Tuesday, March 17, 2009

မက်ခွင့်မရှိလိုက်တဲ့ အိပ်မက်တစ်စုံ -၂

လေပြေ မောင့်ဆီက ထိုစကားကြားပြီး စိတ်တွေ ယောက်ယက်ခတ်နေတယ်။ ခေါင်းထဲမှာလည်း အတွေးတွေက စုံလို့။ ထိုတစ်ခဏ သူမ မောင့်ကို ဘာပြန်ပြောရမှန်းမသိအောင် ဆွံအနေခဲ့မိသည်။"ကျွန်မ ပြန်တော့မယ်မောင်။" ဆိုတဲ့ တစ်ခွန်းထဲ ပြောပြီး လှည့်ထွက်ခဲ့တယ်။ မောင်က ပြန်လိုက်ပို့ပေးမယ်ဆိုသော်လည်း သူမ taxi ကို ဇွတ်တားပြီး ထွက်လာခဲ့တယ်။
အိမ်ပြန်ရောက်တာနဲ့ အခန်းတွင်းအောင်းနေမိတယ်။ ဒီလိုဆို သူမလည်း ဆေးသွားစစ်သင့်ပြီ။ သို့သော် ဆေးသွားစစ်ရန် လုံလောက်တဲ့ သတ္တိ လေပြေမှာ မရှိတာတော့ အမှန်ပင်။ဘာလို့ ဒီလို ကံကြမ္မာဆိုးကြီးက လေပြေနဲ့မောင်အပေါ် ကျလာတာလဲကွာ။ လက်ထပ်ပြီး တစ်ပတ်မျှသာ ရှိသေးတဲ့ ဇနီးမောင်နှံ အသစ်စက်စက်လေးကိုမှ ကံတရားက ရက်စက်လေခြင်း။ မောင် အိမ်ပြန်ရောက်လာတော့လည်း စကားမပြောဖြစ်။ အတွေးကိုယ်စီနဲ့ ၂ယောက်လုံးနှုတ်ဆိတ်နေမိတယ်။ ထိုတစ်ညလုံး သူမ တစ်မှေးမှ အိပ်မရခဲ့။ မောင်လည်း အိပ်လို့ရမည်မထင်။ နောက်ဆုံးတော့ လေပြေ ခိုင်မာတဲ့ ဆုံးဖြတ်ချက်တစ်ခု ချလိုက်သည်။ မနက်ဖြန် မနက်စောစော သူမဆေးသွားစစ်မည်။ မောင့်ကိုတော့ မခေါ်သွားတော့။ သူမတစ်ယောက်ထဲသွားမည်။
နံနက် ၆နာရီ ။ သူမတစ်ညလုံး မအိပ်ရသေးသော်လည်း ဆေးသွားစစ်ရမည်ဟူသော စိတ်ကြောင့်ထင်သည်။ အိပ်ချင်စိတ် လုံးဝမရှိ။ မောင်ကတော့ မိုးလင်းခါနီးမှ အိပ်ပျော်သွားသည် ထင်၏။ အိပ်မောကျနေသည် မှာ လုံးဝ အပြစ်ကင်းစင်လှသည်။ ဒီလို ရောဂါမျိုး မောင့်လို လူဆီမှာဖြစ်တယ်ဆိုတာ လေပြေခုချိန်ထိ ယုံရခက်ဆဲ။ အိပ်ရာထဲလည်း ဆက်မလှဲချင်တော့တာနဲ့ ရေမိုးချိုး ၊ဘုရားရှိခိုးပြီး မနက်စာအတွက် ပြင်ဆင်သည်။ သူမအိမ်က ထွက်လာချိန်အထိ မောင် အိပ်ရာက မနိုးသေး။ ထို့နောက် သူမ အိမ်မှ စောစောထွက်ကာ ရွှေတိဂုံဘုရားသို့ ၀င်သည်။ ထို့နောက် ဆေးစစ်ရန် ထွက်လာခဲ့သည်။ လမ်းတစ်လျှောက် သူမတွေးနေမိသည်။ အကယ်လို့ ဆေးစစ်တာ POSITIVE ဆိုရင် သူမ ဘာဆက်လုပ်မည်နည်း။ သူမ အသက် ၂၂နှစ်သာရှိသေးသည်။ သူမနှင့် မောင်တို့ ပျော်ရွှင်တဲ့မိသားစုဘ၀လေး ထူထောင်ကြမည်ဟု အိပ်မက်ထားသမျှ တကယ်ပဲ ဖြစ်မလာနိုင်တော့ဘူးလား။ ဆေးခန်းရှေ့ရောက်လာမှ သူမအတွေးစတွေ ပြတ်သွားသည်။ ဆေးခန်းရောက်ရောက်ခြင်း ဆေးစစ်လို့မရသေး။ အရင် consultation ၀င်ရသည်။ ဆရာဝန်မ ပြောသော စကားများ နားထဲဝင်တစ်ချက် မ၀င်တစ်ချက်။ ထို့နောက် ဆေးစစ်ပြီး အိမ်ပြန်လာခဲ့သည်။ "အဖြေရရင် ဖုန်းဆက်လိုက်မယ်။ ၂ ရက်အတွင်းတော့ ရမှာပါ။ စိတ်အေးအေးထားပါ မလေပြေ။ ဒါမျိုးက ဖြစ်ခဲပါတယ်။ "သူမလည်း ခေါင်းအသာငြိမ့်ကာ ထွက်လာခဲ့သည်။
