Saturday, February 28, 2009

လူကဲခတ်နည်း :)

ငယ်ငယ်တုန်းက လူကြီးတွေပြောတာ ကြားဖူးတယ်။ ခြေညှိုးက ခြေမထက်ရှည်ရင် မိန်းကလေးဆိုရင် ယောက်ျားကို နိုင်တယ်တဲ့။ ယောက်ျားလေးဆိုရင် မိန်းမကို ကြောက်ရမယ်တဲ့။ ပြီးတော့ ရှိသေးတယ်.. လက်ချောင်းသွယ်ရင် အနုပညာအလုပ် လုပ်ရတတ်တယ်တဲ့။ လက်ညှိုးကို သေချာထောင်ကြည့်လို့ ကော့နေမယ်ဆိုရင် သူတပါးကို သြဇာညောင်းတယ်တဲ့။ ဆံပင်ကောက်ကောက် လင်၆ယောက်တဲ့.. ဆံပင်ကောက်တဲ့ လူတွေဆို ယောက်ျားများတယ်တဲ့။ ဟီး..နောက်တာနော်။အဲ့ဒါမပါဘူး။ ကဲ အတည်ဆက်ရေးမယ်။ :D နောက်တစ်ခုက လက်၅ချောင်းစိကြည့်လို့ လက်ချောင်းလေးတွေ ကြားထဲမှာ ဟနေမယ်ဆိုရင် ငွေအသုံးအဖြုံးကြီးတယ်တဲ့။ ကျွန်မကြားဖူးတာလေးတွေပါ။ မှန်မမှန်တော့ မသိဘူး။ :D

လူကြီးတွေ ပြောတဲ့စကားအရဆိုရင် အဲ့လို ခြေလက်အင်္ဂါ နဲ့ ရုပ်ဆင်းအင်္ဂါကို ကြည့်ပြီးအကဲခတ်ရင် လုံးဝမှန်ကန်တယ်လို့ မဆိုနိုင်ပေမဲ့ များသောအားဖြင့် မှန်တတ်တယ်ဆိုပဲ။ ကျွန်မကတော့ ယုံတယ်လည်းမဟုတ် မယုံဘူးလည်းမဟုတ်။ ကိုယ့်ကို ကောင်းတာပြောတယ်ဆိုရင်တော့ ယုံလိုက်တယ်။ မကောင်းတာဆိုရင်တော့ နင့်ဟာကြီးက မဖြစ်နိုင်ပါဘူးဟာ ဘာညာဆိုပြီး ငြင်းလွှတ်ပစ်တာ။ ဟဲဟဲ။

ဟိုနေ့က မင်းလူရဲ့ အချစ်သည် သက်တော်ရာကျော်ရှည်ပါစေသတည်း ဆိုတဲ့ စာအုပ်လေးမှာ အဲ့အကြောင်းနည်းနည်းဖတ်လိုက်ရတယ်။ ဖတ်ကြည့်ပြီး မှန်မမှန် စမ်းသပ်ကြည့်ကြပေါ့ကွယ်။

လက်အနေအထား
လက်မတိုလွန်းလျှင် ရက်စက်တတ်သည်။
လက်ချောင်းရှည်လျားလွန်းရင် စိတ်ကူးယဉ်တတ်သည်။
လက်ညှိုးက လက်သူကြွယ်ထက် ရှည်လျှင် သူတစ်ပါးအပေါ် သြဇာညောင်းသည်။
လက်သူကြွယ်က လက်ညှိုးထက် ရှည်လျှင် စိတ်ထားနူးညံ့ပြီး အနုပညာကို မြတ်နိုးသောစိတ်ရှိတတ်သည်။
လက်သည်းများ၏ အလျား(လက်သည်းညှပ်ထားပြီးသော အချိန်) တိုလွန်းလျှင် တစ်ကိုယ်ကောင်းဆန်တတ်သည်။ ရှည်လျှင် အများအကျိုးကို ကြည့်တတ်သည်။

