Sunday, March 29, 2009

အမှတ်တရ မိုး

မိုးတွေရွာတော့မယ်။ လေတွေတိုက်နေပြီ။ မိုးတွေခြိမ်းနေပြီ။ ကောင်းကင်ကြီးတစ်ခုလုံးလည်း မည်းနေပြီ။ ခဏနေ မိုးရောလေပါ သည်းသည်းမည်းမည်းချတော့မယ်။ ။

လွန်ခဲ့တဲ့ ၁၅နှစ် ဇွန်လ
ကျွန်မ သူငယ်တန်းကို ပထမဆုံးတက်ရမဲ့နေ့။ အဲ့နေ့ကလည်း မိုးတွေ သည်းနေတယ်။ ဖေဖေက ကားမောင်းနေတယ်။ ကိုကိုက ကားရှေ့ခန်းမှာ ဖေဖေနဲ့ ထိုင်နေတယ်။ ကျွန်မက နောက်ခန်းထဲမှာ။ ဘေးနားမှာ လွယ်အိတ်လေးရယ် ထမင်းချိုင့်ဆွဲခြင်းတောင်းလေးရယ် ချလို့ပေါ့။ တစ်လမ်းလုံး အတောမသတ်တဲ့ မေးခွန်းတွေနဲ့ ဖေဖေနဲ့ကိုကို ကိုမေးလာတယ်။ "ဖေဖေ.. အဲ့ဒီ ကျောင်းကြီးမှာ လူတွေ အများကြီးပဲလားဟင် "ကျွန်မ မူကြိုကို အိမ်နားမှာ တက်ခဲ့ပါတယ်။ မူကြိုနဲ့ ယှဉ်ရင် အခုတက်ရမဲ့ ကျောင်းက အကြီးကြီးမို့လို့ ကလေးပီပီ ကျောင်းကြီးဟုသာ ခေါ်ခဲ့တယ်။ "ကိုကို.. ကျောင်းကြီးမှာ ထိုင်ခုံတွေက လူကြီးထိုင်ခုံတွေပေါ့နော်" မူကြိုမှာတုန်းက စားပွဲထိုင်ခုံသေးသေးလေးတွေနဲု့ထိုင်ရတယ်။ "ကိုကို.. မုန့်စားဆင်းရင် မီမီးကို ဘယ်သူထမင်းခွံကျွေးမှာလဲ" မူကြိုတုန်းက လုပ်အားပေးဆရာမလေးတွေက ထမင်းခွံကျွေးနေကြ။ ကျွန်မမေးသမျှ မေးခွန်းတွေကို ဖေဖေက စိတ်ရှည်ရှည်ဖြေပေးပါတယ်။ ကိုကိုကတော့ ထုံးစံအတိုင်း လုံးဝစိတ်မရှည်။ နားညီးလိုက်တာဟာဆိုပြီး အနောက်လှည့်ပြီး အော်ပါသည်။ မိုးကလည်းသည်း ကားကလည်းပိတ်မို့ ကြာတော့ ဖေဖေလည်း စိတ်မရှည်။ ကျွန်မမေးခွန်းများကို မဖြေတော့။ ။ ဘာလို့လည်းမသိ မိုးရွာရင် မဆီမဆိုင် အဲ့ဒီအကြောင်းကို သတိရမိတယ်။ အဲ့လောက် ငယ်ငယ်လေးရှိသေးတာ တကယ်ကောမှတ်မိလို့လားဟု မေးရင် တကယ်ပါလို့ ဖြေပါရစေ။

လွန်ခဲ့တဲ့ ၈နှစ်၉နှစ် မိုးရာသီ
မိုးတွေသည်းတိုင်း ကျွန်မတို့လမ်းထဲမှာ ရေကြီးတယ်။ လမ်းထိပ်နားမှာဆို ပေါင်တစ်ဝက်ထိတောင် ရောက်တယ်။ ကျွန်မအရပ်နဲ့တိုင်းရင် ပြောတာနော်။ အဲ့တုန်းက ၁၁နှစ်၁၂နှစ် သမီးအရွယ်ပေါ့။ ကျွန်မတို့ အိမ်က လမ်းအလယ်မှာဆိုတော့ ရေက ခြေသလုံးနားလောက်ထိပဲ။ ရေကြီးရင် ကျွန်မတအားပျော်တယ်။ သတင်းစာတွေကို ခေါက်ခေါက်ပြီး သဘောင်္လွှတ်ရလို့။ တစ်ခါတစ်လေ လူကြီးတွေလစ်ရင် ရေထဲခိုးဆင်းသေးတယ်။ ဒီလောက် အမှိုက်တွေ ပေါလောပေါ်ပြီး ညစ်ပတ်နေတဲ့ ရေထဲကို ဆင်းတာပဲ။ ငယ်ငယ်တုန်းက အတော်ကဲပါတယ်။ အမေက တွေ့ရင်အော်ပါတယ်။ ၀ဲပေါက်ချင်လို့လားတဲ့ ရေသွားချိုးစမ်းဆိုပြီး။ ဟီး

လွန်ခဲတဲ့ ၅နှစ် ၉တန်းနှစ်
ကျွန်မတို့ကျောင်းက ကျောင်းဆင်းချိန်ဆို လာကြိုတဲ့မိဘများ အပေါက်ဝတွေ ပြွတ်ခဲနေတတ်ပါသည်။ ကျွန်မအိမ်ကတော့ အမြဲကျောင်းကြိုနောက်ကျသည်။ သိပ်တော့ မနောက်ကျပါ။ ၁၁နာရီခွဲ ကျောင်းဆင်းသည်တွင် ၁၂နာရီ၄၅မိနစ်လောက်မှ လာကြိုတတ်သည်။ ထိုနေ့က ကျောင်းဆင်းတော့ ကျွန်မသူငယ်ချင်းက ထီးမပါလာ။ ထို့ကြောင့် ကျွန်မနှင့် ထီးကပ်ဆောင်းသည်။ သူက အရပ်ပိုရှည်တော့ ထီးကို သူကိုင်သည်။ အပေါက်ဝနားလည်း ရောက်ကော သူ့အမေကိုတွေ့တော့ ပြေးသွားပါသည်။ ထီးပါ တစ်ခါတည်းမသွားသည်။ ကျွန်မလှမ်းခေါ်သော်လည်း လှည့်မကြည့်။ လူကောင်ညှပ်သည့် ကျွန်မ လူအုပ်ကြားထဲတိုးပြီး သူ့နောက်မလိုက်နိုင်။ ကျောင်းအပြင်ဖက်ရောက်တော့ မိုးခိုစရာနေရာလိုက်ရှာသည်။ မိုးကတအားသည်းသဖြင့် လူတော်တော်များများ အမိုးတွေအောက်ရောက်နေသောကြောင့် နေရာတော်တော်နှင့် မရ။ ထိုကြောင့် ကျွန်မကြွက်စုတ်ဖြစ်ခဲ့သည်။ လွယ်အိတ်ရော စာအုပ်ရော အကုန်စိုသည်။ အိမ်ရောက်တော့ ခိုက်ခိုက်တုန်နေပြီ။ မားသားက ဆူသည်။ စေတနာတယ်ကောင်းပြီး ထီးပါပေးလိုက်ရသလားတဲ့။

လွန်ခဲ့တဲ့ ၄နှစ်
၁၀တန်းပြီးတော့ ၂၈လမ်းမှာ အင်္ဂလိပ်စာသင်တန်းသွားတက်သည်။ အိမ်က အစ်ကိုက သူမအားဟု အကြောင်းပြကာ လမ်းလျှောက်သွားခိုင်းသည်။ အိမ်နှင့် ၂၈လမ်းအတန်ငယ်ဝေးသည်။ နာရီဝက်လောက်တော့ အနည်းဆုံးလမ်းလျှောက်ရသည်။ ကျွန်မအကျင့်က မိုးရွာထဲ ဒါမှမဟုတ် မိုးရွာပြီးစ လမ်းလျှောက်ရင် ဗွက်အမြဲစင်သည်။ သူများတွေစင်တာထက် ပိုစင်သည်။ ကျူရှင်ရောက်လျှင် ကျွန်မ ဘောင်းဘီရှည် အနောက်ဘက် ပေါင်ရင်းလောက်ထိ ရွှံ့တွေက အပြည့်။ ကြည့်မကောင်း ရှုမကောင်း။ နောက်ပိုင်း အ၀တ်အပိုယူသွားရသည်။ ဗွက်ထူသောလမ်းတွင် မိုးရွာချိန်လမ်းလျှောက်ရသည်မှာ ကျွန်မအမုန်းဆုံးအရာဖြစ်ခဲ့သည်။