အိမ်ပြန်ရောက်တော့ မောင် အိမ်မှာမရှိ။ company သွားတာပဲ ဖြစ်မည်။လေပြေ မောင့်ကို ချီးကျူးမိသည်။ ဤသို့ ကြောက်မက်ဖွယ် ရောဂါဆိုးကြီး စွဲကပ်နေသော်လည်း မောင် တည်ငြိမ်လွန်းသည်ဟု လေပြေထင်သည်။ သူလုပ်စရာရှိသော အလုပ်များကို မူမပျက် လုပ်သွားနိုင်သည်။ အကယ်လို့ သူမသာ မောင့်နေရာမှာဆို မောင့်လိုနေနိုင်ပါ့မလား။ မင်္ဂလာဧည့်ခံပွဲအတွက် ပြင်ဆင်ချင်စိတ်လည်း သူမမှာ မရှိတော့။ လေပြေတို့အတွက် အဓိပ္ပာယ်မှ မရှိတော့ပဲ မောင်ရယ်။ ညနေကျတော့ မောင်ဖုံးဆက်ရှာပါသည်။ မင်္ဂလာခမ်းဝင်ပစ္စည်းတွေ သွားကြည့်ချင်သေးလားတဲ့။ သူမစိတ်မပါလို့ မကြည့်တော့ဘူးဟု ပြောလိုက်သည်။ မောင်လည်း သူမစိတ်အခြေအနေကို နားလည်သည်ထင်ပါတယ်။ "ဒါဆိုလည်း မောင်စောစောပြန်လာမယ်နော်"ဆိုပြီး ဖုန်းချသွားသည်။
မောင် အိမ်ပြန်လာတော့ သူမတို့ ညစာတူတူစားဖြစ်သည်။ ခါတိုင်း ရယ်မောစနောက်သံတွေနှင့် ပြည့်နှက်နေသော ထမင်းဝိုင်းလေး အခုတော့ တိတ်ဆိတ်ခြောက်သွေ့မှုတွေသာ ကြီးစိုးနေသည်။ ထိုတိတ်ဆိတ်မှုကို မောင်ကပဲ စတင်ဖြိုခွင်းလိုက်သည်။ "ကျေးဇူးတင်ပါတယ် လေပြေ။" သူမ ခေါင်းငုံ့ထမင်းစားနေရာမှ မော့ကြည့်မိသည်။ မောင့်ပုံစံက တကယ်ကို လှိုက်လှိုက်လှဲလှဲ ပြောနေသလိုပင်။ "ဘာကိုကျေးဇူးတင်တာလဲ မောင်" "မောင်ကို ခွင့်လွှတ်ပေးလို့ပေါ့။ မောင်က လေပြေကို ပြောဖို့ တော်တော်လေး သတ္တိမွေးခဲ့ရတယ်။ လေပြေ မုန်းသွားမှာ မောင်ကြောက်တယ်။ မောင် တကယ့်ကို မိုက်လုံးကြီးခဲ့မိတာပါကွာ" "ဒီမှာ မောင်။ ကျမ မောင့်ကို ခွင့်လွှတ်တယ်လို့ ဘယ်တုန်းကမှ မပြောခဲ့ဘူး။ ခုချိန်မှ ကျမစိတ်တွေ တအားရှုပ်နေတဲ့အတွက် အဲ့ဒီကိစ္စနဲ့ ပတ်သက်ပြီး မောင့်ကို ကျမပြောဖို့ အင်အားမရှိသေးဘူး။ မောင့် အနားမှာ ဒီလောက် အစစအရာရာ လိုလေသေးမရှိအောင် ကျမတာဝန်ကြေခဲ့ရက်နဲ့ ဒီလိုမျိုးလုပ်ရက်တဲ့ မောင့်ကို ကျမဘယ်လိုနားလည်ပေးရမလဲ။ပြောပါ မောင်"သူမ၄နှစ်လုံးလုံး နှုတ်ကျိုးအောင် ခေါ်ခဲ့သော "မောင်"ဆိုသော အသုံးအနှုန်းကို မောင့်ကို စိတ်ဆိုးသည့်တိုင်အောင် ဆက်ခေါ်မိနေဆဲပင်။ "မဟုတ်ဘူး လေပြေ ... ဒီကိစ္စတွေက မောင်လေပြေနဲ့ မတွေ့ခင်တုန်းက ကိစ္စတွေပါ။ လေပြေနဲ့ တွေ့ပြီးနောက်ပိုင်း ကိုယ်တစ်ခါမှ သစ္စာမဖောက်ခဲ့တာ အမှန်ပါကွာ။"လေပြေ ထမင်းဆက်စားချင်စိတ်မရှိတော့။ ထမင်းဝိုင်းမှ ထထွက်လာသည်။
