Sunday, March 29, 2009

အမှတ်တရ မိုး

မိုးတွေရွာတော့မယ်။ လေတွေတိုက်နေပြီ။ မိုးတွေခြိမ်းနေပြီ။ ကောင်းကင်ကြီးတစ်ခုလုံးလည်း မည်းနေပြီ။ ခဏနေ မိုးရောလေပါ သည်းသည်းမည်းမည်းချတော့မယ်။ ။

လွန်ခဲ့တဲ့ ၁၅နှစ် ဇွန်လ
ကျွန်မ သူငယ်တန်းကို ပထမဆုံးတက်ရမဲ့နေ့။ အဲ့နေ့ကလည်း မိုးတွေ သည်းနေတယ်။ ဖေဖေက ကားမောင်းနေတယ်။ ကိုကိုက ကားရှေ့ခန်းမှာ ဖေဖေနဲ့ ထိုင်နေတယ်။ ကျွန်မက နောက်ခန်းထဲမှာ။ ဘေးနားမှာ လွယ်အိတ်လေးရယ် ထမင်းချိုင့်ဆွဲခြင်းတောင်းလေးရယ် ချလို့ပေါ့။ တစ်လမ်းလုံး အတောမသတ်တဲ့ မေးခွန်းတွေနဲ့ ဖေဖေနဲ့ကိုကို ကိုမေးလာတယ်။ "ဖေဖေ.. အဲ့ဒီ ကျောင်းကြီးမှာ လူတွေ အများကြီးပဲလားဟင် "ကျွန်မ မူကြိုကို အိမ်နားမှာ တက်ခဲ့ပါတယ်။ မူကြိုနဲ့ ယှဉ်ရင် အခုတက်ရမဲ့ ကျောင်းက အကြီးကြီးမို့လို့ ကလေးပီပီ ကျောင်းကြီးဟုသာ ခေါ်ခဲ့တယ်။ "ကိုကို.. ကျောင်းကြီးမှာ ထိုင်ခုံတွေက လူကြီးထိုင်ခုံတွေပေါ့နော်" မူကြိုမှာတုန်းက စားပွဲထိုင်ခုံသေးသေးလေးတွေနဲု့ထိုင်ရတယ်။ "ကိုကို.. မုန့်စားဆင်းရင် မီမီးကို ဘယ်သူထမင်းခွံကျွေးမှာလဲ" မူကြိုတုန်းက လုပ်အားပေးဆရာမလေးတွေက ထမင်းခွံကျွေးနေကြ။ ကျွန်မမေးသမျှ မေးခွန်းတွေကို ဖေဖေက စိတ်ရှည်ရှည်ဖြေပေးပါတယ်။ ကိုကိုကတော့ ထုံးစံအတိုင်း လုံးဝစိတ်မရှည်။ နားညီးလိုက်တာဟာဆိုပြီး အနောက်လှည့်ပြီး အော်ပါသည်။ မိုးကလည်းသည်း ကားကလည်းပိတ်မို့ ကြာတော့ ဖေဖေလည်း စိတ်မရှည်။ ကျွန်မမေးခွန်းများကို မဖြေတော့။ ။ ဘာလို့လည်းမသိ မိုးရွာရင် မဆီမဆိုင် အဲ့ဒီအကြောင်းကို သတိရမိတယ်။ အဲ့လောက် ငယ်ငယ်လေးရှိသေးတာ တကယ်ကောမှတ်မိလို့လားဟု မေးရင် တကယ်ပါလို့ ဖြေပါရစေ။

လွန်ခဲ့တဲ့ ၈နှစ်၉နှစ် မိုးရာသီ
မိုးတွေသည်းတိုင်း ကျွန်မတို့လမ်းထဲမှာ ရေကြီးတယ်။ လမ်းထိပ်နားမှာဆို ပေါင်တစ်ဝက်ထိတောင် ရောက်တယ်။ ကျွန်မအရပ်နဲ့တိုင်းရင် ပြောတာနော်။ အဲ့တုန်းက ၁၁နှစ်၁၂နှစ် သမီးအရွယ်ပေါ့။ ကျွန်မတို့ အိမ်က လမ်းအလယ်မှာဆိုတော့ ရေက ခြေသလုံးနားလောက်ထိပဲ။ ရေကြီးရင် ကျွန်မတအားပျော်တယ်။ သတင်းစာတွေကို ခေါက်ခေါက်ပြီး သဘောင်္လွှတ်ရလို့။ တစ်ခါတစ်လေ လူကြီးတွေလစ်ရင် ရေထဲခိုးဆင်းသေးတယ်။ ဒီလောက် အမှိုက်တွေ ပေါလောပေါ်ပြီး ညစ်ပတ်နေတဲ့ ရေထဲကို ဆင်းတာပဲ။ ငယ်ငယ်တုန်းက အတော်ကဲပါတယ်။ အမေက တွေ့ရင်အော်ပါတယ်။ ၀ဲပေါက်ချင်လို့လားတဲ့ ရေသွားချိုးစမ်းဆိုပြီး။ ဟီး