၂၀၀၆ ၂၀၀၇ ၂၀၀၈ ၂၀၀၉
ကျွန်မ ရန်ကုန်က ထွက်ခဲ့သည်။ စင်ကာပူရောက်လာသည်။ ဒီမှာလည်း မိုးရွာပါသည်။ အခုလည်း သည်းကြီးမည်းကြီးရွာနေပါသည်။ ဒါပေမဲ့ ကျွန်မမိုးရေထဲထွက်ပြီး တစ်ခါမှ မကစားဖြစ်။ ရန်ကုန်တွင် မိုးရေထဲ ကစား၍ဖျားရင် ဂရုစိုက်မည့် အမေရှိသည်။ အော်မည့် အမေရှိသည်။ ဒီမှာ ကျွန်မကို ဘယ်သူမှ မအော်ပါ။ ဘယ်သူမှ ဖျားရင် ဆေးမတိုက်ပါ။ အမေနဲ့ဝေးတဲ့အရပ်မှာ ကျွန်မအကြောက်ဆုံးက ဖျားမှာကိုပါ။ ကျွန်မ ရောက်ရောက်ချင်းက ဖျားပါသည်။ ကိုယ့်ဟာကို ဆေးသောက်ရသည်။ ကိုယ့်ဟာကို ရေခဲကပ်သည်။ ဘာမဆို ကိုယ့်ဟာကိုယ်။ အိမ်ကို လွမ်းပါသည်။ အမေ့ကို လွမ်းပါသည်။ အမေမှုတ်ပြီးတိုက်တဲ့ ကြက်စွပ်ပြုတ်ပူပူလေးကို သောက်ချင်ပါသည်။
စင်ကာပူမိုးသည် အထီးကျန်မှုကို ပေးသည်။ ဒီတလော မိုးရွာရင် ငိုချင်သလိုလို လွမ်းသလိုလိုကြီးဖြစ်လာသည်။ ဘာဖြစ်လို့ဖြစ်မှန်းတော့မသိ။ အီမို ထင်ပါရဲ့။ :)
ကျွန်မ မိုးရေထဲ လမ်းလျှောက်ရတာ ကြိုက်သည်။ မှတ်မှတ်ရရ စင်ကာပူမှာ တစ်ခါပဲ မိုးရေထဲ လျှောက်ဖူးသည်။ ကျောင်းကအပြန် သူငယ်ချင်းဆီကလည်း ထီးငှားမရတာနဲ့ လွယ်အိတ်ကို ရေမစိုအောင် အုပ်ပြီ မိုးရေထဲပြန်လာဖူးသည်။ နောက်တစ်ခါ vivo city မှာ သူငယ်ချင်းနှင့်သွားတုန်းက မိုးဖွဲဖွဲကျနေသည်။ ထိုအချိန် ရေကန်ထဲမှာ လူတစ်ချို့ ရေကစားနေသည်။ ကျွန်မလည်း မိုးဖွဲဖွဲလေးအောက်မှာ ရေထဲဆင်းဆော့ချင်သည်။ ရေကန်ကို လှည့်တကြည့်ကြည့်ဖြစ်နေသည်။ သူငယ်ချင်းကလည်း ရိပ်မိသည်ထင်။ ဆော့ဖို့ပြောသည်။ သို့သော် နောက်ဆုံးတော့လည်း မကစားဖြစ်ပါဘူး။
ကျွန်မမကောင်းတဲ့ အကျင့်က အဲ့ဒါပဲ။ လုပ်ချင်ရင် မလုပ်ဘူး။ ဟိုဟာစဉ်းစားဒီဟာစဉ်းစားနဲ့။ လုပ်သင့်သလာ မလုပ်သင့်ဘူးလားတွေးလွန်းလို့ ကျွန်မဘ၀မှာ အရာတော်တော်များများလက်လွှတ်ခဲ့ရတယ်။ အခုတော့ လုံးဝ ဆုံးဖြတ်ထားတယ်။ နောက်တစ်ခါ မိုးရွာတာနဲ့ ကြုံရင်တော့ မိုးရေထဲမှာ စိတ်ရှိလက်ရှိကို ဆော့မယ်.. လမ်းလျှောက်မယ်။

ကဲ မိုးလည်းသိပ်သွားပီ။ ရေးရတာလည်း နည်းနည်းညောင်းသွားဘီဆိုတော့.... တော်သေးပီ။


Thursday, March 26, 2009

သူငယ်ချင်းများရဲ့ ကဗျာ

ဒီရက်ပိုင်း မတရားအပျင်းထူနေပါတယ်။ ပို့စ်အသစ်ရေးဖို့ အကြံဥာဏ်များမှာလည်း ပေါ်ပေါ်ချင်း ချမရေးသည့်အတွက် ပြန်ပြန်ပျောက်သွားပါသည်။ အပျင်းထူတာ ပျောက်တဲ့ဆေးများရှိရင် ပြောကြပါ။ ကျေးဇူးဆပ်ပါမည်။ :)

အခုတော့ စာရေးရမှာ ပျင်းတာနဲ့ ဖတ်မိတဲ့ သူငယ်ချင်းတွေရဲ့ ကဗျာတွေတင်လိုက်ပါတယ်။ ကျွန်မရဲ့ သူငယ်ချင်းအချို့ဟာ ကဗျာရေးတော်တော်ကောင်းပါတယ်။ သူတို့ရေးသော ကဗျာများမှာ ကောင်းသော်လည်း ဘယ်မှာမှ မတင်ဖူးပါ။ ထို့ကြောင့် သူတို့ဆီက ခွင့်ပြုချက်ယူပြီး ကျွန်မဘလော့လေးမှာ တင်လိုက်ပါတယ်။

ကဗျာဆရာ ဆရာမ တွေကတော့ မTTH နဲ့ ကောင်းမြတ်ထွန်းဖြစ်ပါတယ်။ ကဗျာလေးတွေကို ပေးသုံးတဲ့ အတွက် ကျေးဇူးတင်ပါတယ်နော်။

Tuesday, March 24, 2009

ဝါသနာလေးများ(Tag game)

ကဲ မမနေခြည်နဲ့ မမမိုးခါးရေ... အကြွေးဆပ်ပြီနော်။ Tag gameတဲ့။ တစ်ခါမှတော့ အtagမခံရဖူးဘူး။ ကိုကိုမမတွေရဲ့ ဘလော့တွေမှာတော့ တွေ့ဖူးပါရဲ့။ ခုတော့ မမ၂ယောက်ကျေးဇူးကြောင့် ရေးဖူးသွားပြီပေါ့နော့။

ကျွန်မမှာ ၀ါသနာသေးသေးကြီးကြီး အတော်များများရှိပါတယ်။ တစ်ချို့ကတော့ ၀ါသနာပါပေမဲ့ သိပ်မလုပ်ဖြစ်ပါဘူး။ အဲ့ဒီတော့ ၀ါသနာလည်းပါ လုပ်လည်းလုပ်ဖြစ်တာလေးတွေပဲ ရေးပါ့မယ်။