ဒီရက်ပိုင်း သူမ မောင်နှင့် ခပ်စိမ်းစိမ်းနေဖြစ်သည်။ မောင် အလုပ်က ပြန်လာရင်လည်း စကားသိပ်မပြောဖြစ်။ သို့နှင့် ဆေးစစ်ပြီး တတိယမြောက်နေ့မှာ သူမကို ဆရာဝန်မက ဖုန်းဆက်သည်။ ဆေးစစ်ထားသည့် အဖြေလွှာ ရပြီဟု အကြောင်းကြားခြင်း ဖြစ်သည်။ အဖြေကို ဖုန်းထဲက မေးတော့ ဆရာဝန်မက လူကိုယ်တိုင်လာယူဖို့ ပြောသည်။ လေပြေ စိတ်ထဲထင့်နေသည်။ ဒီလိုနှင့် ဆေးခန်းရောက်တော့ အဖြေက NEGATIVE တဲ့။ လေပြေ ၀မ်းသာသွားသည်။ ဒါပေမဲ့ ဆရာဝန်မက ဆက်ပြောသည်။ "လေပြေ နောက် ၆လနေရင်တော့ ထပ်ဆေးစစ်ဖို့လိုမယ်။ အခုက လေပြေတို့ လက်ထပ်ထားတာ တစ်ပတ်ပဲ ရှိသေးတယ်ဆိုတော့ အကယ်လို့ ရောဂါပိုးကူးခဲ့မယ်ဆိုရင်တောင် အဲ့လောက်တစ်ပတ်အချိန်အတွင်းမှာ မသိနိုင်ဘူး။" "ဟုတ်ကဲ့ပါ ဆရာမ။ လေပြေ နောက်၆လလောက်နေရင် ပြန်လာခဲ့ပါအုံးမယ်။"လေပြေစိတ်ထဲမှာ နည်းနည်းတော့ ပေါ့သွားသလိုပင်။ သို့သော်လည်း နောက်၆လဆိုသော အချိန်မှာ ဘာမဆိုဖြစ်လာနိုင်သေးသည် မဟုတ်ပါလား။
လေပြေအိမ်ပြန်ရောက်တော့ မောင်က အစောကြီးအိမ်ပြန်ရောက်နေသည်။ "လေပြေ ဘယ်သွားနေတာလဲကွာ။ မောင် ဒီနေ့ နေလို့မကောင်းတာနဲ့ အိမ်စောစောပြန်လာခဲ့တယ်။ လေပြေဖုန်းဆက်တာလည်း ဘယ်လိုမှ ခေါ်လို့မရဘူး။" "အင်း လေပြေ မေချိုတို့အိမ်ခဏသွားနေတာ။ ဖုန်းက ဘက်ထရီကုန်နေတယ်။ " သူမ စကားကို မေးတစ်ခွန်း ဖြေတစ်ခွန်းသာ မောင့်ကို ဆက်ဆံခဲ့သည်။ မောင်နေမကောင်းဘူးဆိုမှ မောင့်ကို သေချာပြန်ကြည့်မိသည်။ သူမ ပစ်ထားသော ၃၊၄ရက် အတွင်းမှာတောင် မျက်နှာချောင်ကျသွားလိုက်တာ။ မောင့်ကို သနားသလို ဖြစ်သွားသည်။ အို..ဘာလို့ သနားရမှာလည်း။ သူ့အပြစ်နဲ့ သူပဲ။ သစ္စာမဲ့တဲ့ ဒဏ်ခံရတာ။ သူမအဲ့လိုမျိုး စိတ်ကိုတင်းထားပေမဲ့ တကယ်တမ်းတော့ မနေနိုင်ပါ။ ချောင်းတဟွပ်ဟွပ်ဆိုးနေသော မောင်။ ခါတိုင်းထမင်းကို လိုက်ပွဲယူမှ ၀သည့်မောင်။ အခုတော့ ထမင်း တ၀က်ကိုပင် တပင်တပန်းစားနေရသလိုပင်။ မောင် ဘာအပြစ်တွေ လုပ်ခဲ့လုပ်ခဲ့ သိပ်ချစ်လို့ လက်ထပ်ခဲ့သောမောင့်ကိုတော့ ကြာကြာပစ်မထားနိုင်။ ရေနွေးနွေးလေးနှင့် ချောင်းဆိုးပျောက်ဆေးယူကာ သွားပေးလိုက်သည်။ နေမကောင်းသည့်ကြားမှ မောင့်အပြုံးလေးကို သူမမြင်လိုက်ရသည်။
မောင် ဒီရက်ပိုင်း အတော်နေမကောင်းဖြစ်သည်။ သူ့ကို ကြည့်ရတာလည်း လုံးဝအားမရှိသလိုပင်။ လေပြေ နေ့တိုင်း ကြက်ပေါင်းတွေ ပေါင်းတိုက်သော်လည်း မောင့်ကို ကြည့်ရတာ တော်တော်ဖျော့တော့နေသည်။ လေပြေမနေနိုင်တော့။ မောင့်ကို မေးလိုက်သည်။ "မောင်.. ဆရာဝန်ကော ပြရဲ့လား ဟင်။"မောင်က သူမကို ပြုံးပြီးကြည့်သည်။"သေမိန့်ကျပြီးသား လူတစ်ယောက်က ဆရာဝန်ဆီ သွားတော့ကော ဘာများထူးခြားမှာလဲ လေပြေရယ်"မောင်ရယ် ဖြစ်မှ ဖြစ်ရလေ။ ကိုယ့်ဟာကိုယ် သေဒဏ်ကျတရားခံတစ်ယောက်လိုတောင် သတ်မှတ်ထားပါလား။ အမှန်တော့ ဒါဟာကုမရတဲ့ ရောဂါတစ်ခု မဟုတ်ပါဘူး။ ခုခေတ်မှာ ဆေးဝါးတွေ ဒီလောက် ခေတ်မီနေတာပဲ ။ သူမ မောင့်ကို ရအောင် ကုမည်။ ပြုစုမည်။ မောင် လူကောင်းနှင့်မခြား သက်တမ်းစေ့ နေနိုင်စေရမည်ဟု စိတ်ပိုင်းဖြတ်လိုက်သည်။ သူမ မောင့်ကို ဟိုရက်ပိုင်းတွေတုန်းက လစ်လျူရှူခဲ့မိတာတောင် နောင်တရသွားသည်။ သူမမောင့်ကို နွေးထွေးတဲ့ အားပေးမှုတွေ ပေးသင့်တဲ့အစား အေးစက်တဲ့ လစ်လျူရှုမှုတွေသာ ပေးခဲ့သော်လည်း မောင်တစ်ချက်လေးမှ စောဒက မတက်ခဲ့။ သူမမောင့်ကို ဒီအတိုင်း ဖြစ်ထားလို့တော့ မဖြစ်။ မနက်ဖြန် ယုံကြည်ရတဲ့ အသိဆရာဝန်တစ်ယောက်ဆီ ခေါ်သွားရမည်။ မောင့်အသက် ၂၆နှစ်သာ ရှိသေးသည်။ သူမတို့မှာ လှပတဲ့ အနာဂတ်တွေ ရှိသေးသည်။ မောင့်ကို သူမဘ၀ထဲက ထွက်ခွာခွင့် မပြုနိုင်သေးဘူး။
နောက်တစ်နေ့ မောင့်ကို ဆေးခန်းသွားဖို့ခေါ်တော့ မောင်က အတင်းငြင်းသည်။ နောက်ဆုံး သူမ တောင်းပန်တစ်လှည့် စိတ်ကောက်တစ်လှည့် မနည်းခေါ်မှ မလိုက်ချင်လိုက်ချင်နှင့် လိုက်လာသည်။ စမ်းသပ်မှုတွေအပြီး ဆရာဝန်က သေချာရှင်းပြသည်။ ဆောင်သင့် ရှောင်သင့်သည့် အချက်တွေကို။ မောင်က ရောဂါဖြစ်တာကို သိတာ နောက်ကျတဲ့ အတွက်ရော သင့်လျော်တဲ့ ဆေးဝါးကုသမှု မခံခဲ့တဲ့အတွက် အခြေအနေက သိပ်တော့ အားရစရာမရှိကြောင်း။ဒါပေမဲ့ အခုအခါ ဆေးဝါးတွေက တိုးတက်လာပြီ ဖြစ်တဲ့အတွက် ဆေးမှန်မှန်သောက်မယ် ကျန်းမာရေးဂရုစိုက်မယ်ဆိုရင် မောင့်ဟာ လူပုံမှန်တစ်ယောက်လို နေနိုင်သွားကြောင်း အခုလာပြတာ အချိန်မှီလေး ဖြစ်ကြောင်း ဂရုစိုက်ဖို့လိုကြောင်း ပေါ့ပေါ့မနေသင့်ကြောင်းပြောသည်။သူမ မောင့်ကို တစ်ချက်ပြုံးကြည့်ပြီး မောင့်လက်လေးကို တင်းတင်းဆုပ်လိုက်သည်။"မောင် ဒီမှာ ဆရာက ပြောနေတယ်။ ဆေးမှန်မှန်သောက်ရင် သက်သာသွားမယ်တဲ့။ကြားတယ်နော်။"ထို့နောက် သူမ ဆရာဝန်ပေးတဲ့ ဆေးများယူပြီး ပြန်လာခဲ့သည်။ လမ်းတစ်လျှောက် မောင်က စကားတော့ သိပ်မပြော။ သူမက စပြီး "မောင် လေပြေကို ချစ်ရင် ဆေးမှန်မှန်သောက်ရမယ်နော်။ လေပြေကိုယ်တိုင် အချိန်မှန်တိုက်မယ်။ မသောက်လို့ကတော့ မိလေပြေ အကြောင်းသိတယ်နော်..ဟင်းဟင်း""ဟုတ်ပါပြီဗျာ။ ဒေါ်လေပြေစကားနားထောင်ပါ့မယ်ဗျာတဲ့" ကဲဘယ်လောက်ချစ်ဖို့ကောင်းတဲ့ မောင်လည်း။ ဒါပေမဲ့ သူမချစ်သောမောင်သည် သူမအနားက ထွက်ခွာခွင့် မပေးနိုင်သေးပါ။ သူမ အတတ်နိုင်ဆုံး မောင့်ကို လူကောင်းပကတိလို နေနိုင်အောင် ကြိုးစားမည်။ သူမ သက်ပြင်းတိုးတိုးလေးတော့ တစ်ချက် ခိုးချမိသည်။

