လွန်ခဲတဲ့ ၁နှစ်ခွဲလောက်တုန်းက ကျွန်မ part-time အလုပ်တစ်ခု ၀င်လုပ်ဖြစ်တယ်။ကုန်တိုက်တစ်ခုရဲ့ cashier ပေါ့။အရင်တုန်းကလည်း အဲ့ဒီကုန်တိုက်မှာ လုပ်ဖူးပါတယ်။ အဲ့တုန်းက ယောကျာ်းလေးအ၀တ်အထည်ရောင်းတဲ့ departmentမှာ။ အခုတစ်ခေါက်ကျတော့ Food departmentမှာ။ ချောကလက်တွေ တခြားသရေစာတွေရောင်းတယ်။ အဲ့ဒီဌာနကို ရောက်သွားတာ ကျွန်မကံဆိုးတာပါပဲ။ လုပ်ဖော်ကိုင်ဖက်တွေက အကုန်အသက် ၅၀ကျော် အဖွားကြီးတွေ။ အသစ်ရောက်လာတဲ့ ကျွန်မကို သူတို့က မသိတာ မတတ်တာတွေ သင်ပေးပါတယ်။ ဒါပေမဲ့ ကောင်းကောင်းမွန်မွန်တော့ မဟုတ်ဘူး။ လုပ်တာ နည်းနည်းမှားတာနဲ့ အော်ခံထိဖို့သာ ပြင်ထားပေတော့။ စိတ်သိပ်မရှည်ကြဘူး။ပြီးရင် မဲ့ရွဲ့ပြီး အချင်းချင်း အတင်းတုပ်ပါသေးတယ်။ ကျွန်မနားမလည်တဲ့ တရုတ်စကားနဲ့တုပ်ကြတာပါ။ ကျွန်မက တရုတ်(စာစကား)ဆိုရင် အနည်းအကျဉ်းနားလည်ပေမဲ့ ဖုကျန့်စကား(အိမ်သုံးစကား)ဆို သိပ်နားမလည်ပါဘူး။ ဒါပေမဲ့ မြန်တျန့် မြန်တျန့်နဲ့ ကျွန်မကို လှည့်လှည့်ကြည့်ပြီး ပြောနေတော့ အတင်းတုပ်မှန်းတော့ သိတာပေါ့။ ပထမနေ့ဆိုတော့ နည်းနည်းအဆူအဟောက်ခံပြီး ပြီးသွားတယ်။ ဘာမှ တာဝန်ကြီးကြီးမားမား မလုပ်ရဘူး။
ဒီလိုနဲ့ ဒုတိယနေ့ရောက်တော့ ကျွန်မတို့အရွယ် မလေးတရုတ် cashier တစ်ယောက်ရောက်လာတယ်။ သူက Full-timeလုပ်တာတဲ့။ ပထမနေ့က သူ့အားလပ်ရက်မို့လို့ ကျွန်မ မတွေ့တာ။ သူကတော့ အဖွားကြီးတွေအထာသိတယ်ထင်တယ်။ အိုကေမှာစိုပြေလို့။ သဘောတော့ တော်တော်ကောင်းပါတယ်။ ကျွန်မ counter မှာ queue သိပ်ရှည်နေပြီဆိုလျှင် supervisor က လာလာအော်တတ်ပါတယ်။ ကျွန်မက လုပ်တာနှေးတော့ ပိုဆိုးပါတယ်။ နောက်ပိုင်း queue ရှည်ရင် အဲ့မလေးတရုတ်က လာကူပါတယ်။ သူက လုပ်တာမြန်တော့ ခဏလေးနဲ့ queueက ပြီးသွားရော။ အဲ့တော့ နောက်ပိုင်း သိပ်အဆူအငေါက် မခံရတော့ဘူး။ ကဲ အတိုချုပ်ပြောရရင်တော့ အဲ့တစ်ယောက်က ခင်ဖို့ကောင်းတဲ့ ကူညီတတ်တဲ့ လူတစ်ယောက်ဆိုပါတော့။