ဓာတ်ပုံရိုက်ခြင်းနှင့်ပြင်ခြင်း
ငယ်ငယ်ထဲက ဓာတ်ပုံအရိုက်ခံရတာ ၀ါသနာပါပါတယ်။ ကြီးလာတော့ ၀ါသနာက ပိုရင့်လာပါတယ်။ ကျွန်မက ဓာတ်ပုံမစားပါ။ ရိုက်ထားသော ဓာတ်ပုံများကို ကြည့်လျှင် ၁၀ပုံမှာ ၁ပုံသာ ကောင်းပါသည်။ သို့သော် အသေရိုက်ပါသည်။ ရန်ကုန်တစ်ခါတစ်ခါ ပြန်လျှင် ရိုက်ဖြစ်သည့် ဓာတ်ပုံများမနည်းပါ။ အရင်က ဖလင်များနှင့်ရိုက်တုန်းက ဖလင်နှမြော၍ အားတိုင်းယားတိုင်း မရိုက်ပါ။ အခုတော့ ဒီဂျစ်တယ်ခေတ် ဖြစ်လာ၍ ကျွန်မအကြိုက်ဖြစ်သွားသည်။ ထို့အပြင် Photoshop လေးနှင့် ဟိုကလိ ဒီကလိ လုပ်ပါသည်။ ပြီးရင် Edit လုပ်ပြီးသော ပုံများကို ကြည့်၍ ကောင်းကောင်းမကောင်းကောင်း ပီတိဖြစ်တတ်ပါသေးသည်။

စာဖတ်ခြင်း
စာဖတ်တာကို အင်မတန် ၀ါသနာပါပါသည်။ ၂တန်းလောက်ထဲမှ စ၍ အပြင်စာများကို စဖတ်ဖြစ်သည်။ စာဖတ်ခြင်းဟု ပြောလိုက်၍ အထင်မကြီးသွားမိစေရန် ကြိုတင်ပြောကြားလိုပါသည်။ အကြောင်းမှာ ဖတ်သောစာများမှာ ဗဟုသုတရသော စာအုပ်ထက် ကာတွန်းစာအုပ်၊၀တ္ထုစာအုပ်များကိုသာ ပိုဖတ်သောသောကြောင့် ဖြစ်ပါသည်။ အိမ်တွင် ငယ်စဉ်ကတည်းက ထွက်သမျှ ကာတွန်းဂျာနယ် အကုန်ဝယ်သည်။ ပုံပြင်စာအုပ် တစ်ပတ်တစ်အုပ်ဝယ်ဖြစ်သည်။ ၇တန်းလောက် အရောက်တွင် ကျွန်မ၀ယ်ထားသော ဂျာနယ် နှင့် စာအုပ်များမှာ စတိုခန်း၏ ထက်ဝက်ခန့်ကို နေရာယူထားလေပြီ။ ကာတွန်းကို ၀ယ်ရုံတင် အားမရသေး။ စာအုပ်ဆိုင်က ငှားဖတ်သည်။ ဘိုဘို တွတ်ပီ ပိုးဇာ ဂျောက်ဂျက် ယူနိုင် ဒီရဲဂျာ သက်ပိုင်ရဲ ရှင်နှောင်း.. အမ်မလေး ပြောရင်ကုန်မှာ မဟုတ်တော့ဘူး။ အကုန်ဖတ်တယ်။ စာအုပ်ဆိုင် တစ်ဆိုင်ထဲ ငှားရတာ အားမရလို့ ၃ဆိုင် ပတ်ငှားတယ်။ ကျောင်းပိတ်ရက်ဆို တစ်နေ့ကို ကာတွန်း ၄ အုပ်ကနေ ၁၂အုပ်ထိ ဖတ်တယ်။ ရသမျှ မုန့်ဖိုးနဲ့ စာအုပ်ဖိုးတောင် မလောက်ဘူး။ အိမ်ကလူကြီးတွေကလည်း အပြင်မှာ လတ်လျားလတ်လျားမလုပ်ပဲ စာအုပ်ပဲဖတ်တာဆိုတော့ ဘာမှ သိပ်မပြော။ ၈တန်း ၉တန်းလောက် ရောက်တော့ လိုင်းပြောင်းသွားသည်။ ကာတွန်းနှင့် ပုံပြင်အစား ၀တ္ထုစာအုပ်များ အစားဝင်လာသည်။ ၀တ္ထုများကိုတော့ မ၀ယ်။ ဆိုင်မှ ငှားဖတ်သည်။ အမေက အချစ်ဝတ္ထုများ ပေးမဖတ်။ လွန်းထားထား ပုညခင် အိမ်သို့ သယ်လာခွင့်မရှိ။ တော်သေးသည်။ တာရာမင်းဝေ မင်းခိုက်စိုးစန် အကြည်တော် စာအုပ်များကို ဟာသစာအုပ်များဟု ပြောကာ အိမ်ငှားလာရင် ဘာမှမပြော။ ခုလောက်ဆိုရင်တော့ စာဖတ်ဘယ်လောက် ၀ါသနာကြီးလဲ သိလောက်ရောပေါ့။ ခုဒီရောက်လာတော့ အီးဘုတ်ခ်များနှင့်သာ ကျေနပ်နေရတော့သည်။ အဟင့်။

အစားအသောက်
ကျွန်မက ထမင်းနဲ့ဟင်းထက် သရေစာ ပိုကြိုက်တယ်။ ရန်ကုန်မှာတုန်းက တရုတ်တန်းမှာနေတော့ ညနေစောင်းပြီဆိုတာနဲ့ ချစ်မားသားဆီက ပိုက်ပိုက်တောင်း။ လမ်းထိပ်ထွက်ပြီး မုန့်လျှောက်ပတ်စားတာ။ တစ်ခါတစ်လေ ညစာထမင်းတောင် မစားဖြစ်ဘူး။ ညစာအလွတ် အပီဆွဲတာ။ ဘယ်နေရာမှာ ဘာမုန့်ကောင်းတယ် ဘယ်ဆိုင်ကောင်းတယ်ဆိုတာ အကုန်သိ။ စင်ကာပူရောက်တော့လည်း အားရင် ဟင်းချက်ကောင်းတဲ့ ဘလော့ဂါမမတွေဆီလျှောက်လည်။ သရေကျ။ အပြင်ရောက်ရင် ဟိုသရေစာ ဒီသရေစာ တို့တိတို့တိစား။ ဘလော့မှာ ဟင်းချက်နည်းတွေကိုမှတ် ပြီးရင် ခင်တဲ့မမတွေအိမ်ကိုသွား။ ချက်ကျွေးခိုင်း။(အမှန်တော့ ကိုယ့်ဟာကိုယ်ချက်စားကြည့်ချင်ပါတယ်။ ဒါပေမဲ့ အိမ်ရှင်က မီးဖိုချောင် သုံးခွင့်မပေးပါဘူး) ကဲ အဲ့လိုမျိုးလည်း အစားအသောက် ၀ါသနာကြီးပါသတဲ့။

တော်ပြီ။ ကြာရင် အစားပုတ်တဲ့ အကြောင်းတွေ ပေါ်ကုန်တော့မယ်။
ဘယ်သူ့ကို ဆက်tagရမလဲလို့ စဉ်းစားတော့ ဒီလိုအိုင်ဒီယာရပါတယ်။ အခုဒီစာကြောင်းကို ဖတ်မိတဲ့သူတွေအားလုံးကို tagပါတယ်။ ဘာအခုမှ မဖတ်တော့ဘူးလုပ်နေတာလဲ။ မရတော့ဘူး။ငှင်းငှင်း။ ရေးရတော့မယ်။ဒါပဲ။
ဟဟား။ ပေါတာတွေ တော်သင့်ပြီ။ တော်ကြာ တည်တည်ကြည်ကြည်နေတဲ့ ဘာဘာကို ငပေါမလေးလို့ ထင်ကုန်ကြတော့မယ်။ နောက်တာပါ။ ရေးချင်တဲ့ လူတွေရေးကြပါ။ ပြီးရင် ဆီပုံးမှာ အော်ခဲ့ပါ။ တစ်ယောက်ချင်းဆီကို သေချာလာလည်ဖတ်ပါ့မယ်။ :)


Sunday, March 22, 2009

တွေးမိတွေးရာများ

Training နောက်၂ရက်မှာတော့ ပထမနေ့လောက်တော့ မဆိုးတော့ပါဘူး။ နည်းနည်း အဆင်ပြေတယ်။ ဒါပေမဲ့ စလုပ်လုပ်ချင်းမို့လား မသိဘူး။ လုပ်ရတာတော့ မပျော်ဘူး။ အလုပ်ကို မသွားချင်တာ။ ဒါပေမဲ့လည်း "ပျော်ရာမှာ မနေရ၊ တော်ရာမှာနေရ" လို့ပဲ စိတ်ထဲတွေးပြီး အလုပ်ဆက်သွားရတာပေါ့ကွယ်။