ခြေထောက်အနေအထာ
ဖနောင့်တိုရင် သူယုတ်မာလက္ခဏာတွင် ပါဝင်၏တဲ့...အနော် ပြောတာဟုတ်ဘူးနော်။ စာအုပ်ထဲမှာပါတာ ပြောတာ။
ဖနောင့်ချွန်လျှင် မြင့်မြတ်သည်။ (အင်း...ဖနောင့်တုံးနေရင် ချွန်အောင် သွေးရမဲ့ ပုံပဲ)
ခြေမနှင့် ကပ်ရက်ရှိသော ခြေချောင်းသည် ခြေမထက်ရှည်လျှင် သူတစ်ပါးအပေါ် အနိုင်ရလိုသောစိတ်ရှိသည်။
ထိုခြေချောင်းသည် အလွန်အမင်းရှည်ပြီး ခြေမကတိုနေလျှင်(ခြေထောက် မြှားဦးပုံ) တစ်ဖက်သတ် အနိုင်ထက်စီးနင်း လုပ်လိုသော စိတ်ရှိသည်။
ခြေမက တအားရှည်ပြီး ခြေညှိုးက တိုလွန်းရင်တော့ နုံအပြီး စဉ်းစားဥာဏ်နည်းသတဲ့။
ခြေမနဲ့ ခြေညှိုး အလျားတူညီပြီး ကျန်တဲ့ ခြေချောင်းတွေက အလိုက်သင့် အဆင်တပြေဖြစ်နေလျှင် မျှတတဲ့ စိတ်ထားရှိတယ်တဲ့။

မျက်နှာ
မျက်နှာရှည်လျှင် စိတ်ထားအပြောင်းအလွဲ ရှိတတ်ပြီး မျက်နှာဝိုင်းလျှင် စိတ်ထားတသမတ်တည်း ထားတတ်သည်။ နှုတ်ခမ်းပါးလျှင် ပြတ်သားသောစိတ်ရှိပြီး နှုတ်ခမ်းထူလျှင် အကောင်းနှင့်အဆိုး တစ်ဖက်သို့ လွန်ကဲမှုမရှိဘဲ ဒွန်တွဲနေတတ်သည်။ နှုတ်ခမ်းပြည့်တင်းလျှင် သစ္စာရှိခြင်းသဘောကို ဆောင်သည်။

မျက်လုံး
မျက်လုံးတစ်လုံးနှင့် တစ်လုံးကွာဝေးလွန်းလျှင် စိတ်ထားမမှန်ကန်။
မျက်လုံးအရောင်မှိန်လွန်းလျှင် စိတ်ဓာတ်ကြံ့ခိုင်မှုမရှိ။
အရောင်လက်လွန်းပြီး မျက်စိ ကစားလွန်းလျှင် စိတ်တည်ငြိမ်မှုမရှိ။အပြောင်းအလဲများတတ်သည်။
မျက်စိမှေးပြီးတစ်စုံတစ်ရာကို စူးစိုက်ကြည့်တတ်လျှင် ဆင်ကြံကြံတတ်သည်။
မျက်လုံးပြူးပြီးနီရဲနေလျှင် ဒေါသကြီးတတ်သည်။
မျက်လုံးကြည်လင်ပြီး အရွယ်အစားမှန်ကန်လျှင် စိတ်ကောင်းရှိတတ်သည်။

ကဲ..ဖတ်ဖူးမှတ်ဖူးသမျှတော့ ကုန်ပြီ။ နောက်ထပ် ကြားဖူးတာတွေ ရှိသေးတယ်ဆိုရင် ကွန်မန့်ခဲ့ပေါ့နော်။

Blogger ZT said...

လက်မရဲ့ ပထမအဆစ်က ပါးနေရင် အလုပ်ကို လက်စမသတ်တတ်ဘူးတဲ့။ လက်မရဲ့ အဆစ်က မာနေရင် စိတ်မာတယ်။ ပျော့ရင်တော့ စိတ်ပျော့တယ်တဲ့။ လက်မတိုတဲ့ သူတွေက စိတ်ကို မထိန်းနိုင်ဘူး။ လက်မရှည်တဲ့ သူတွေက စိတ်ရှည်တယ်တဲ့။ လက်သူကြွယ်က လက်ညှိုးထက်ရှည်ရင် လောင်းကစားသမားစိတ် ရှိတယ်တဲ့။ လက်သန်းက လက်သူကြွယ်ရဲ့ ပထမအဆစ်ထက် ပိုရှည်နေမယ် ဆိုရင် အနုပညာသမား ဖြစ်တတ်တယ်တဲ့။

