတို့ ဌာနက လူတွေအားလုံးအံအားသင့်ကုန်တယ်။ ဒီလောက် ဖောရွေပြီး လူတိုင်းကို ကူညီတတ်တဲ့လူက ဒီလိုလုပ်ပါ့မလားပေါ့။ နောက်ပိုဆိုးတာက အဲ့customerက ထိုင်းသံရုံးက ရာထူးခပ်ကြီးကြီးထဲကတဲ့။ သူက ရဲကို ချက်ချင်းဖုံးဆက်ပြီးတိုင်တယ်။ ရဲတွေက ညတွင်းချင်းပဲ ဟိုတစ်ယောက်အိမ်ကို သွားကြတယ်တဲ့။ ဒါပေမဲ့ မတွေ့ခဲ့ဘူး ပြောတယ်။ အဲ့ဒီ ပြဿနာဖြစ်တဲ့အချိန်က နေ့လည် ၁:၀၄ မှာ ဖြစ်တာ။ ကျွန်မ ၁၀မိနစ်အလုပ်နောက်ကျတာပဲ ကံကောင်းတယ်ပြောရမယ်။ မတော် အမှုတွဲထဲ ပါနေမှဖြင့် ဘာတွေတုန်းတစ်ယောက် ဒန်တန်တန်ဖြစ်သွားမှာ။ အဲ့နေ့က ကျွန်မရဲ့ နောက်ဆုံးအလုပ်လုပ်တဲ့နေ့။ ကျောင်းပြန်မဖွင့်မှီတစ်ရက် ဆိုတော့ နောက်ဆက်တွဲ ဇာတ်လမ်းတွေတော့ ကျွန်မ မသိတော့။ သူတကယ်ပဲ အဲ့ဒီ credit card ကိုယူခဲ့သလား။ ရဲတွေပဲ ဖမ်းမိသွားသလား။
ဒါပေမဲ့ ကျွန်မစိတ်မကောင်းပါ။ ကျွန်မကို သူပြောဖူးပါသည်။ Secondary School ပြီးတော့ မိသားစု စားဝတ်နေရေးကြောင့် သူ ပိုလီတွေ ဘာတွေ ဆက်မတတ်ဖြစ်ပဲ အလုပ်ထွက်လုပ်ရတဲ့အကြောင်း။ ဖြစ်နိုင်ရင် ကျောင်းဆက်တက်ချင်သေးသည့်အကြောင်း။ သို့သော် အခုလို ပြဿနာသူ့မှာဖြစ်သွားသည့်အတွက် သူ့နောက်လာမဲ့နေ့ရက်တွေနဲ့ သူ့မိသားစုရှေ့ရေး ရင်လေးစရာကောင်းသည်ကား အမှန်ပင်။

Wednesday, March 4, 2009

လတ်တလော ကြည့်ဖြစ်တဲ့ ကြည့်ချင်တဲ့ ရုပ်ရှင်များ

ကြည့်ဖြစ်တဲ့ ရုပ်ရှင်ကားများ

The Curious Case of Benjamin Button

တကယ့်ကို ကြည့်သင့်တဲ့ ကားလေးပါ။ တော်တော်များများတော့ ကြည့်ပြီးကြပြီလို့ထင်ပါတယ်။ ရုပ်ရှင်ပိုစတာမှာ ရေးထားတဲ့အတိုင်း "I was born under unusual circumstances" ဆိုတာလေးကို ဖတ်မိတာနဲ့ ဘယ်လိုဇာတ်လမ်းမျိုးလဲဆိုတာ ရိပ်မိကြမှာပါ။ လူသာမန်တွေလို အသက်ငယ်ရာကမကြီးပဲ အသက်ကြီးရာကငယ်သွားရတဲ့ သူ့ဘ၀ကို ဖြတ်သန်းပုံ၊ သူနဲ့သူ့ချစ်သူတို့ရဲ့ လေးစားလောက်တဲ့ ချစ်ခြင်းမေတ္တာတွေက တကယ်ကို စိတ်ဝင်စားဖို့ကောင်းပါတယ်။ အထူးသဖြင့် Benjamin (Brad Pitt)ပြန်ငယ်သွားပြီး သူ့သမီးနဲ့ ရွယ်တူနီးနီးဖြစ်သွားတဲ့အချိန် သူ့မိန်းမနဲ့ သမီးကို ပြန်လာကြည့်တဲ့ အခန်း၊ ဒီထက်ပိုငယ်သွားပြီး ၆နှစ်၇နှစ်အရွယ်မှာ သူ့မိန်းမက သူ့ကိုသားတစ်ယောက်လို ပုံပြောပြပြီးချော့သိပ်တဲ့အခန်း၊ နောက်ဆုံး သူ့မိန်းမက အသက်၆၀ကျော်အဖွားကြီး ဖြစ်နေတဲ့ အချိန် သူက ၁နှစ်သားလောက် ဖြစ်ပြီး သူ့မိန်းမပေါင်ပေါ်မှာ အိပ်နေတဲ့ အခန်းတွေဆို ကျွန်မမျက်ရည်တောင် ၀ဲပါတယ်။ ဇာတ်လမ်းကောင်းကောင်းနဲ့ကြည့်ပြီးရင် ရင်ထဲတစ်ခုခုကျန်ခဲ့မှ ကြိုက်တယ်ဆိုတဲ့ ကိုကို၊မမ၊ဒေါ်ဒေါ်၊ဦးလေးတို့ လက်မလွှတ်သင့်ပါဘူး။ ဒီရုပ်ရှင်က မိတ်ကပ်အကောင်းဆုံးဆုကို ရခဲ့တယ်လို့လဲ ဆိုပါတယ်။ Slumdog Millionaire လောက် မကောင်းဘူးလို့ ပြောကြပေမဲ့ ဟိုကားကို ကျွန်မ မကြည့်ရသေးတဲ့ အတွက် ဒီကားက အတော်ကောင်းတယ်လို့ ပြောပါရစေ။