ဗဟုသုတတော့ အတော်ရသား။ ကျန်းမာရေးဗဟုသုတတွေပေါ့လေ။ လူနာပေါင်းစုံကိုလည်းတွေ့ပြီး အတွေးတွေလည်း များမိပါရဲ့။
တစ်ခါကဆို ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ယောက် လာပြတယ်။ သူက မွေးခါနီးပြီ။ ကျွန်မတို့ ဒေါက်တာမမနဲ့ မွေးမှာ။ ခွဲမွေးမှာတဲ့။ ဘာလို့လဲဆိုတော့ Horoscope တွက်ချက်မှုအရ April ၃ရက်နေ့ မနက် ၉နာရီက နေ ၁၁နာရီ အတွင်း မွေးရမယ်ဆိုပဲ။ အစက သူက Apr ၁ရက်နေ့ မွေးဖို့ Date လုပ်ထားတယ်။ နောက်တော့ Apr ၁ က April Fool Day မို့လို့တဲ့။ ၃ရက်နေ့ ပြောင်းလို့ရမလားဆိုပြီး ဆရာဝန်နဲ့ လာတိုင်ပင်တယ်။ April Fool Dayမှာ မွေးတော့ ဘာဖြစ်မှာကျလို့။ ရယ်တော့ ရယ်ရသား။ ဧပြီ၁ရက်နေ့မှာ မွေးတဲ့ ဖြိုးမော်တစ်ယောက်တော့ သူ့ဖွားဖက်တော် ညီလေး(သို့)ညီမလေး တစ်ယောက် လျော့သွားတာပေါ့လေ။ အဲ့လိုတွက်ချက်ပြီးမွေးတာနဲ့ ပတ်သက်ပြီး ကျွန်မတစ်ခုတွေးမိတယ်။ လူတစ်ယောက်ရဲ့ ကံကြမ္မာက မိခင်ဗိုက်ထဲရောက်ကတည်းက သတ်မှတ်ပြီးသားလို့ ထင်တာပဲ။ အဲ့လိုမျိုး အချိန်တွေ ပြောင်းပြီးမွေးလိုက်လို့ကော အဲ့ဒီကလေးရဲ့ ကံကြမ္မာက ပြောင်းသွားမှာလားဟင်။ ဘုရားသတ်မှတ်ပေးတဲ့ ကံကြမ္မာ(ဒါမှမဟုတ် ကိုသီဟသစ်ပြောသလို အတိတ်ကံက သတ်မှတ်ပေးတဲ့ ကံကြမ္မာ)ကို လူတွေက ကိုယ်တိုင်သတ်မှတ်ဖို့ ကြိုးစားနေသလိုပါပဲ။ ကျွန်မအတွေးလေးကို ပြောကြည့်တာပါ။ ပျင်းလို့ လျှောက်စဉ်းစားကြည့်တာနော်။


Thursday, March 19, 2009

အလွဲများနဲ့ ကွန်မ၏တစ်နေ့တာ

ဒီရက်ပိုင်း စာရေးရမှာ အပျင်းထူနေပါတယ်။ အလုပ်ကိစ္စနဲ့ နည်းနည်းစိတ်ရှုပ်တာလည်း ပါတယ်။ အခု အလုပ်ကလည်း ရသလိုမရသလိုဖြစ်နေပါတယ်။ မနေ့က interview ၂ခုသွားပါတယ်။ ပထမတစ်ခုကတော့ ရေရေရာရာ မရှိလှပါဘူး။ မေးခွန်းနည်းနည်းမေးပြီး နောက်မှ ပြန်ဆက်သွယ်ပါ့မယ်ဆိုပြီး ပြီးသွားတယ်။ ဒုတိယ interview ကျတော့ အင်တာဗျူးတဲ့ ဒေါက်တာမမက အသက်၃၀ကျော်ဝန်းကျင်ပဲ ရှိပါသေးတယ်။ Training ဆင်းကြည့်ပါတဲ့။ ဒီအလုပ်က ညီမနဲ့ အဆင်ပြေမပြေမသိတော့ စမ်းလုပ်ကြည့်ပေါ့တဲ့။ ၃ရက်လောက်လုပ်ပြီး အဆင်ပြေရင် ဆက်လုပ်ပါလို့ ဒေါက်တာမမက ပြောပါတယ်။ ရာထူးကတော့ သူ့ရဲ့လက်ထောက်ပေါ့နော်။ အလုပ်ရှင်က ချောချောလှလှလေး။ စကားပြောလေးကလည်းချို။ အဲ့တော့ ဒီလို သဘောကောင်းကောင်း အလုပ်ရှင်နဲ့ လုပ်ရတော့ ကောင်းတာပေါ့ဆိုပြီး ခေါင်းကို ဆတ်ဆတ်ငြိမ့်လို့ ဒီနေ့Training စဆင်းတယ်ပေါ့ကွယ်။

သို့သော်လည်း အလုပ်စဆင်းတော့ အထင်နဲ့အမြင်က မှားခဲ့လေပြီ။ မနေ့က စကားချိုသော မမဒေါက်တာ။ ဒီနေ့ ဆေးခန်းရောက်တာနဲ့ ကောင်တာက ကောင်မလေး၂ယောက် လေပေါနေတာတွေ့လို့ စအော်ငေါက်ပါလေရော။ ကျွန်မတောင် နည်းနည်းလန့်သွားတယ်။ ပြီးတော့ ကျွန်မကို ၀န်ထမ်းတစ်ဦးက ဆေးlabel တပ်နည်းတွေ Lab form ရေးနည်းတွေ blah blah သင်ပေးတယ်။ ဆေးနာမည်တွေလည်း မှတ်ရသေးတယ်။ အဓိက တာဝန်က ဆရာဝန် consultation လုပ်နေတဲ့ အချိန် သူလိုအပ်သမျှလုပ်ပေးရမယ်။ သူ့ပါးစပ်က ဆေးနာမည် တစ်ခုထွက်ပြီဆိုတာနဲ့ ဗီရိုဖွင့် ဆေးထုတ်။ လူနာနာမည် နဲ့ ဆေးအညွှန်းရေး။ ပြီးရင် ဆရာဝန်က ဘာကို စမ်းသပ်မယ်ဆိုတာနဲ့ လိုအပ်တဲ့ ပစ္စည်းကိရိယာတွေ အဆင်သင့်ထုတ်။ လူနာတွေ ကုတင်ပေါ်တက်ရင် တွဲတင်ပေး တွဲချပေး။ ဗဟုသုတတော့ အတော်ရသား။ ဒါပေမဲ့ ဒေါက်တာမမက စိတ်အလွန်ကြီးကြောင်း မျက်ဝါးထင်ထင်တွေ့ခဲ့ရသည်။ လုပ်တာကိုင်တာ နှေးရင် အော်ခံထိဖို့ပြင်။ မှားရင်တော့ သေဖို့သာပြင်ပေတော့။ တစ်ခါ သူခိုင်းတာ ဘာခိုင်းမှန်းမသိ၍ ကြောင်နေတဲ့ ကျမ ကောင်းကောင်းကလော်တုပ်ခံရ။ သူ့ultrasound machine ပေါ် လက်မအားလို့ မှတ်စုစာအုပ်ခဏတင်မိ။ ထပ်အအော်ခံရ။ ဆေးဗီရိုတွင် စာရေးရင် ဆွဲထုတ်ရသော သစ်သားအပြားလေးရှိသည်။ ထိုသစ်သားအပြားလေးအား အထုတ်အသွင်းတွင် အားနည်းနည်းပြင်းသွားသည်။ ခြိမ်းခြောက်ခံရသည်။ ပျက်ရင် လစာထဲက နှုတ်မည်ဟု။ လစာကဖြင့် ဘယ်ဆီနေမှန်းမသိသေး။ ဆေးမှတ်တမ်းပေါ်တွင် လူနာနာမည်နှင့် IC ရေးခိုင်းသည်။ လူနာ နာမည်မှာ မတရားရှည်သောကြောင့် နေရာမဆန့်။ မြှားထိုးပြီးရေးမိသည်။ ထပ်ဆူခံရသည်။ နာမည်ရှည်မှန်းသိရင် အစထဲက ချုံ့ရေးပါလားတဲ့။ အခုကြည့်မကောင်း ရှုမကောင်းနဲ့တဲ့။ ကျွန်မလည်း ဒါဆို နောက်တစ်ရွက်ထပ်ရေးလိုက်ပါ့မယ်ဆိုပြီး စာရွက်နောက်တစ်ရွက် အပြေးသွားယူ။ ပြန်လာတော့ မမက ပြော၏။ စာရွက်သိပ်ပေါနေလားတဲ့။ စာရွက်ဆိုတာ သစ်ပင်ကလုပ်တာဆိုတာ နားလည်တယ်မလား။ စာရွက်ဖြုန်းတီးတာ သစ်ပင်တွေကို သတ်တာနဲ့ တူတူပဲ။ ပြန်သွားထားတဲ့။ သြော်... ဘာလုပ်လုပ်တလွဲပါလား ငါ့နဲ့နော်။ တော်ပါသေးရဲ့။ မမက လှည့်ပတ်အော်ငေါက်ရတာ မောသွားပြီထင့်။ ဒီနေ့ သင်ပေးတာတွေ အကုန်ချရေးတဲ့။ ပြီးရင် ပြန်တော့တဲ့။ ကျွန်မလည်း အတက်ကြွဆုံးရေးတော့တာပေါ့။ ရေးပြီးသွားတော့ မမက မေးပါတယ်။ မနက်ဖြန် Training လာအုံးမှာလားတဲ့။ အလုပ်ကလည်း ရှာရခက်တယ်ဆိုတော့ ရနိုင်တဲ့ ဒီအလုပ်လေးပဲ ဆက်ကြိုးစားကြည့်ရမှာပေါ့ကွယ်။ ဟင့်။ အဲ့တော့ လာမယ်ပဲပြောလိုက်ရတာပေါ့။ ကဲဒီတော့ ဒီည ဘုရားသေချာရှိခိုးသွားမှ။ မနက်ဖြန် ဒေါက်တာမမ စိတ်ကောင်းဝင်ပြီး တပည့်တော်မလည်း ဆူပူအော်ငေါက်ခံရခြင်းဘေးမှ ကင်းဝေးစေသောဝ်။ ။