ဒီလိုနဲ့ ကျွန်မနောက်ဆုံးအလုပ်လုပ်တဲ့နေ့ ရောက်လာတယ်။ အဲ့ဒီနေ့က ကျွန်မက afternoon shift။ ထိုတစ်ယောက်က morning shift။ ကောင်တာက တူတူပဲ။ ကျွန်မအဲ့ဒီနေ့က ဘတ်စ်လွတ်သွားလို့ အလုပ်ကို ၁၀မိနစ်နောက်ကျတယ်။ ၁:၁၀ မှ ရောက်တယ်။ အန်တီ စူပါဗိုက်ဆာကြီးရဲ့ သံစုံတီးဝိုင်းလည်း နားထောင်လိုက်ရတာပေါ့။ :D ကျွန်မရောက်တော့ သူနဲ့ duty ချိန်းတယ်။ ပြီးတော့ အဲ့နေ့က သူအရေးကြီးကိစ္စရှိလို့ဆိုပြီး စောစောပြန်သွားတယ်။
ည၇နာရီကျော်လောက်မှာ အသက်၅၀ကျော်အရွယ် သားသားနားနားဝတ်ထားတဲ့ လူတစ်ယောက် ကျွန်မကောင်တာကို ရောက်လာတယ်။ ပြီးတော့ မနက်တုန်းက ဒီကောင်တာထိုင်တဲ့ တစ်ယောက်ဘယ်မှာလဲဆိုပြီး ရှုးရှူးရှဲရှဲမေးတယ်။ ကျွန်မလည်း ပြန်သွားပြီလို့ ပြောလိုက်တယ်။ အဲ့မှာ အဲ့လူကြီးက ဒေါသတွေထွက်ပြီး "Call yr manager and supervisor" တဲ့။ ကျွန်မလည်း ဘာများကူညီပေးရမလဲဆိုပြီး လျှာရှည်ပြီးမေးလိုက်တယ်။ သူက မန်နေဂျာနဲ့စူပါဗိုက်ဆာကိုသာ ခေါ်ပေးပါတဲ့။ သူက အော်ဟစ်ပြီး ပြောနေတော့ ဈေးဝယ်သူတွေကော ဘေးနားဆိုင်က လူတွေကော ၀ိုင်းကြည့်နေတော့ ကျွန်မလည်း နည်းနည်းတောင် ထူပူသွားသေးတယ်။ ဒါနဲ့ မန်နေဂျာကို ခေါ်ပေးလိုက်တယ်။ အဲ့ကျမှ ပြဿနာကို သိရတယ်။ သူ credit card ကျန်ခဲ့တာကို ဟိုမလေးတရုတ်က တိတ်တိတ်လေး ယူထားလို့တဲ့။ ဒါတင်မကသေးဘူး အဲ့ဒီ card နဲ့ ငွေ ၃၀၀၀ကျော် သုံးလိုက်လို့ ဘဏ်က daily limit ကျော်သွားလို့ ဖုန်းဆက်မှ ကတ်ပျောက်မှန်း သိတာတဲ့။ ကောင်းရော။ ကျွန်မတို့ ဌာနက လူတွေအားလုံးအံအားသင့်ကုန်တယ်။ ဒီလောက် ဖောရွေပြီး လူတိုင်းကို ကူညီတတ်တဲ့လူက ဒီလိုလုပ်ပါ့မလားပေါ့။ နောက်ပိုဆိုးတာက အဲ့customerက ထိုင်းသံရုံးက ရာထူးခပ်ကြီးကြီးထဲကတဲ့။ သူက ရဲကို ချက်ချင်းဖုံးဆက်ပြီးတိုင်တယ်။ ရဲတွေက ညတွင်းချင်းပဲ ဟိုတစ်ယောက်အိမ်ကို သွားကြတယ်တဲ့။ ဒါပေမဲ့ မတွေ့ခဲ့ဘူး ပြောတယ်။ အဲ့ဒီ ပြဿနာဖြစ်တဲ့အချိန်က နေ့လည် ၁:၀၄ မှာ ဖြစ်တာ။ ကျွန်မ ၁၀မိနစ်အလုပ်နောက်ကျတာပဲ ကံကောင်းတယ်ပြောရမယ်။ မတော် အမှုတွဲထဲ ပါနေမှဖြင့် ဘာတွေတုန်းတစ်ယောက် ဒန်တန်တန်ဖြစ်သွားမှာ။ အဲ့နေ့က ကျွန်မရဲ့ နောက်ဆုံးအလုပ်လုပ်တဲ့နေ့။ ကျောင်းပြန်မဖွင့်မှီတစ်ရက် ဆိုတော့ နောက်ဆက်တွဲ ဇာတ်လမ်းတွေတော့ ကျွန်မ မသိတော့။ သူတကယ်ပဲ အဲ့ဒီ credit card ကိုယူခဲ့သလား။ ရဲတွေပဲ ဖမ်းမိသွားသလား။