ဆက်ပါဦးမည်။ (ဇာတ်လမ်းက မလိုအပ်ပဲဆွဲသလို ဖြစ်သွားလားမသိဘူး။ ရေးပြီး သိပ်တော့ စိတ်တိုင်းမကျသေးဘူး။နောက်မှ ပြန်ပြင်တော့မယ်။ ခုလက်ညောင်းသွားပီ။ :D စိတ်ရှည်ရှည်ထားပြီး ဖတ်ပေးတဲ့အတွက် ကျေးဇူးပါရှင်။)


15 comments:

Chan Myae said...

@_@

Phyo Maw said...

အဲလို မလုပ်ပါနှင့်...
၁။ ကောင်မလေး မှာ ပိုးရှိမရှိ ရှင်းပါ။
၂။ ဖြစ်တာကြာပြီဆို။ ဆရာဝန်က မြန်မာကားတွေလို ခေါင်းမခါပဲ ဘာလို့ မျက်စပစ်ပြရတာတုန်း မတော် ကောင်မလေးက သူ့ကို စိတ်ဝင်စားတယ်ထင်သွား ဘယ်လိုလုပ်မတုန်း။
၃။ပစ်ထားတဲ့ ၁ရက် ၂ရက်အတွင်း မျက်တွင်းတွေ ကျသွားပါလားတဲ့... ဟင်း မသိရင် မိန်းမအပြုအစုကောင်းလို့ ကလောက်ထိ ဒေါင်ဒေါင်မြည်နေတာပေါ့။

မန့် တာရှည်တောင် ရှည်သွားပြီ။

သီဟသစ် said...

ဘာဘာရေ
တတိယပိုင်းလာအုံးမှာလားကွယ်။ ဆရာဝန်လေးဆီ ခဏခဏသွား Consult လုပ်။ မင်းသားလေးသေ
ကျန်းမာရေးအတွက်စိတ်အေးရအောင်ဆရာဝန်နဲ့ယူ...

နောက်တာပါကွယ်။ စာရေးကောင်းတာ ချီးကျူးပါတယ်။
Really.

pm
မမှတ်သေးပါလားကွယ်

ဘာတွေတုန်း said...

သို့ ဖြိုးမော် => ၁။ ကောင်မလေးတွင် ပိုးမရှိသေးပါ။ ဖြစ်ဖြစ်ချင်းတွင် ရောဂါလက္ခဏာ မပြတတ်ဟု သိရသည်။ နောင်တွင် ရှိချင်ရှိမည်။
၂။ ဆရာဝန် ခေါင်းမခါရခြင်းမှာ ကောင်လေးရိပ်မိသွားမှာ စိုး၍ဖြစ်သည်။ မျက်စပစ်ပြလည်း ကိစ္စမရှိပါ။ အကြောင်းမှာ ယုံကြည်ရသော ဆရာဝန်ဟု ရေးသားထားခြင်းကို ထောက်၍ မိသားစု ဆရာဝန်လိုမျိုး ဆရာဝန်ဖြစ်သည်။
၃။ ပစ်ထားတဲ့ ၂ရက်၃ရက် အတွင်းမှာ မျက်ကွင်းတွေ ကျသွားရခြင်းမှာ စိတ်ထောင်းကိုယ်ကြေသောကြောင့် ဖြစ်သည်။ မယုံလျှင် စမ်းကြည့်ပါ။

ဘာတွေတုန်း said...

သို့ ကိုသီဟသစ်=>တတိယပိုင်း ကျန်ပါသေးတယ်။ ခုနက ဆက်ပါဦးမည်ဟု ရေးရန် ကျန်ခဲ့။ ခွင့်လွှတ် :D

သို့ Chan Myae=> :D

အန်တီချမ်း said...