ခြေညှိုးကခြေမထက် အလွန်အမင်း ပိုပြီး ရှည်နေမယ်ဆိုရင် ငယ်ငယ်ကတည်းက မိဘနဲ့ ခွဲပြီး နေရတတ်တယ်တဲ့။

ဒါမှတ်မိသမျှ အကုန်ပါပဲကွယ်။

Monday, February 23, 2009

ကြောင်တစ်ကောင်နှင့် KFC


ကျွန်မ ကြောင်တွေကို ချစ်ပါတယ်။ ကျွန်မ ရန်ကုန်က အိမ်မှာဆို ကြောင်၃ကောင်တောင်ရှိတယ်။ ကြောင်တွေကို ခွေးထက်စာရင် ပိုချစ်ဖို့ကောင်းတယ် ထင်တာပဲလေ။ ဒါပေမဲ့ မနေ့ကစပြီးတော့ ကြောင်တွေကို တော်တော်အမြင်ကပ်သွားတယ်။ အကြောင်းရင်းကို ပြောရမှာတော့ နည်းနည်းရှက်ဖို့လည်း ကောင်းတယ်။ ရယ်ဖို့လည်းကောင်းတယ်။

အဖြစ်ကတော့ ဒီလိုဗျို့။ မနေ့က ကျောင်းမှာ စာသွားလုပ်တယ်။ တနင်္ဂနွေနေ့ဆိုတော့ ကျောင်းမှာ foodcourt တွေ ဖွင့်ဘူး။ ဒါနဲ့ နေ့လည်စာ စားချိန်ရောက်တော့ clementi သွားစားမယ်ပေါ့။ အဲ့တာကို စာတူတူလုပ်တဲ့ သူငယ်ချင်းက အပြင်မှာသွားစားရင် အချိန်ကုန်တယ် စာလုပ်ချိန်လျော့သွားမယ်။ ကျောင်းမှာပဲ delivery မှာစားရအောင်ဆိုတာနဲ့ KFC မှာစားဖြစ်တယ်။ စာလုပ်တဲ့ နေရာမှာ မုန့်စားလို့ မရတော့ တခြားနေရာမှာ စားဖို့နေရာရှာတယ်။ အစက cafe ရှေ့က စားပွဲမှာသွားစားမယ်ပေါ့။ ဒါပေမဲ့ သူငယ်ချင်းက အဲ့မှာနေရှိန်တယ်ဆိုပြီး ရစ်နေတာနဲ့ နောက်ဆုံး T12 အောက်က စားပွဲမှာ သွားစားဖြစ်တယ်။ အဲ့မှာ ပြဿနာစတော့တာပဲဂျို့။ အဲ့နေရာမှာ ဘယ်ကမှန်းမသိတဲ့ ကြောင်တစ်ကောင် ရောက်နေတယ်။ အမဲရောင်၊ အမြီးက လည်း တိုတိုလေး၊ ပုံစံကိုက အချိုးမပြေဘူး။ ဟိဟီ။ ကျွန်မတို့ အဲ့နေရာရောက်တော့ ကြောင်က ကြက်ကြော်အနံ့ရလို့ ထင်တယ်။ ချက်ချင်း အနားကို ရောက်လာတယ်။ စားပွဲအောက်နားမှာ တညောင်ညောင်နဲ့ အစာမျှော်နေတာပေါ့။ ကျွန်မတို့လည်း သနားသွားတယ်။ အင်း ငါတို့စားပြီးရင် အရိုးလေးတွေ ကျွေးလိုက်ရင် ကောင်းမလားပေါ့။ တော်တော် သဒ္ဓါတယ်နော်။ ဟီး။ ဒီလိုနဲ့ ကြက်သားဘူးကို ဖွင့်ပြီး ၀ါးတီးစဖွင့်တာပေါ့။ အဲ့မှာ ကိုယ်တော်ချောက တညောင်ညောင်နဲ့ အဆက်မပြတ်အော်ပါလေရော။ ဘေးက လူတွေတောင် လှမ်းကြည့်တယ်။ ဒါပေမဲ့ သူအော်တာ ပါးစပ်သွားပိတ်ထားလို့မှ မရပဲ။ အဲ့တော့ ကိုယ့်ဟာကို ဆက်စားနေတာပေါ့။ အဲ့ဒီမှာ ကိုရွှေကြောင်က အော်ရုံအားမရလို့ ထင်တယ်။ သူ့လက်လေးနဲ့ ထိုင်ခုံကို ပုတ်ပြီး ကျွန်မသူငယ်ချင်းဆီက အစာတောင်းတယ်။ သူက မောင်းထုတ်တယ်။ ကိုရွှေကြောင်က ပေကပ်ကပ်နဲ့။ ခုံပေါ်အထိ တက်လာတယ်။ ဟိုတစ်ယောက်က လက်နဲ့ ပုတ်ချတယ်။ ခဏပဲ။ ပြီးရင် ပြန်တက်လာတာပဲ။ ကျွန်မက သူကြက်ကြော် နှစ်တုံးနဲ့ ကြောင်တစ်ကောင်နဲ့ ပတ်ချာလုံးနေတာကို ကြည့်ကောင်းကောင်းနဲ့ ကြည့်နေတာပေါ့။ ကွိ။ တော်တော်အားကိုးရတဲ့ သူငယ်ချင်းပဲနော်။ :P