Tuesday, March 17, 2009

မက်ခွင့်မရှိလိုက်တဲ့ အိပ်မက်တစ်စုံ -၂

လေပြေ မောင့်ဆီက ထိုစကားကြားပြီး စိတ်တွေ ယောက်ယက်ခတ်နေတယ်။ ခေါင်းထဲမှာလည်း အတွေးတွေက စုံလို့။ ထိုတစ်ခဏ သူမ မောင့်ကို ဘာပြန်ပြောရမှန်းမသိအောင် ဆွံအနေခဲ့မိသည်။"ကျွန်မ ပြန်တော့မယ်မောင်။" ဆိုတဲ့ တစ်ခွန်းထဲ ပြောပြီး လှည့်ထွက်ခဲ့တယ်။ မောင်က ပြန်လိုက်ပို့ပေးမယ်ဆိုသော်လည်း သူမ taxi ကို ဇွတ်တားပြီး ထွက်လာခဲ့တယ်။
အိမ်ပြန်ရောက်တာနဲ့ အခန်းတွင်းအောင်းနေမိတယ်။ ဒီလိုဆို သူမလည်း ဆေးသွားစစ်သင့်ပြီ။ သို့သော် ဆေးသွားစစ်ရန် လုံလောက်တဲ့ သတ္တိ လေပြေမှာ မရှိတာတော့ အမှန်ပင်။ဘာလို့ ဒီလို ကံကြမ္မာဆိုးကြီးက လေပြေနဲ့မောင်အပေါ် ကျလာတာလဲကွာ။ လက်ထပ်ပြီး တစ်ပတ်မျှသာ ရှိသေးတဲ့ ဇနီးမောင်နှံ အသစ်စက်စက်လေးကိုမှ ကံတရားက ရက်စက်လေခြင်း။ မောင် အိမ်ပြန်ရောက်လာတော့လည်း စကားမပြောဖြစ်။ အတွေးကိုယ်စီနဲ့ ၂ယောက်လုံးနှုတ်ဆိတ်နေမိတယ်။ ထိုတစ်ညလုံး သူမ တစ်မှေးမှ အိပ်မရခဲ့။ မောင်လည်း အိပ်လို့ရမည်မထင်။ နောက်ဆုံးတော့ လေပြေ ခိုင်မာတဲ့ ဆုံးဖြတ်ချက်တစ်ခု ချလိုက်သည်။ မနက်ဖြန် မနက်စောစော သူမဆေးသွားစစ်မည်။ မောင့်ကိုတော့ မခေါ်သွားတော့။ သူမတစ်ယောက်ထဲသွားမည်။
နံနက် ၆နာရီ ။ သူမတစ်ညလုံး မအိပ်ရသေးသော်လည်း ဆေးသွားစစ်ရမည်ဟူသော စိတ်ကြောင့်ထင်သည်။ အိပ်ချင်စိတ် လုံးဝမရှိ။ မောင်ကတော့ မိုးလင်းခါနီးမှ အိပ်ပျော်သွားသည် ထင်၏။ အိပ်မောကျနေသည် မှာ လုံးဝ အပြစ်ကင်းစင်လှသည်။ ဒီလို ရောဂါမျိုး မောင့်လို လူဆီမှာဖြစ်တယ်ဆိုတာ လေပြေခုချိန်ထိ ယုံရခက်ဆဲ။ အိပ်ရာထဲလည်း ဆက်မလှဲချင်တော့တာနဲ့ ရေမိုးချိုး ၊ဘုရားရှိခိုးပြီး မနက်စာအတွက် ပြင်ဆင်သည်။ သူမအိမ်က ထွက်လာချိန်အထိ မောင် အိပ်ရာက မနိုးသေး။ ထို့နောက် သူမ အိမ်မှ စောစောထွက်ကာ ရွှေတိဂုံဘုရားသို့ ၀င်သည်။ ထို့နောက် ဆေးစစ်ရန် ထွက်လာခဲ့သည်။ လမ်းတစ်လျှောက် သူမတွေးနေမိသည်။ အကယ်လို့ ဆေးစစ်တာ POSITIVE ဆိုရင် သူမ ဘာဆက်လုပ်မည်နည်း။ သူမ အသက် ၂၂နှစ်သာရှိသေးသည်။ သူမနှင့် မောင်တို့ ပျော်ရွှင်တဲ့မိသားစုဘ၀လေး ထူထောင်ကြမည်ဟု အိပ်မက်ထားသမျှ တကယ်ပဲ ဖြစ်မလာနိုင်တော့ဘူးလား။ ဆေးခန်းရှေ့ရောက်လာမှ သူမအတွေးစတွေ ပြတ်သွားသည်။ ဆေးခန်းရောက်ရောက်ခြင်း ဆေးစစ်လို့မရသေး။ အရင် consultation ၀င်ရသည်။ ဆရာဝန်မ ပြောသော စကားများ နားထဲဝင်တစ်ချက် မ၀င်တစ်ချက်။ ထို့နောက် ဆေးစစ်ပြီး အိမ်ပြန်လာခဲ့သည်။ "အဖြေရရင် ဖုန်းဆက်လိုက်မယ်။ ၂ ရက်အတွင်းတော့ ရမှာပါ။ စိတ်အေးအေးထားပါ မလေပြေ။ ဒါမျိုးက ဖြစ်ခဲပါတယ်။ "သူမလည်း ခေါင်းအသာငြိမ့်ကာ ထွက်လာခဲ့သည်။
အိမ်ပြန်ရောက်တော့ မောင် အိမ်မှာမရှိ။ company သွားတာပဲ ဖြစ်မည်။လေပြေ မောင့်ကို ချီးကျူးမိသည်။ ဤသို့ ကြောက်မက်ဖွယ် ရောဂါဆိုးကြီး စွဲကပ်နေသော်လည်း မောင် တည်ငြိမ်လွန်းသည်ဟု လေပြေထင်သည်။ သူလုပ်စရာရှိသော အလုပ်များကို မူမပျက် လုပ်သွားနိုင်သည်။ အကယ်လို့ သူမသာ မောင့်နေရာမှာဆို မောင့်လိုနေနိုင်ပါ့မလား။ မင်္ဂလာဧည့်ခံပွဲအတွက် ပြင်ဆင်ချင်စိတ်လည်း သူမမှာ မရှိတော့။ လေပြေတို့အတွက် အဓိပ္ပာယ်မှ မရှိတော့ပဲ မောင်ရယ်။ ညနေကျတော့ မောင်ဖုံးဆက်ရှာပါသည်။ မင်္ဂလာခမ်းဝင်ပစ္စည်းတွေ သွားကြည့်ချင်သေးလားတဲ့။ သူမစိတ်မပါလို့ မကြည့်တော့ဘူးဟု ပြောလိုက်သည်။ မောင်လည်း သူမစိတ်အခြေအနေကို နားလည်သည်ထင်ပါတယ်။ "ဒါဆိုလည်း မောင်စောစောပြန်လာမယ်နော်"ဆိုပြီး ဖုန်းချသွားသည်။
မောင် အိမ်ပြန်လာတော့ သူမတို့ ညစာတူတူစားဖြစ်သည်။ ခါတိုင်း ရယ်မောစနောက်သံတွေနှင့် ပြည့်နှက်နေသော ထမင်းဝိုင်းလေး အခုတော့ တိတ်ဆိတ်ခြောက်သွေ့မှုတွေသာ ကြီးစိုးနေသည်။ ထိုတိတ်ဆိတ်မှုကို မောင်ကပဲ စတင်ဖြိုခွင်းလိုက်သည်။ "ကျေးဇူးတင်ပါတယ် လေပြေ။" သူမ ခေါင်းငုံ့ထမင်းစားနေရာမှ မော့ကြည့်မိသည်။ မောင့်ပုံစံက တကယ်ကို လှိုက်လှိုက်လှဲလှဲ ပြောနေသလိုပင်။ "ဘာကိုကျေးဇူးတင်တာလဲ မောင်" "မောင်ကို ခွင့်လွှတ်ပေးလို့ပေါ့။ မောင်က လေပြေကို ပြောဖို့ တော်တော်လေး သတ္တိမွေးခဲ့ရတယ်။ လေပြေ မုန်းသွားမှာ မောင်ကြောက်တယ်။ မောင် တကယ့်ကို မိုက်လုံးကြီးခဲ့မိတာပါကွာ" "ဒီမှာ မောင်။ ကျမ မောင့်ကို ခွင့်လွှတ်တယ်လို့ ဘယ်တုန်းကမှ မပြောခဲ့ဘူး။ ခုချိန်မှ ကျမစိတ်တွေ တအားရှုပ်နေတဲ့အတွက် အဲ့ဒီကိစ္စနဲ့ ပတ်သက်ပြီး မောင့်ကို ကျမပြောဖို့ အင်အားမရှိသေးဘူး။ မောင့် အနားမှာ ဒီလောက် အစစအရာရာ လိုလေသေးမရှိအောင် ကျမတာဝန်ကြေခဲ့ရက်နဲ့ ဒီလိုမျိုးလုပ်ရက်တဲ့ မောင့်ကို ကျမဘယ်လိုနားလည်ပေးရမလဲ။ပြောပါ မောင်"သူမ၄နှစ်လုံးလုံး နှုတ်ကျိုးအောင် ခေါ်ခဲ့သော "မောင်"ဆိုသော အသုံးအနှုန်းကို မောင့်ကို စိတ်ဆိုးသည့်တိုင်အောင် ဆက်ခေါ်မိနေဆဲပင်။ "မဟုတ်ဘူး လေပြေ ... ဒီကိစ္စတွေက မောင်လေပြေနဲ့ မတွေ့ခင်တုန်းက ကိစ္စတွေပါ။ လေပြေနဲ့ တွေ့ပြီးနောက်ပိုင်း ကိုယ်တစ်ခါမှ သစ္စာမဖောက်ခဲ့တာ အမှန်ပါကွာ။"လေပြေ ထမင်းဆက်စားချင်စိတ်မရှိတော့။ ထမင်းဝိုင်းမှ ထထွက်လာသည်။