ဒါပေမဲ့ ကျွန်မစိတ်မကောင်းပါ။ ကျွန်မကို သူပြောဖူးပါသည်။ Secondary School ပြီးတော့ မိသားစု စားဝတ်နေရေးကြောင့် သူ ပိုလီတွေ ဘာတွေ ဆက်မတတ်ဖြစ်ပဲ အလုပ်ထွက်လုပ်ရတဲ့အကြောင်း။ ဖြစ်နိုင်ရင် ကျောင်းဆက်တက်ချင်သေးသည့်အကြောင်း။ သို့သော် အခုလို ပြဿနာသူ့မှာဖြစ်သွားသည့်အတွက် သူ့နောက်လာမဲ့နေ့ရက်တွေနဲ့ သူ့မိသားစုရှေ့ရေး ရင်လေးစရာကောင်းသည်ကား အမှန်ပင်။

7 comments:
အဖွားကြီးတွေနဲ့ အလုပ်လုပ်တုန်းက အထာမနပ်ဘဲ အန်တီသွားခေါ်မိလို့ ခဏခဏ စိတ်ဆိုးတာခံရတယ်။ :D ဒီမှာက သူတို့ကို အန်တီခေါ်ရင် အဖွားကြီးခေါ်တာနဲ့ အတူတူပဲကိုး။ နောက်မှ ဓာတ်ပေါက်ပြီး နာမည် ပြောင်းခေါ်ရတယ်။
ဟုတ်ပါ့ရှင့်။ နာမည်ခေါ်မှ ကြိုက်တယ်၊ မြှောက်ပြီးဆက်ဆံရင် သိပ်သဘောခွေ့တယ်ဆိုတာ နောက်မှ သိတယ်။ အလုပ်ဝင်ပြီး တစ်ပတ်ကျော်မှ။=D
ရိုးသားခြင်းရဲ့ ဂုဏ် ဟာ တစ်သက်စာပါပဲတဲ့။ Post လေးက Remind လုပ်ပါတယ်။ကျေးဇူးပါ။ဆက်လက်အောင်မြင်ပါစေ။
လင်းကြယ်ဖြူ
www.lkphyu.blogspot.com
ပျော်စရာ experience မဟုတ်ပေမယ့်၊ သင်ခန်းစာတွေအများကြီးရတဲ့ part-time အလုပ်ပါလား...
Part-time များများသွားလုပ်ပါလား။ အဲလို post လေးတွေဖတ်ချင်သေးလို့...း)
to လင်းကြယ်ဖြူ။ ရိုးသားခြင်ဂုဏ်ကို ငွေ ၃၀၀၀ကျော်နဲ့ လဲလိုက်ရတာတော့ စိတ်မကောင်းစရာပါပဲရှင်။
သို့ soaring phantom.. ဟဟား full time သွားလုပ်ပြီး ဘလော့အတွက် ကုန်ကြမ်းရှာခဲ့မယ်။ part timeနဲ့ မတူတဲ့ experience တွေပေါ့
အိုး .. ဖြစ်ရတယ်နော် .. တော်သေးတာပေါ့ ဘာတွေတုန်း ဒန်တန့်တန်မသွားတာနော် .. :D (ချိတ်အချိုးနဲ့ ခင်လို့စတာ .. ဟီး)
ချိတ်ချိုးမှာပဲ..ဟွန့်..ရ၀ူး..MEGA MaC နဲ့ ပြန်ချော့.. :p
Post a Comment