Monday, March 9, 2009

ခက်ပါပေ့ အမောင်လိပ်ပေါက်စ


ကျွန်မငယ်ငယ်က ကြားဖူးတဲ့ ပုံပြင်လေးပါ။ ဟိုတစ်နေ့က မြန်မာကားတစ်ကားထဲမှာ တွေ့မှ ပြန်သတိရတယ်။ အဲ့ဒါနဲ့ blog ပေါ်တင်ချင်စိတ်ပေါက်လာတာနဲ့ ရေးဖြစ်တာ။
ကဲ ကလေးတို့ ပုံပြင်နားထောင်ကြမယ်မလား။ :D
ပုံပြင်လေးကတော့ ဒီလိုပေါ့။
ဟိုးးးးးးးးရှေးရှေးတုန်းက လိပ်မိသားစုတစ်စု ရှိသတဲ့။ တစ်နေ့ကျတော့ သူတို့က ပျော်ပွဲစားမထွက်ရတာ ကြာပြီမို့ ထွက်ကြရအောင်ဆိုပြီး တိုင်ပင်ကြသတဲ့။ အဲ့လိုနဲ့ ပျော်ပွဲစားအတွက် လိုအပ်တဲ့ပစ္စည်းစာရင်းတွေချရေး စုဆောင်းပြင်ဆင်ကြတယ်ပေါ့ကွယ်။ အဲ့လိုနဲ့ ပြင်ဆင်လိုက်တာ ၇နှစ်တောင် ကြာသွားသတဲ့။ နင့်ဟာကြီးကလဲ လွန်ပါတယ်အေလို့တော့ မထင်နဲ့လေ။ လိပ်မိသားစုပါဆိုမှ နှေးတုံ့နှေးတုံ့နဲ့ပေါ့။ ဒါနဲ့ ၇နှစ်ကြာပြီးတော့ အိမ်ကလိုတဲ့ ပစ္စည်းတွေယူပြီး ထွက်လာခဲ့ကြတယ်။ ပျော်ပွဲစားထွက်လို့ အဆင်ပြေမဲ့နေရာကို လိုက်ရှာလိုက်တာ နောက်ထပ် ၆လ ထပ်ကြာသွားပါသတဲ့။ ဒီလိုနဲ့ နေရာကောင်းကောင်းရှာတွေ့တော့ ပျော်ပွဲစားစဖို့အတွက် နေရာခင်းကျင်းပြင်ဆင်တာ နောက်ထပ် ၂နှစ် ကြာပြန်ရော။ ကဲ ၂နှစ်လဲ ကြာပြီးရော အားလုံးအဆင်သင့်ဖြစ်ပြီ။ အဲ့အချိန်ကျမှ လိပ်မေမေကြီးက အထိတ်တလန့်ထအော်ရော။ ဟာ.. ဆား အချိုမှုန့် နဲ့ ဟင်းခတ်အမွှေးအကြိုင်တွေ ထည့်တဲ့ဘူး အိမ်မှာကျန်ခဲ့သတဲ့။ အဲ့ဒါတွေ မပါဘဲနဲ့ ချက်တဲ့ဟင်းတွေက ဘယ်လိုမှ စားကောင်းမှာမဟုတ်တဲ့အတွက် တစ်ကောင်ကောင်ကို ပြန်သွားယူခိုင်းသတဲ့။ ဒါပေမဲ့ ဘယ်သူမှ ဒီခရီးဝေးကို ပြန်မသွားချင်တော့ဘူးဆိုတော့ အဲ့ဒီတာဝန်ကို တစ်ယောက်ကိုတစ်ယောက်လွှဲချနေရော။ နောက်ဆုံးမတော့ လိပ်သားအငယ်ဆုံးလေးကို မင်းက လူကောင်သေးတော့ သွားတာလာတာမြန်တယ်.. မင်းပဲသွားပြန်ယူချေ ဆိုပြီး ခိုင်းကြတယ်။ လိပ်သားငယ်လေးလဲ မသွားချင်ဘူး။ ဒါပေမဲ့ အားလုံးက သူ့ကို အတင်းသွားခိုင်းတော့ မတတ်သာတဲ့ အဆုံး သဘောတူလိုက်တယ်။ ဒါပေမဲ့ ကတိတစ်ခုတောင်းတယ်။ ဘာကတိလဲဆိုတော့ သူမပြန်လာမှီအထိ အစားအသောက်တွေကို မစားပဲ စောင့်ရမယ်... သူပြန်လာမှ စ စားရမယ်ဆိုတဲ့ ကတိ။ အားလုံးလည်း ကျေကျေနပ်နပ်နဲ့ ကတိပေးလိုက်တယ်။
ဒီလိုနဲ့ လိပ်သားလေးထွက်သွားတာ ၂နှစ်ကျော် ၃နှစ်ကြာတဲ့ အထိ ပြန်မလာသေးဘူး။ လိပ်မိသားစုလည်း ဗိုက်တွေ တဂွီဂွီနဲ့ စောင့်နေတာပေါ့။ နောက်ဆုံး ၄နှစ်ပြည့်တဲ့နေ့မှာ လိပ်မိသားစုဝင်ထဲက တစ်ကောင်က ဗိုက်ဆာတဲ့ဒဏ်ကို မခံနိုင်တော့တာနဲ့ အသားညှပ် ပေါင်မုန့်ကို လှမ်းဆွဲလိုက်တယ်။ အဲ့အချိန်မှာ လိပ်သားလေးက သစ်ပင်နောက်ကနေ ရုတ်တရက်ထွက်လာတယ်။ "ဟင့်ဟင့်...အဖေတို့ မကောင်းဘူး။ တွေ့လား..သားပြောသားပဲ။ သားကို စောင့်ကြမှာ မဟုတ်ဘူးလို့။ တော်ပြီ တော်ပြီ။ ဆားဗူးလဲ သွားပြန်မယူတော့ဘူး။" တဲ့။ သေရော... ဒင်းလေးက သူ့ကို မစောင့်မှာစိုးရိမ်ပြီး ၄နှစ်လုံးလုံး သစ်ပင်နောက်က ချောင်းနေတာကိုး။ ဆားဗူးကတော့ ဘယ်ဆီနေမှန်းမသိ။ ပုံပြင်လေးကတော့ ဒီမှာပဲ ဆုံးသွားတယ်။