တီ ကြို တောင်းပန်ထားမယ် နော် ဘာဘာ
တီကအပြုသဘောနဲ့ဆွေးနွေးပေးတာလေနော်
ဆရာလုပ်တာမဟုတ် ပါဘူးနော်
စိတ်ဆိုးနဲ့နော်

ဘာဘာ ဒါမျိုးလေးတွေရေးတာကောင်းပါတယ်
ရေးတယ် ဆိုကတည်းက ဘာဘာ့မှာ ဒါနဲ့ ပတ်သက်တဲ့ ခံစားချက်တခုခု ရှိလို့ လို့ တီ ထင်တယ်
ဒါပေမယ့် တကယ် ရေးမယ် အကျိုးရှိအောင် ပညာပေးဖို့လဲ ရည်ရွယ်တယ်ဆိုရင် သေချာ facts လေးတွေ ထပ်လေ့လာပြီးမှ ရေးစေချင်တယ်

ဘာဘာ ရေးထားတာ က ကောင်မလေးမှာ ပိုးမရှိ ဒါမျိုးကဖြစ်တတ်တယ် နောက် ၆ လနေမှ ထပ်စစ်ရမယ် ဒါကလဲ ကြားကာလ (သို့) ပြတင်းပေါက်ကာလ လို့ခေါ်တဲ့ window period ကိုပြောချင်တာ ပေးချင်တဲ့ မက်စေ့ဂ်ျ ကရှင်းတယ် ကောင်းတယ်

အဲကောင်လေး က သေတော့မယ် ဆိုတာ၊ ၆ လပဲ ခံတော့မယ် လို့ ဆရာဝန်ကပြောတာ
တကယ်ဆိုရင် ကျင့်ဝတ်တွေ ကြောင့်ဆရာဝန်တွေက ဒါမျိုးတွေပြောလေ့မရှိ ပြောပိုင်ခွင့်လဲမရှိ (ရုပ်ရှင်တွေထဲမှာ သာ ကင်ဆာဆိုရင် အဆင့် အပေါ်လိုက်ပြီးပြောပြလေ့ရှိတာ )

ခု ဒီဟာနဲ့ပတ်သက်လို့တော့ တီ က အများစု စိတ်ထဲမှာ ဒါဖြစ်ရင် သေမိန့်ကျ ဆိုတာမျိုး၊ ၆ လ ကနေ ၁ နှစ်ပဲ ခံတော့မယ် ဆိုတာ မျိုးတွေ မ၀င်သွားစေချင်လို့ မရေးစေချင်တာပါနော်

တခါတလေ တီ တို့ပေးတဲ့ သတင်း က wrong information သတင်းအမှားတွေဖြစ်နေရင် လူထု အမြင်ထဲမှာ အမှားတွေဝင်ပြီးလက်ခံသွားနိုင်တယ်လေ
နောက်ကလောင်တစ်ချောင်းက ထက်ရင် ထက်သလို အကျိုးရှိနိုင်သလို အပြစ်လဲအများကြီးဖန်တီးပေးနိုင်လို့ပါ
ဥပမာ သာဂဒိုးရေးနေတဲ့ ပိစပ်ရွက်ကြောင့်သေသွားတဲ့လူတွေ မရေမတွက်နိုင်ပါဘူး
အဲဒီအတွက် တီတို့ဘာမှမလုပ်ပေးနိုင်သေးဘူး
တီပြောချင်တာ က ဘာဘာ့ ကို တိုက်ခိုက်တာ မဟုတ်ဘူးနော်
တီ ကိုယ်တိုင် ဒါ ဖြစ်နေတာ (ပရိုဖိုင်းမှာ ကြည့်)၊ ပိုးနဲ့ နေနေတာ ကြာလှပြီ
အခုဆို ၇ နှစ်ထဲဝင်လာပြီလေနော်
နောက် တီ အခု ပိုးထိန်းဆေး Anti-retro viral drugsတွေသောက်နေတဲ့အတွက်လဲ ကျန်းမာရေးက ကောင်းနေ လူသာမန်လိုပဲ နေထိုင်နိုင်နေတယ်လေ
english လိုတော့ back to normal and productive life လို့ သုံးတယ်ကွယ်
ပြောချင်တာက ပိုးရှိနေသော်လည်း ဆေးကို အချိန်မှန် စနစ်တကျ သုံးစွဲရင် လူ့ဘ၀ မှာ ဟိုအရင် ပိုးကူးစက်မခံရမီ ကလိုပဲ အလုပ်ကိုလဲသူများတွေအတိုင်းတန်းတူပြန်လုပ်နိုင်မယ် လို့ ဆိုလိုချင်တာပါကွယ်
အဓိကပြောချင်တာ က HIV ဟာ တခြားသွေးတိုး ဆီးချို စတာတွေလိုပဲ နာတာရှည် ရောဂါတစ်မျိုးပဲလေနော်
ပုံမှန်လေးကျန်းမာရေးကို ဂရုစိုက်နေသွားရင် သက်တန်းစေ့ နေနိုင်ပါတယ်လေနော်
ရှည်သွားပြီနော်
အသေးစိတ်သိချင်ရင် တီ့ ကို ဂျီမေးလ်ကနေတစ်ဆင့် ဆက်သွယ် မေးမြန်းနိုင်တယ်လေနော်
တီပြော လို့ စိတ်ထဲဘာမှမထားနဲ့နော်
wrong information မပေးစေချင်တာပါနော်
ဟိုးအရင် အေစ့် ဆိုတာ စဖြစ်ခါစက ကုရာနတ္ထိဆေးမရှိလို့ပြောခဲ့တာတွေကြောင့် အခု အနှစ် ၂၀ ကျော်အထိ ဒီကူးစက်ရောဂါကို တိုက်ဖျက်တဲ့နေရာ မှာ ဟိုးအရင်ကပေးမိခဲ့တဲ့ သတင်းအချက်အလက် အမှားတွေရဲ့ နောက်ဆက်တွဲ ဆိုးကျိုးပြဿာနာတွေကို တီ တို့ ကမ္ဘာနဲ့ အ၀ှမ်းရင်ဆိုင်နေရတုံးပဲလေနော် အထူးသဖြင့်
ဒီရောဂါ ဟာ လိင်ကနေအဓိက ကူးတယ် အဲဒီအတွက်ကြောင့် ဒီရောဂါ ရှိတဲ့ လူတွေ ဟာ လူမှုကျင့်ဝတ် တခုခု ကို ဖောက်ဖျက်တဲ့သူတွေ ဖြစ်ရမယ် ဆိုတဲ့ ပြစ်တင် ရှုံ့ချမှုတွေ ခွဲခြားဆက်ဆံမှုတွေ ဒီကူးစက်ရောဂါ ကို ကာကွယ် တိုက်ဖျက်ရာမှာ အတားအဆီးတွေဖြစ်လာတယ်ကွယ်နော်။
ကျေးဇူးပါနော်
သမီးစာတွေ ဆက်ရေးပါ
တီပြောတဲ့အတွက်လဲ ဒါကိုအရေးရပ်သွားတာမျိုးမဖြစ်စေချင်ဘူးလေနော်
ပိုလေ့လာပါ ပြီးမှရေးပါ အချက်အလက်တွေကိုပေါ့
ဥပမာ ဂျူးဆိုရင်လဲ သူဝတ္ထု တစ်ပုဒ်ရေးတော့ မယ်ဆို အဲဒီရေးမယ့် အကြောင်းအရာကို သေချာလေ့လာပြီးမှရေးတယ်လေနော်
ဥပမာ ချစ်သူလားမှာ စကားပင်တွေအကြောင်း
တိမ်နဲ့ချည်တဲ့ကြိုး မှာ ဂမုန်းပင်တွေအကြောင်း
ကျွန်မရဲ့ည မှာ ပန်းချီကားတွေ အကြောင်း
စသဖြင့်ပေါ့နော်
ကဲ တော်တော် ရှည် ပြီ တော်ပြီနော်
စိတ်ဆိုးနဲ့နော်