မကြာပါဘူး။ ကိုရွှေကြောင်က ကျွန်မ အေးအေးချမ်းချမ်းနဲ့ စားနေတာကို ကြည့်မရဘူး ထင်ပါ့။ စားပွဲပေါ် လွှားကနဲတက်ပြီး ကျွန်မဖက် ကူးလာတယ်။ ကျွန်မလည်း ရုတ်တရက်ဆိုတော့ လန့်သွားတယ်။ လန့်သွားပြီးတော့ လက်ထဲက ဘာဂါကို တင်းတင်းဆုပ်ထားတယ်။ လုစားမှာကြောက်လို့။ :D ပြီးတော့ ခြောက်ပြီးမောင်းထုတ်ကြည့်တယ်။ မရဘူးဆရာ။ ထိုင်ခုံကို ပေတေပြီး ထိုင်နေတယ်။ အဲ့ဒါနဲ့ ကျွန်မလည်း သူနဲ့ နည်းနည်းဝေးဝေးသွားပြီး ဘာဂါကို ဆက်စားတယ်။ ကိုရွှေကြောင်က လိုက်လာတယ်ဆရာ။ ညောင်ညောင်နဲ့ အော်တာလည်း နားတောင် ညီးတယ်။ ဘေးနားမှာလည်း စာလုပ်နေတဲ့ တခြားကျောင်းသားတွေက ကြည့်ပြီးရယ်နေကြတယ်။ ကျွန်မလည်း နည်းနည်းတောင် ရှက်လာတယ်။ နေရာပြောင်းဖို့ကြတော့လည်း ၂ယောက်လုံးက လက်တွေလည်း ပေနေတယ်။ စားနေရင်းတန်းလန်းဆိုတော့ ပြောင်းဖို့အဆင်မပြေဘူး။ ကိုရွှေကြောင်ရန်က လွတ်ဖို့ မြန်မြန်စားမှပဲ ရမယ်။ ကြောင်က လည်း ကျွန်မသွားလေရာ လိုက်နေတယ်။ စဉ်းစားကြည့်ပါ။ကျွန်မအဖြစ်ကို။ ဘာဂါလက်ကျန်တစ်ဝက်နဲ့ ဟိုဘက်လမ်းလျှောက် ဒီဘက်လမ်းလျှောက် စားရတဲ့ ဘ၀။ ဟိုစားပွဲမှာ ပြန်ထိုင်စားလို့က မဖြစ်တော့။ ကိုရွှေကြောင်က တစ်ချက်ချက် လှမ်းလှမ်းဟပ်ချင်သေးတယ်။ကျွန်မ သူငယ်ချင်းရဲ့ ကြက်ကြော်နှစ်တုံးကိုတော့ လုံးဝမနှောင့်ယှက်တော့။ ဟိုကိုယ်တော်က ဇိမ်နဲ့ ကြက်ကြော် အပီကိုက်နေတာပေါ့။ ဟင့်။ အစားနှေးတဲ့ ကျွန်မ လုံးဝစိတ်မရှည်တော့။ လက်ထဲမှာ ကျန်တဲ့ ဘာဂါတစ်ပိုင်းကို ပါးစပ်ထဲ အတင်းထိုးထည့်။ ပက်စ်စီနဲ့ မျောချ။ နင်တောင်နင်တယ်။ ဘာဂါမရှိတော့ ကြောင်က အရိုးထည့်ထားတဲ့ ဘူးကို လိုက်ဆွဲသေးတယ်။ ဘယ်ကမ္ဘာထဲက အစာပြတ်နေလည်း မသိပါဘူးဗျာ။ စင်ကာပူမှာ ကြောင်လာဖြစ်ရတာ အတော်ကံဆိုးရှာတယ်။ ရန်ကုန်က ကြောင်တောင် သူ့လောက်ငတ်မှာဟုတ်ဘူး။ နောက်ဆုံးတော့ အရိုးဘူးကို ပြန်ဆွဲလု၊ အမှိုက်ပုံးထဲ ပစ်ထည့် ကိုရွှေကြောင်ကို တာ့တာပြလို့ အသာလစ်ထွက်ခဲ့ပါတယ်။ ဒီတစ်ခါစားရတဲ့ KFC ကတော့ စစ်မြေပြင်မှာ စားရသလိုပါပဲ။ ပြေးရလွှားရနဲ့ သည်းထိတ်ရင်ဖို စားလိုက်ရတယ်။ နောင်များမှာတော့ အစားအသောက်စားမယ်ဆိုရင် T12အောက်ကို ယောင်လို့တောင် သွားဖြစ်တော့မှာမဟုတ်ပါဘူး။ :D