ဒီပုံပြင်လေးမှာ ပေးချင်တဲ့ အသိတစ်ခု ရှိတယ်။ အဲ့ဒါဘာလဲဆိုတော့
"လူတစ်ချို့ က တခြားလူကို ကိုယ်မျှော်လင့်ထားတာ လုပ်ပေးဖို့ စောင့်ဆိုင်းနေရင်းနဲ့ ကိုယ်ပိုင်အချိန်တွေကို ဖြုန်းပစ်တတ်ကြတယ်။ သူများတွေ ဘာလုပ်လဲဆိုတာ အလေးထားစဉ်းစားရင်းနဲ့ပဲ ကိုယ့်အတွက် ဘာမှမလုပ်ဖြစ်ကြဘူး"တဲ့။

ဤတွင် ပြီးလေသတည်း။

5 comments:

အရုပ်ကလေး said...

နှိုင်းတစ်ပြစာ လက်တစ်ကမ်းအလိုမှာ
ဆန်းပြစွာ အတွေးဖြစ်ထွန်းစေတဲ့
ပို့စ်ကောင်း တစ်ပုဒ်ပါ ..။

khin oo may said...

စဥ်းစားစရာတွေဘဲ

Phyo Maw said...

စဉ်းစားလိုက်ကြစမ်းဘာ....

အဟမ်း! ပညာပေးတွေ ဘာတွေစနေပြီပေါ့။ တို့များကတော့ ဗိုက်ဆာလို့ အရင်ဆုံးစားတဲ့ လိပ်ပဲလုပ်မှာ။

ဘာတွေတုန်း said...

သို့ အရုပ်ကလေး=>အတွေးတွေ ဖြစ်ထွန်းတယ်ဆိုလို့ ၀မ်းမြောက်မိပါ၏ ။
သို့ မမkom=> ဘဲတွေကိုတော့ မစဉ်းစားပါနဲ့မမရယ်.. လိပ်လောက်ဆိုတော်ပါပြီ။
သို့ phyomaw=> အရင်ဆုံးစားတဲ့လိပ်က အရုပ်ဆိုးဆိုး လိပ်အိုကြီးတဲ့။ ကဲလုပ်ချင်သေးလား ကိုဖြိုးမော်ရေ။:P

Battosai said...

မှန်တယ်ဗျ တွေဝေနေတာများတယ် ကျွန်တော်က :D လိပ်လိုပဲ