ဒီရက်ပိုင်း သူမ မောင်နှင့် ခပ်စိမ်းစိမ်းနေဖြစ်သည်။ မောင် အလုပ်က ပြန်လာရင်လည်း စကားသိပ်မပြောဖြစ်။ သို့နှင့် ဆေးစစ်ပြီး တတိယမြောက်နေ့မှာ သူမကို ဆရာဝန်မက ဖုန်းဆက်သည်။ ဆေးစစ်ထားသည့် အဖြေလွှာ ရပြီဟု အကြောင်းကြားခြင်း ဖြစ်သည်။ အဖြေကို ဖုန်းထဲက မေးတော့ ဆရာဝန်မက လူကိုယ်တိုင်လာယူဖို့ ပြောသည်။ လေပြေ စိတ်ထဲထင့်နေသည်။ ဒီလိုနှင့် ဆေးခန်းရောက်တော့ အဖြေက NEGATIVE တဲ့။ လေပြေ ၀မ်းသာသွားသည်။ ဒါပေမဲ့ ဆရာဝန်မက ဆက်ပြောသည်။ "လေပြေ နောက် ၆လနေရင်တော့ ထပ်ဆေးစစ်ဖို့လိုမယ်။ အခုက လေပြေတို့ လက်ထပ်ထားတာ တစ်ပတ်ပဲ ရှိသေးတယ်ဆိုတော့ အကယ်လို့ ရောဂါပိုးကူးခဲ့မယ်ဆိုရင်တောင် အဲ့လောက်တစ်ပတ်အချိန်အတွင်းမှာ မသိနိုင်ဘူး။" "ဟုတ်ကဲ့ပါ ဆရာမ။ လေပြေ နောက်၆လလောက်နေရင် ပြန်လာခဲ့ပါအုံးမယ်။"လေပြေစိတ်ထဲမှာ နည်းနည်းတော့ ပေါ့သွားသလိုပင်။ သို့သော်လည်း နောက်၆လဆိုသော အချိန်မှာ ဘာမဆိုဖြစ်လာနိုင်သေးသည် မဟုတ်ပါလား။
လေပြေအိမ်ပြန်ရောက်တော့ မောင်က အစောကြီးအိမ်ပြန်ရောက်နေသည်။ "လေပြေ ဘယ်သွားနေတာလဲကွာ။ မောင် ဒီနေ့ နေလို့မကောင်းတာနဲ့ အိမ်စောစောပြန်လာခဲ့တယ်။ လေပြေဖုန်းဆက်တာလည်း ဘယ်လိုမှ ခေါ်လို့မရဘူး။" "အင်း လေပြေ မေချိုတို့အိမ်ခဏသွားနေတာ။ ဖုန်းက ဘက်ထရီကုန်နေတယ်။ " သူမ စကားကို မေးတစ်ခွန်း ဖြေတစ်ခွန်းသာ မောင့်ကို ဆက်ဆံခဲ့သည်။ မောင်နေမကောင်းဘူးဆိုမှ မောင့်ကို သေချာပြန်ကြည့်မိသည်။ သူမ ပစ်ထားသော ၃၊၄ရက် အတွင်းမှာတောင် မျက်နှာချောင်ကျသွားလိုက်တာ။ မောင့်ကို သနားသလို ဖြစ်သွားသည်။ အို..ဘာလို့ သနားရမှာလည်း။ သူ့အပြစ်နဲ့ သူပဲ။ သစ္စာမဲ့တဲ့ ဒဏ်ခံရတာ။ သူမအဲ့လိုမျိုး စိတ်ကိုတင်းထားပေမဲ့ တကယ်တမ်းတော့ မနေနိုင်ပါ။ ချောင်းတဟွပ်ဟွပ်ဆိုးနေသော မောင်။ ခါတိုင်းထမင်းကို လိုက်ပွဲယူမှ ၀သည့်မောင်။ အခုတော့ ထမင်း တ၀က်ကိုပင် တပင်တပန်းစားနေရသလိုပင်။ မောင် ဘာအပြစ်တွေ လုပ်ခဲ့လုပ်ခဲ့ သိပ်ချစ်လို့ လက်ထပ်ခဲ့သောမောင့်ကိုတော့ ကြာကြာပစ်မထားနိုင်။ ရေနွေးနွေးလေးနှင့် ချောင်းဆိုးပျောက်ဆေးယူကာ သွားပေးလိုက်သည်။ နေမကောင်းသည့်ကြားမှ မောင့်အပြုံးလေးကို သူမမြင်လိုက်ရသည်။
မောင် ဒီရက်ပိုင်း အတော်နေမကောင်းဖြစ်သည်။ သူ့ကို ကြည့်ရတာလည်း လုံးဝအားမရှိသလိုပင်။ လေပြေ နေ့တိုင်း ကြက်ပေါင်းတွေ ပေါင်းတိုက်သော်လည်း မောင့်ကို ကြည့်ရတာ တော်တော်ဖျော့တော့နေသည်။ လေပြေမနေနိုင်တော့။ မောင့်ကို မေးလိုက်သည်။ "မောင်.. ဆရာဝန်ကော ပြရဲ့လား ဟင်။"မောင်က သူမကို ပြုံးပြီးကြည့်သည်။"သေမိန့်ကျပြီးသား လူတစ်ယောက်က ဆရာဝန်ဆီ သွားတော့ကော ဘာများထူးခြားမှာလဲ လေပြေရယ်"မောင်ရယ် ဖြစ်မှ ဖြစ်ရလေ။ ကိုယ့်ဟာကိုယ် သေဒဏ်ကျတရားခံတစ်ယောက်လိုတောင် သတ်မှတ်ထားပါလား။ အမှန်တော့ ဒါဟာကုမရတဲ့ ရောဂါတစ်ခု မဟုတ်ပါဘူး။ ခုခေတ်မှာ ဆေးဝါးတွေ ဒီလောက် ခေတ်မီနေတာပဲ ။ သူမ မောင့်ကို ရအောင် ကုမည်။ ပြုစုမည်။ မောင် လူကောင်းနှင့်မခြား သက်တမ်းစေ့ နေနိုင်စေရမည်ဟု စိတ်ပိုင်းဖြတ်လိုက်သည်။ သူမ မောင့်ကို ဟိုရက်ပိုင်းတွေတုန်းက လစ်လျူရှူခဲ့မိတာတောင် နောင်တရသွားသည်။ သူမမောင့်ကို နွေးထွေးတဲ့ အားပေးမှုတွေ ပေးသင့်တဲ့အစား အေးစက်တဲ့ လစ်လျူရှုမှုတွေသာ ပေးခဲ့သော်လည်း မောင်တစ်ချက်လေးမှ စောဒက မတက်ခဲ့။ သူမမောင့်ကို ဒီအတိုင်း ဖြစ်ထားလို့တော့ မဖြစ်။ မနက်ဖြန် ယုံကြည်ရတဲ့ အသိဆရာဝန်တစ်ယောက်ဆီ ခေါ်သွားရမည်။ မောင့်အသက် ၂၆နှစ်သာ ရှိသေးသည်။ သူမတို့မှာ လှပတဲ့ အနာဂတ်တွေ ရှိသေးသည်။ မောင့်ကို သူမဘ၀ထဲက ထွက်ခွာခွင့် မပြုနိုင်သေးဘူး။
နောက်တစ်နေ့ မောင့်ကို ဆေးခန်းသွားဖို့ခေါ်တော့ မောင်က အတင်းငြင်းသည်။ နောက်ဆုံး သူမ တောင်းပန်တစ်လှည့် စိတ်ကောက်တစ်လှည့် မနည်းခေါ်မှ မလိုက်ချင်လိုက်ချင်နှင့် လိုက်လာသည်။ စမ်းသပ်မှုတွေအပြီး ဆရာဝန်က သေချာရှင်းပြသည်။ ဆောင်သင့် ရှောင်သင့်သည့် အချက်တွေကို။ မောင်က ရောဂါဖြစ်တာကို သိတာ နောက်ကျတဲ့ အတွက်ရော သင့်လျော်တဲ့ ဆေးဝါးကုသမှု မခံခဲ့တဲ့အတွက် အခြေအနေက သိပ်တော့ အားရစရာမရှိကြောင်း။ဒါပေမဲ့ အခုအခါ ဆေးဝါးတွေက တိုးတက်လာပြီ ဖြစ်တဲ့အတွက် ဆေးမှန်မှန်သောက်မယ် ကျန်းမာရေးဂရုစိုက်မယ်ဆိုရင် မောင့်ဟာ လူပုံမှန်တစ်ယောက်လို နေနိုင်သွားကြောင်း အခုလာပြတာ အချိန်မှီလေး ဖြစ်ကြောင်း ဂရုစိုက်ဖို့လိုကြောင်း ပေါ့ပေါ့မနေသင့်ကြောင်းပြောသည်။သူမ မောင့်ကို တစ်ချက်ပြုံးကြည့်ပြီး မောင့်လက်လေးကို တင်းတင်းဆုပ်လိုက်သည်။"မောင် ဒီမှာ ဆရာက ပြောနေတယ်။ ဆေးမှန်မှန်သောက်ရင် သက်သာသွားမယ်တဲ့။ကြားတယ်နော်။"ထို့နောက် သူမ ဆရာဝန်ပေးတဲ့ ဆေးများယူပြီး ပြန်လာခဲ့သည်။ လမ်းတစ်လျှောက် မောင်က စကားတော့ သိပ်မပြော။ သူမက စပြီး "မောင် လေပြေကို ချစ်ရင် ဆေးမှန်မှန်သောက်ရမယ်နော်။ လေပြေကိုယ်တိုင် အချိန်မှန်တိုက်မယ်။ မသောက်လို့ကတော့ မိလေပြေ အကြောင်းသိတယ်နော်..ဟင်းဟင်း""ဟုတ်ပါပြီဗျာ။ ဒေါ်လေပြေစကားနားထောင်ပါ့မယ်ဗျာတဲ့" ကဲဘယ်လောက်ချစ်ဖို့ကောင်းတဲ့ မောင်လည်း။ ဒါပေမဲ့ သူမချစ်သောမောင်သည် သူမအနားက ထွက်ခွာခွင့် မပေးနိုင်သေးပါ။ သူမ အတတ်နိုင်ဆုံး မောင့်ကို လူကောင်းပကတိလို နေနိုင်အောင် ကြိုးစားမည်။ သူမ သက်ပြင်းတိုးတိုးလေးတော့ တစ်ချက် ခိုးချမိသည်။