Tuesday, February 17, 2009

တွေးမိတွေးရာ

"လူတစ်ယောက်က game တစ်ခုကို ကစားတဲ့ အခါ အဆင့်တစ်ဆင့်အောင်ပြီး နောက်တစ်ဆင့်တက်ရဖို့ကိုပဲ အာရုံထားတယ်။
အောင်ပြီးတဲ့ အဆင့်တွေကိုတော့ အပျင်းပြေ ကစားရုံလောက်ပဲ သဘောထားတော့တယ်။ "
လူတစ်ယောက် ပြောဖူးတဲ့စကားပါ။

လောကကြီးက တကယ်အဲ့လိုပဲလား။ ရလိုက်တဲ့အရာတွေ ရပြီးသားအရာတွေက တန်ဖိုးလျော့သွားတတ်တယ်လား။ လူတိုင်းက အသစ်မြင် အဟောင်းမေ့ ပဲလား။

Wednesday, January 28, 2009

:)

ဒီရက်ပိုင်း ကျွန်မရဲ့ဘလော့လ်လေးတောင် ပို့စ်အသစ်မတင်ဖြစ်ဘူး။
မရေးဖြစ်လို့တော့မဟုတ်ဘူး။ ရေးချင်တာတွေ ရေးရေးပြီး Draft ထဲပဲရောက်သွားလို့။
Draft ထဲမှာတော့ တော်တော်များနေပြီ။ စာမေးပွဲကြီးပြီးရင်တော့ တော်တော်များများတင်ဖြစ်မယ် ထင်ပါ၏။
အခုတလော စိတ်တွေက ရှုပ်ပြီး တစ်ယောက်တည်း အီမိုတွေဖြစ်၊ စာတွေမရ၊ LabTest တွေ၊ presentation တွေ စာမေးပွဲတွေက တန်းစီ။ လူလည်း ဂေါက်ချင်ချင်ဖြစ်နေပြီ။ =)
အခုအချိန်ဘလော့ရေးရင် အီမိုစာတွေပဲ ထွက်လာမယ်ထင်ပါရဲ့။ ဟိ