အန်တီချမ်း said...

ဘာဘာ ရေ တီရေးတာ ရှည် နေလို့ မတင်ရသေးခင်
ဘာဘာ မန့်ကို ပြန်ထားတဲ့ ဟာလေး ထပ်ပြောချင်တာရှိလာတယ်ကွယ်

ဘာတွေတုန်း said...
သို့ ဖြိုးမော် => ၁။ ကောင်မလေးတွင် ပိုးမရှိသေးပါ။ ဖြစ်ဖြစ်ချင်းတွင် ရောဂါလက္ခဏာ မပြတတ်ဟု သိရသည်။ နောင်တွင် ရှိချင်ရှိမည်။

ပိုးက ကူးရင် ကူးတယ် မကူးရင် မကူးဘူးပဲလေနော်
အခု တကယ်လို့ စစ်တဲ့အချိန်မှာ ကောင်မလေးက Negative ပြနေတယ် ဆိုရင် ကောင်ဆယ်လာ လို့ ခေါ်တဲ့ နှစ်သိမ့်ဆွေးနွေးပညာပေးသူ က နောင်အတွက် ဆောင်ရန် ရှောင်ရန်တွေ ပြောဆို ဆွေးနွေးပေးပါတယ်လေနော် အန်ဂျီအိုတွေနဲ့ ဆေးရုံတွေမှာတော့ အဲဒီ ဆားဗစ့် ရှိတယ်လေနော်
အပြင်ဆေးခန်းတွေတော့ မသေချာဘူးပေါ့လေနော်
အဲဒီအတွက်ကြောင့် နောင်ဖြစ်ချင်ဖြစ်လာမယ် ဆိုတာ မျိုးက ပြတင်းပေါက်ကာ လ ပြန်စစ်လို့ မရှိဘူး ဆိုရင် နောင်မှာ ကူးဖို့ အဲလောက်မလွယ်ပါဘူးလေနော်
တကယ် လို့ ဘာဘာ က ဇာတ်သွားအနေနဲ့ မြှုတ်ကွက်လေးလုပ်ထားတာ ဆိုလဲ နောက်အခန်းတွေ မှာ ပြန်ရှင်းပေးပေါ့နော်

ဘာတွေတုန်း said...