ဆက်ပါဦးမည်။ (ဇာတ်လမ်းက မလိုအပ်ပဲဆွဲသလို ဖြစ်သွားလားမသိဘူး။ ရေးပြီး သိပ်တော့ စိတ်တိုင်းမကျသေးဘူး။နောက်မှ ပြန်ပြင်တော့မယ်။ ခုလက်ညောင်းသွားပီ။ :D စိတ်ရှည်ရှည်ထားပြီး ဖတ်ပေးတဲ့အတွက် ကျေးဇူးပါရှင်။)


Monday, March 16, 2009

မက်ခွင့်မရှိလိုက်တဲ့ အိပ်မက်တစ်စုံ


"မောင်...လာလေ။ ဘာငေးနေတာလဲ။ ဟိုမှာ ဓာတ်ပုံရိုက်ဖို့ ခေါ်နေပြီ။"
လေပြေတို့ ဒီနေ့ မင်္ဂလာပွဲအကြိုဓာတ်ပုံလာရိုက်နေခြင်း ဖြစ်သည်။ မောင်တစ်ယောက် ဒီနေ့ဘာတွေဖြစ်နေလည်းမသိ။ ငေးတိငေးတိုင်နဲ့။ လူနဲ့စိတ်နဲ့ မကပ်သလိုပင်။ ဓာတ်ပုံရိုက်တာလည်း မပြုံးပဲ တည်တည်ကြီးဖြစ်နေလို့ ဓာတ်ပုံဆရာလည်း ပြုံးခိုင်းရတာ မောနေပြီ။ အမြဲတမ်း ပြုံးပြူံးရွှင်ရွှင် တက်တက်ကြွကြွနေတတ်တဲ့ မောင်..တစ်ခုခုတော့ လွဲနေပြီဆိုတာ လေပြေရိပ်မိနေပြီ။ မောင် ဒီရက်ပိုင်း မင်္ဂလာဆောင်အတွက်ရော companyကအလုပ်တွေပါ လုံးပန်းနေရတော့ ပင်ပန်းလွန်းလို့ပဲ ဖြစ်မှာပါ။