Friday, January 23, 2009

သူ


သူဟာ ကျွန်မအတွက် တကယ့်ကို မရှိမဖြစ်ပါဘဲ
သူမရှိရင် ကျွန်မ လုံးဝ မနေတတ်ဘူး။

ကျွန်မ အိပ်ရာနိုးလို့ မျက်လုံးနှစ်လုံးဖွင့်တာနဲ့
ပြေးပြီး သတိရမိတာ သူပါပဲ။

သူဟာ ကျွန်မအတွက် ဆရာကောင်းတစ်ယောက်ဆိုလည်း
မမှားပါဘူး။
သူက ကျွန်မကို ခေတ်နဲ့အညီ
သိသင့်သိထိုက်တဲ့
အသိပညာတွေ၊ သတင်းတွေ၊ နည်းပညာ အသစ်တွေ
အမြဲ သင်ပေးတယ်။

ကျွန်မ ပျင်းနေပြီ ဆိုရင်
ရယ်စရာတွေ ပြောပြတယ်
သီချင်းတွေ ဆိုပြတယ်
ရုပ်ရှင်ဇာတ်လမ်းတွေ ပြောပြတယ်
ဝတ္ထုတွေ ကဗျာတွေ လည်း ဖတ်ပြတယ်။

ကျွန်မ ၀မ်းနည်းနေတဲ့ အချိန်ပဲဖြစ်ဖြစ်
ဝမ်းသာနေတဲ့ အချိန်ပဲ ဖြစ်ဖြစ်
အနားမှာ အမြဲနေပေးတယ်။

ကျွန်မ ရင်ဖွင့်သမျှကိုလည်း နားထောင်ပေးတတ်ပြန်တယ်
ကျွန်မရဲ့ ရင်ဖွင့်စကားတွေကို သူ့ရဲ့ ဦးနှောက်ထဲမြဲနေအောင် မှတ်ထားပေးတယ်
ကျွန်မက မေ့ပြစ်လိုက်ပါတော့လို့ ပြောမှ မေ့ပြစ်တယ်။

ကျွန်မ တစ်ခါတစ်လေ သူငယ်ချင်းတွေနဲ့
အပြင်လျှောက်သွားရင် သူ့ကို ဂရုမစိုက်မိဘူး။
တစ်ခါတစ်လေတော့ သူက စိတ်ကောက်တာပေါ့။
ကျွန်မပြောတာ နားမထောင်တော့ဘူး
ဒါပေမဲ့ ခဏပါဘဲ
နောက်နေ့ဆို အရင်လို ပြန်ဖြစ်သွားရော။

ဘယ်လောက်ချစ်ဖို့ကောင်းလဲနော်..

ကျွန်မနားမှာ နေ့ညမရွေး သူအဖော်လုပ်ပေးတယ်
ကျွန်မအိပ်မှ သူအိပ်တယ်
ကျွန်မထရင် သူလည်းထတယ်။

ဒီလောက် ကျွန်မ အပေါ်ကောင်းတဲ့
သူ့ကို သံယောဇဉ် တအားတွယ်မိတာ
ကျွန်မ မလွန်ပါဘူးနော်။
သူသာမရှိရင် ဒီပျင်းစရာကောင်းတဲ့ စင်ကာပူကြီးမှာ
နေ့ရက်တွေကို ဘယ်လိုများကျော်ဖြတ်ရပါ့။

အော်....သူဆိုတာ ဘယ်သူလဲလို့ သိချင်နေပြီထင်တယ်။
ပေါက်တတ်ကရတွေ လျှောက်မထင်နဲ့နော်.. :D