ဟုတ်ကဲ့ တီ ။ ကိုဖြိုးမော်ကို ပြောထားတဲ့ အချက်ကို သမီးနောက်ပိုင်းမှာ ပြန်ရှင်းမှာပါ။ တီဆီက အခုလို အသေးစိတ် အကြံပေးချက်လေးတွေ ရထားတာ ကျေးဇူးအများကြီးတင်မိတယ်။ ဒီ ပညာပေးဇာတ်လမ်းကို ရေးဖို့ စိတ်ထဲမှာ တင်းထားခဲ့တာ ဘလော့စလုပ်တဲ့ အချိန်ထဲကပါပဲ။ ဒါပေမဲ့ information သိပ်မစုံတော့ မရေးရဲသေးဘူး။ ခုလဲ သိတဲ့လူတွေ လိုက်မေးလိုက် ရေးလိုက် လုပ်နေဆဲပါ။ တီ ကူညီတဲ့ အတွက် ကျေးဇူးနော်။ နောက် မသိရင် တီဆီက အကြံတောင်းရမယ်။ ခု စာတစ်ချို့ပြန်ပြင်ထားပါတယ်။ ပြန်ဖတ်ပြီး လိုတဲ့နေရာလေးတွေ ပြောပေးပါဦး။ ကျေးဇူး a million တီရေ

အန်တီချမ်း said...

everytime
u r warmly welcome my dear

Jaboelay said...

ခုနကရောက်။ တီချမ်းမန့်တာကြည့်ပြီးပြန်။ ခုပြန်လာ ။ ကောင်း ။။ ကောင်း။။

ပီတိ(စိတ်ပညာ)

နွေးနေခြည် said...

ညီမရေ ဒီလောက်ထိရေးနိုင်တာ ချီးကျူးစရာပါ...
အားငယ်စိတ်ပျက်မသွားပါနဲ့...
ညီမ အရင်က သုည ပဲသိတဲ့ကိစ္စတစ်ခုကို ဒီပိုစ့်ရေးဖို့ကြိုးစားရင် ၅၀ လောက်သိခဲ့မယ်။ အခုလိုမျိုးထောက်ပြ ရှင်းပြ ပြီး အချက်အလက်ပေးမယ့်သူရှိလို့ ညီမ တစ်ရာလုံးလည်း သိသွားနိုင်တယ်လေ...
ဆက်ရေးနော်...
(((ဖိုက်တင်..... )))

ပိုးကူးစက်တာကို ကောင်လေးအပျော်အပါးလိုက်စားခဲ့တာလို့ မတင်ပြပဲ.. ဥပမာ..နယ်မြို့လေးတစ်ခုမှာ accident တစ်ခုဖြစ်လို့ အရေးပေါ်သွေးသွင်းရင် ရခဲ့တယ်ဆိုတာမျိုး၊
company မှာလုပ်နေတဲ့ ပညာတတ်ယောက်ျားတစ်ယောက်က အကာအကွယ် ပစ္စည်း မသုံးမိလောက်အောင်တော့ မအဘူးလားလို့ပါ (ကိုယ့်ဘာသာ ဇာတ်လမ်းထွင်ကြည့်တာပါ.. ဒါဇာတ်အိမ်ရဲ့ အရေးမကြီးတဲ့ အပိုင်းပါ... )
တော်တော်များများက အပျော်အပါးလိုက်စားလို့ ဖြစ်တယ်လို့ အသားပေးရေးကြတယ်။ အဲလိုဖြစ်နေတဲ့လူတိုင်းက အပျော်အပါးလိုက်စားလို့လို့ ယူဆလို့မရတာပါ ထည့်ပြီး ပညာပေးလိုက်ရင် ကောင်းလားလို့ပါ.. (အကြံပြုတာပါနော်.. စိတ်ဆိုးနဲ့)

တီချမ်း
ခုလိုမျိုးရဲရဲ ၀င့်ဝင့် ထောက်ပြဆွေးနွေးသွားတာဖတ်ရလို့ ဗဟုသုတ ပိုတိုးခဲ့ပါတယ်.. ကျေးဇူးပါ..

Phyo Maw said...

ပညာတတ်အမျိုးသား တယောက်ဆိုတာ ကိုညီမောင်ထင်တယ်...
jie jie သတိထား သူက အချွန်နဲ့မတယ် အနော့်ကိုလည်း camera အကြောင်း ခဏခဏပြောပြီး မနေနိုင်အောင် လုပ်တယ်။
တုန်းတုန်းနဲ့ တီချမ်းပြောတာတွေဖတ်ပြီး
တို့များအတွေးတွေ ခေါင်နေလိုက်တာ အိပ်ပျော်သွားတဲ့အထိပဲ။

မိုးခါး said...

ဘာဘာရေ အားပေးလျှက် .. မြန်မြန်လေးတော့ဆက်နော် ..း)

သဇင်ဏီ said...

တန်းလန်းကြီးကွယ်... :P

Anonymous said...

ဖတ်လို့ ကောင်းတယ်။
ဆက်ရေးပါဦး မမရေ..