ဓာတ်ပုံရိုက်တာလည်း တော်တော်တော့ အချိန်ပေးရသား။ မနက်၉နာရီထဲက စလိုက်တာ အခုညနေ၃နာရီမှပဲ ပြီးတော့တယ်။ ဒါပေမဲ့ လေပြေတစ်ယောက် မမောနိုင်သေး။ မင်္ဂလာခန်းဝင် ပစ္စည်းတွေ မောင်နဲ့ လိုက်ဝယ်ရအုံးမယ်။ လေပြေတို့ ဧည့်ခံပွဲက နောက်လ၂၀ရက်နေ့။ အချိန်က တစ်လခွဲလောက်ပဲ လိုတော့တယ်။ ဒါကြောင့် အလောတကြီးနဲ့ လိုက်လုပ်နေရတာ။ဒါပေမဲ့ အဲ့လိုပင်ပန်းနေရတာကိုပဲ လေပြေက ပျော်နေတာလေ။

လေပြေဓာတ်ပုံရိုက်ပြီးတော့ အ၀တ်အစားပြန်လဲ၊မိတ်ကပ်တွေ ပြန်ဖျက်လုပ်နေတုန်း မောင်က သူကားပေါ်ကပဲ စောင့်နေမယ်တဲ့။ လေပြေလည်း ခပ်သွက်သွက်လေးလုပ်ပြီး ထွက်လာခဲ့တယ်။ လေပြေ ကားပေါ်ရောက်တော့ ကိုယ်တော်ချောက စတီယာရင်ပေါ် ခေါင်းမှောက်ပြီး အိပ်နေလေရဲ့။ သူမလည်း အသာလေးလှုပ်နှိုးလိုက်တယ်။ မောင်ထလာတော့ မောင့်မျက်လုံးတွေကို အမှတ်မထင်ကြည့်မိသွားသည်။ အို.. မောင့်မျက်လုံးတွေ နီပြီး မို့အစ်နေပါလား။ မောင်ငိုထားတာလား။ မဖြစ်နိုင်။ မောင်ငိုတာ လေပြေတစ်ခါမှ မတွေ့ဖူးဘူး။ "မောင့်မျက်လုံးတွေ ဘာဖြစ်နေတာလဲဟင်။ အိပ်ရေးမ၀လို့လား" ကျွန်မမေးလိုက်သည်။ မောင်ပြန်မဖြေပါ။ "လေပြေ..မောင်တို့ နောက်နေ့မှ ပစ္စည်းတွေ သွားဝယ်ရအောင်။ မောင် လေပြေကို အရေးကြီးကိစ္စ ပြောစရာရှိတယ်။ မောင်တို့ အေးအေးဆေးဆေး တစ်နေရာသွားရအောင်။" ကျွန်မမောင့်ကို ကြည့်ပြီး ရင်တွေပူလာသည်။ သို့သော် ဘာမှ ပြန်မပြောဖြစ်။ ခေါင်းအသာငြိမ့်လို့ လိုက်လာခဲ့သည်။

ကန်တော်ကြီးရဲ့ ခုံတန်းလေးတစ်ခု။ အချိန်က ညနေ၄နာရီ။ ရောက်တာ ၁၀မိနစ် ရှိပြီ။ အရေးကြီးကိစ္စ ပြောစရာရှိသည် ဆိုသောမောင် ခုချိန်ထိ စကားတစ်ခွန်းမှ မဟသေး။ လေပြေစိတ်မရှည်တော့။ "မောင်.. ပြောစရာ ရှိတာမြန်မြန်ပြောလေ။ ဘာတွေဖြစ်နေတာလဲကွာ။" မောင်သူမကို စိုက်ကြည့်သည်။
"လေပြေ.. မောင် လေပြေကို သိပ်ချစ်တာ လေပြေသိပါတယ်နော်"
"အော်..မောင်ကလည်း ဘာများလည်းလို့။ သိတယ်လေ။ မောင်က လေပြေကို သိပ်ချစ်သိပ်အလိုလိုက်၊ ဒါကြောင့်လည်း မောင့်ကို တစ်ဘ၀လုံးအတွက် ရွေးချယ်ခဲ့တာပဲဟာကို။"
"မောင်သာ အပြစ်တစ်ခုခုလုပ်မိရင် လေပြေတစ်သက်လုံး မုန်းသွားမှာလားဟင်။"
"မောင်ကလည်း ဘာတွေပြောနေတာလဲ။ မောင် ဘယ်တော့မှ လေပြေစိတ်ဆင်းရဲအောင် မလုပ်ဘူးဆိုတာ လေပြေယုံတယ်။"
"မောင်လေ...မောင် ..လေပြေကို ၀န်ခံစရာတစ်ခုရှိတယ်။ မောင်ကို ခွင့်မလွှတ်ပါနဲ့ လေပြေရယ်။ မောင် တအားမှားခဲ့တယ်ကွာ.. တောက်"
"ဘာကိစ္စလဲမောင်.. မြန်မြန်ပြောပါမောင်ရယ်။ လေပြေ ရင်တွေပူလို့ပါ။"
မောင် သက်ပြင်းရှည် တစ်ချက် ချတယ်။ ပြီးတော့ သူမကို မကြည့်ပဲ ကန်ရေပြင်ကို ကြည့်ရင်း စကားဆက်ပြောတယ်။
"မောင် ပြီးခဲ့တဲ့ အပတ်က သူငယ်ချင်းတစ်ယောက် ဆေးစစ်တာ အဖော်လိုက်သွားပေးတယ် လေပြေ။ သူက HIV သွားစစ်တာ။ သူ့တစ်ယောက်တည်း မသွားချင်ဘူးဆိုတာနဲ့ လိုက်သွားပေးတာ။ ဟိုရောက်တော့ သူက မင်းပါတစ်ခါတည်း စစ်ထားပါလား။စစ်ထားတော့ ပိုကောင်းတာပေါ့ကွာ ဆိုတာနဲ့ မောင်ပါတစ်ခါတည်း စစ်ခဲ့တယ်။ အဖြေက လွန်ခဲ့တဲ့၂ရက်က ရတယ်။ မောင့်သူငယ်ချင်းက NEGATIVE တဲ့။ ဒါပေမဲ့ ....ဒါပေမဲ့..."
မောင့် စကားသံတွေ တုန်နေသည်။ ကျွန်မလည်း ဆက်နားမထောင်ရဲတော့။ မောင်ရယ် ရက်စက်လိုက်တာ။ ကျွန်မအပေါ်လည်း သစ္စာမဲ့မယ်လို့ ဘယ်တုန်းကမှ မထင်ခဲ့မိဘူး။ ဟာ... ရုတ်တရက် သူမထူပူသွားသည်။ သူမနဲ့မောင် လွန်ခဲ့တဲ့ တစ်ပတ်ခန့်က တရားရုံးတွင် လက်မှတ်ထိုးပြီး အကြင်လင်မယားဘ၀ရောက်ခဲ့သည်။ ဧည့်ခံပွဲကတော့ ဟိုဖက်ဆွေမျိုး ဒီဖက်ဆွေမျိုးစောင့်ရင်းနဲ့ နောက်လမှ ကျင်းပဖို့ ဆုံးဖြတ်ခဲ့ကြခြင်းဖြစ်သည်။ ဒါဆို မောင့်မှာ HIV POSITIVE ဆိုတော့ သူမရော???

ဆက်ပါဦးမည်။ ။