သူဆိုတာ ကျွန်မရဲ့ laptop လေးကို ပြောတာ..ဟဲဟဲ

Monday, January 12, 2009

ကျွန်မနှင့်ဖိနပ်များ


ကျွန်မတို့ ကျောင်းရဲ့ final year projects exhibition(spinnovex 2009)လည်း အဆင်ပြေပြေနဲ့ ပြီးသွားခဲ့ပါပြီ။ spinnovex မှာ အဆင်မပြေဖြစ်တာဆိုလို့ ကျွန်မအတွက်က attire ပြဿနာပေါ့။ အပေါ်အဖြူ အောက်အနက်၊ coverd shoe အနက်တဲ့။ အဲ့မှာ စတာပဲ။ ကျွန်မမှာ အနက်ရောင် ကာဗာရှူး ကောင်းကောင်းကန်းကန်း တစ်ရံမှ ရှိဘူး။ မွေးနေ့တုန်းက လက်ဆောင်ရထားတဲ့ တစ်ရံတော့ရှိပါရဲ့။ ဆိုဒ်ကနည်းနည်းသေးနေလို့ စီးရင်သေအောင်နာတယ်။ နောက်တစ်ရံရှိသေးတယ်။ အဲ့ဒါက အလုပ်လုပ်တုန်းက ၀တ်တာ။ တော်တော်ဖွတ်ဖွတ်ကြေနေပြီ။ စီးလို့တော့ ကောင်းတယ်။ ဒါပေမဲ့ ဒီဇိုင်းကလဲ ပုံတုံး၊ ဟောင်းကလည်း ဟောင်းနေပြီဆိုတော့...အသစ်လိုချင်တာပေါ့နော့..ဟီး။
ဂလိုနဲ့ ဖိနပ်ရှာပုံတော် ဖွင့်ခဲ့တယ် ဆိုပါတော့ကွယ်။ ကျောင်းက အပြန် jurong point ထဲ တစ်ကိုယ်တော် ၀င်မွှေတာပေါ့။ jurong point ကြီးကလည်း ချဲ့လိုက်တာ အတော့ကို ကြီးလာတယ်။ ဖိနပ်ဆိုင်တွေကလည်း များမှများ။ တစ်ဆိုင်ဝင် တစ်ဆိုင်ထွက်..ဟိုဖိနပ် ကောက်စွပ် ဒီဖိနပ်ကောက်စွပ်နဲ့ပေါ့။ ဖိနပ်တွေကလည်း မမိုက်ပါဘူးဗျာ။ ဒီဇိုင်းကြိုက်တော့ ဆိုဒ်မရှိဘူးတဲ့။ ရှိတဲ့ အသေးဆုံးဆိုဒ်ကလည်း လမ်းလျှောက်လိုက်ရင် ကျွတ်ကျွတ်ထွက်လာတယ်။ ခြေထောက်သေးတာပဲ အပြစ်တင်ရမလို ဖြစ်နေတယ်။ ဟင့်..
ဒီလိုနဲ့ နောက်ဆုံးဆိုင်တစ်ဆိုင်မှာ စိတ်ကြိုက်တစ်ရံတွေ့တယ်။ စီးကြည့်တော့လည်း မဆိုးဘူး။ တစ်ခြားဟာတွေထက်စာရင် စီးလို့ကောင်းသလိုပဲ။ ဈေးကလည်း သိပ်မများတဲ့အပြင် 30%discount တောင်ပေးသေးတယ်။ဆိုင်ဖွင့်ပွဲ အထိမ်းအမှတ်တဲ့။ ဒါနဲ့ မဆိုးဘူး တန်တယ်ဆိုပြီးတော့ ၀ယ်လာတာပေါ့။
အိမ်ရောက်တော့ ဖိနပ်အသစ်လေးဆိုတော့ စမ်းဝတ်ကြည့်ရတာနဲ့ ထုတ်ထုတ်ကြည့်ရတာနဲ့။ဟီဟီး... ဒီလိုနဲ့ အဲ့ဖိနပ်လေးကို spinnovex ၃ရက်မတိုင်မီ အရှေ့တစ်ရက်.. အမှတ်ပေးတဲ့လူတွေ လာတဲ့နေ့မှာ ထုတ်စီးတာပေါ့။ ဖိနပ်အသစ်နဲ့ မြောက်ကြွ မြောက်ကြွနဲ့ အိမ်ကထွက်လာတယ်။ ဒါပေမဲ့ သိပ်တောင် မမြောက်ကြွလိုက်ရပါဘူး။ အိမ်ကနေ ဘတ်စ်ကားဂိတ်ကို လမ်းလျှောက်တာနဲ့တင် ခြေထောက်က အတော်နာနေပြီ။ အော်..