Boys Before Flowers
ဒါကတော့ လူငယ်ဇာတ်လမ်းလေးတွေ ကြည့်ချင်တယ်၊ ပေါ့ပေါ့ပါးပါးနဲ့ ရိုမန်တစ်ဖြစ်တာလေးကို ကြည့်ချင်ပါတယ်ဆိုတဲ့သူတွေ ကြည့်ဖြစ်အောင် ကြည့်ပါလို့ ညွှန်းပါရစေ။ ဒီကားက မူရင်း Hana yori Dango ဂျပန်ကားကို ကိုရီးယားversion နဲ့ ပြန်ရိုက်ထားတာပါ။ ဒီကား မတိုင်မီက Meteor Garden ဆိုပြီး ထိုင်ဝမ် Version နဲ့ ရိုက်ထားတာလည်း တော်တော်များများ ကြည့်ဖူးပြီးဖြစ်မှာပါ။ ကျိကျိတက်ချမ်းသာတဲ့ သူဌေးသားလေးနဲ့ သာမန်Dry Cleaning ဆိုင်လေးဖွင့်ထားတဲ့ ကောင်မလေးတစ်ယောက်ရဲ့ အချစ်ဇာတ်လမ်းလေးပါ။ ထိုင်ဝမ်Version ကြည့်ပြီးသားဆိုတော့ ဇာတ်လမ်းကို ကြိုသိပေမဲ့လည်း ကြည့်လို့ကောင်းဆဲပါ။ အတော်ကို စွဲတဲ့ဇာတ်လမ်း ဖြစ်ပါတယ်။

ကြည့်ချင်တဲ့ ရုပ်ရှင်ကားများ

My Bloody Valentine
မဂ္ဂဇင်းထဲမှာ ကြော်ငြာတွေ့ထဲက အတော်ကြည့်ချင်တာပါ။လူသတ်ကားတဲ့။ သို့သော်ငြား ရုပ်ရှင်ရုံရောက်တော့ အဲ့ကားကြည့်မလားလို့ သူငယ်ချင်းများကို ဆွယ်တော့ သူတို့က သတ္တိကောင်းကြပါတယ်။ ရုပ်ရှင်ပြီးရင် မိုးမှောင်ပြီ။ အိမ်ပြန်ရင် ကြောက်စရာကြီးတဲ့။ တခြားကားကြည့်ပါတဲ့။ အော်..အဖော်နဲ့ပြန်တဲ့ သူတို့က ဒီလိုပြောမှတော့ တစ်ယောက်ထဲ သင်းချိုင်းနားက ပြန်ရတဲ့ ကျွန်မ ပြောစရာစကားမထွက်လာတော့ ။ :D အဲ့တော့ ပိုစတာကို ငမ်းပြီးပဲ တခြားကားကြည့် ပြန်လာခဲ့ရသည်။ နောက် ရုပ်ရှင် download ပြီးတဲ့လူတွေဆီကပဲ တောင်းကြည့်ရတော့မဲ့ဘ၀။


Coming soon(Thai Horror)
ပိုစတာ ကြည့်တာနဲ့ အသည်းချမ်းစရာကြီးပါ။ ဒါပေမဲ့ သရဲကားကြိုက်တဲ့ ကျွန်မအကြိုက်ပါပဲ။ ဒါရိုက်တာကလည်း နာမည်ကြီး ထိုင်းသရဲကား(Shutter, Alone,4bia)တွေကို ရိုက်တဲ့ ဒါရိုက်တာဆိုတော့ ကောင်းမှာအမှန်ပဲ။ သူငယ်ချင်းတွေက မေးကြပါတယ်။ နင် မိန်းကလေးတန်မဲ့ သရဲကားတွေ လူသတ်ကားတွေ အဲ့လောက်ကြည့်ချင်ရလားတဲ့။ မကြောက်ဘူးလားတဲ့။ အမှန်ပြောရရင်တော့ ကြောက်ပါတယ်.. :D သရဲဆိုလည်း အင်မတန်ကြောက်ပါတယ်။ ဒါပေမဲ့ ကြည့်လည်းကြည့်ချင်ပါတယ်။ အဲ့တော့ ရုပ်ရှင်ရုံရောက်ရင် သရဲပေါ်လာပြီဆို မျက်လုံးမှိတ်ပြီး သရဲကားကြည့်ပါတယ်။ အိမ်မှာ တစ်ယောက်ထဲကြည့်ရင်တော့ speakerကို mute လုပ်ပြီးကြည့်ပါတယ်။ အဲ့လို သတ္တိရှိတဲ့ သတ္တိခဲပါ။ :P ဒီ coming soon ဆိုတဲ့ ကားကိုလည်း အဖော်ကောင်းလျှင် သွားကြည့်ဖြစ်မယ်လို့ မျှော်လင့်ပါတယ်။ နို့မို့ရင်တော့ online ပေါ်ရောက်မှပဲ အသံပိတ်ကြည့်ရတော့မှာပေါ့ကွယ်။