ဖိနပ်အသစ်မို့ စစချင်းနာတာဖြစ်ပါလိမ့်မယ်..ပြန်မလဲနေတော့ပါဘူးလေ ဆိုပြီး ကျောင်းဆက်စီးသွားတယ်။ အဲ့နေ့တစ်ရက်လုံး တော်တော်ခံလိုက်ရတယ်။ နာလိုက်တဲ့ ဖိနပ်ဗျာ။ အိမ်ရောက်တော့ ခြေထောက်လည်း ဖိနပ်ပေါက်တဲ့ ဒဏ်ရာဒဏ်ချက်တွေ ဗလဗွ။ လှချင်တဲ့ အကျိုးတွေပေါ့။ :D
နောက်နေ့ကျတော့ အဲ့ဒီဖိနပ်စီးရမှာ တော်တော်ကြောက်သွားတယ်။ သူ့ဟာသူ လှလှမလှလှ စီးတော့ဘူးဆိုပြီး ဘူးထဲထည့်ပြီး အပြီးသိမ်းပလိုက်တယ်... အဲ့နေ့ကျတော့ ရန်ကုန်က အမေ၀ယ်ပေးလိုက်တဲ့ ဒေါက်ဖိနပ်အနက်လေး သတိရလို့ ထုတ်စီးဖြစ်တယ်။ လှတော့လှတယ် မားသားဝယ်ပေးလိုက်တာက။ ဖိနပ်က ရှေ့ ပိတ်..နောက်အဖွင့်ဆိုတော့... မနေ့ကလို ဖိနပ်မပေါက်လောက်ပါဘူး ဆိုပြီးစီးသွားတယ်။ မထူးပါဘူးဗျာ.. ခြေဖနောင့်မနာပေမဲ့ ခြေသန်းနှစ်ချောင်းတော့ သွေးခြေတောင်ဥတယ်။ အဟုတ်။
နောက်ဆုံးကျတော့လည်း ဖိနပ်အဟောင်းလေးပဲ ထုတ်စီးရတော့တာပဲ။ အဖွားကြီးစတိုင်လ် ဖိနပ်လေးက မလှပေမဲ့ ကျွန်မကို လုံးဝ ဒုက္ခမပေးဘူး။ ကျန်တဲ့spinnovex ၂ရက်လုံး သက်တောင့်သက်သာ ဖြစ်သွားတယ်။ ဒေါက်ဖိနပ်လှလှလေးတွေ စီးတဲ့မမတွေကို တွေ့ရင်တော့ အားကျမိပါရဲ့။ ဒါပေမဲ့ သူတို့မှာလည်း ပလာစတာကပ်ရတဲ့ ဒုက္ခကမသေးရှာဘူး။
+++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++
အမှန်တကယ်တော့ အပြင်ပန်းက အရေးမကြီးပါဘူး။ အဓိက က သက်တောင့်သက်သာရှိဖို့ပဲ။ "ကိုယ့်ဝမ်းနာကိုယ်သာသိ" တဲ့။ ဖိနပ်လှလှလေး စီးပြီး မျက်နှာကြီးရှုံ့မဲ့နေရရင် ဘယ်ကောင်းပါ့မလဲနော်..ဘယ်အရာမဆို အပြင်ပန်းကြည့်ပြီး ဆုံးဖြတ်လို့မရဘူးဆိုတာ မှန်ပါ့။ လှတာမက်ရင် ညစာခက်ပေါ့။ =D
စာကြွင်း။ ။ ဖိနပ်ပုံက google ကယူထားတာ..ကျွန်မဖိနပ်တွေက သိမ်းထားတာ ပြန်ထုတ်ပြီး ဓါတ်ပုံမရိုက်ချင်တော့လို့။ နောက်ကြုံမှပဲ တင်တော့မယ်နော်။

Wednesday, January 7, 2009

ကျွန်မကြိုက်သော သီချင်းများ

ဆူဆူညံညံတွေ ဆိုတတ်တဲ့ ဂျောက်ဂျက်အဖွဲ့က ထူးထူးခြားခြား ဒီသီချင်းနှစ်ပုဒ်မှာတော့ အေးအေးလေးတွေ ဆိုထားပါတယ်။ စာသားလေးတွေကလည်း ကောင်းပါတယ်။ နားထောင်ကြည့်ပေါ့။
သူငယ်ချင်း သံယောဇဉ်


ဆယ်တန်း