လွန်ခဲတဲ့ ၅နှစ် ၉တန်းနှစ်
ကျွန်မတို့ကျောင်းက ကျောင်းဆင်းချိန်ဆို လာကြိုတဲ့မိဘများ အပေါက်ဝတွေ ပြွတ်ခဲနေတတ်ပါသည်။ ကျွန်မအိမ်ကတော့ အမြဲကျောင်းကြိုနောက်ကျသည်။ သိပ်တော့ မနောက်ကျပါ။ ၁၁နာရီခွဲ ကျောင်းဆင်းသည်တွင် ၁၂နာရီ၄၅မိနစ်လောက်မှ လာကြိုတတ်သည်။ ထိုနေ့က ကျောင်းဆင်းတော့ ကျွန်မသူငယ်ချင်းက ထီးမပါလာ။ ထို့ကြောင့် ကျွန်မနှင့် ထီးကပ်ဆောင်းသည်။ သူက အရပ်ပိုရှည်တော့ ထီးကို သူကိုင်သည်။ အပေါက်ဝနားလည်း ရောက်ကော သူ့အမေကိုတွေ့တော့ ပြေးသွားပါသည်။ ထီးပါ တစ်ခါတည်းမသွားသည်။ ကျွန်မလှမ်းခေါ်သော်လည်း လှည့်မကြည့်။ လူကောင်ညှပ်သည့် ကျွန်မ လူအုပ်ကြားထဲတိုးပြီး သူ့နောက်မလိုက်နိုင်။ ကျောင်းအပြင်ဖက်ရောက်တော့ မိုးခိုစရာနေရာလိုက်ရှာသည်။ မိုးကတအားသည်းသဖြင့် လူတော်တော်များများ အမိုးတွေအောက်ရောက်နေသောကြောင့် နေရာတော်တော်နှင့် မရ။ ထိုကြောင့် ကျွန်မကြွက်စုတ်ဖြစ်ခဲ့သည်။ လွယ်အိတ်ရော စာအုပ်ရော အကုန်စိုသည်။ အိမ်ရောက်တော့ ခိုက်ခိုက်တုန်နေပြီ။ မားသားက ဆူသည်။ စေတနာတယ်ကောင်းပြီး ထီးပါပေးလိုက်ရသလားတဲ့။

လွန်ခဲ့တဲ့ ၄နှစ်
၁၀တန်းပြီးတော့ ၂၈လမ်းမှာ အင်္ဂလိပ်စာသင်တန်းသွားတက်သည်။ အိမ်က အစ်ကိုက သူမအားဟု အကြောင်းပြကာ လမ်းလျှောက်သွားခိုင်းသည်။ အိမ်နှင့် ၂၈လမ်းအတန်ငယ်ဝေးသည်။ နာရီဝက်လောက်တော့ အနည်းဆုံးလမ်းလျှောက်ရသည်။ ကျွန်မအကျင့်က မိုးရွာထဲ ဒါမှမဟုတ် မိုးရွာပြီးစ လမ်းလျှောက်ရင် ဗွက်အမြဲစင်သည်။ သူများတွေစင်တာထက် ပိုစင်သည်။ ကျူရှင်ရောက်လျှင် ကျွန်မ ဘောင်းဘီရှည် အနောက်ဘက် ပေါင်ရင်းလောက်ထိ ရွှံ့တွေက အပြည့်။ ကြည့်မကောင်း ရှုမကောင်း။ နောက်ပိုင်း အ၀တ်အပိုယူသွားရသည်။ ဗွက်ထူသောလမ်းတွင် မိုးရွာချိန်လမ်းလျှောက်ရသည်မှာ ကျွန်မအမုန်းဆုံးအရာဖြစ်ခဲ့သည်။

၂၀၀၆ ၂၀၀၇ ၂၀၀၈ ၂၀၀၉
ကျွန်မ ရန်ကုန်က ထွက်ခဲ့သည်။ စင်ကာပူရောက်လာသည်။ ဒီမှာလည်း မိုးရွာပါသည်။ အခုလည်း သည်းကြီးမည်းကြီးရွာနေပါသည်။ ဒါပေမဲ့ ကျွန်မမိုးရေထဲထွက်ပြီး တစ်ခါမှ မကစားဖြစ်။ ရန်ကုန်တွင် မိုးရေထဲ ကစား၍ဖျားရင် ဂရုစိုက်မည့် အမေရှိသည်။ အော်မည့် အမေရှိသည်။ ဒီမှာ ကျွန်မကို ဘယ်သူမှ မအော်ပါ။ ဘယ်သူမှ ဖျားရင် ဆေးမတိုက်ပါ။ အမေနဲ့ဝေးတဲ့အရပ်မှာ ကျွန်မအကြောက်ဆုံးက ဖျားမှာကိုပါ။ ကျွန်မ ရောက်ရောက်ချင်းက ဖျားပါသည်။ ကိုယ့်ဟာကို ဆေးသောက်ရသည်။ ကိုယ့်ဟာကို ရေခဲကပ်သည်။ ဘာမဆို ကိုယ့်ဟာကိုယ်။ အိမ်ကို လွမ်းပါသည်။ အမေ့ကို လွမ်းပါသည်။ အမေမှုတ်ပြီးတိုက်တဲ့ ကြက်စွပ်ပြုတ်ပူပူလေးကို သောက်ချင်ပါသည်။
စင်ကာပူမိုးသည် အထီးကျန်မှုကို ပေးသည်။ ဒီတလော မိုးရွာရင် ငိုချင်သလိုလို လွမ်းသလိုလိုကြီးဖြစ်လာသည်။ ဘာဖြစ်လို့ဖြစ်မှန်းတော့မသိ။ အီမို ထင်ပါရဲ့။ :)
ကျွန်မ မိုးရေထဲ လမ်းလျှောက်ရတာ ကြိုက်သည်။ မှတ်မှတ်ရရ စင်ကာပူမှာ တစ်ခါပဲ မိုးရေထဲ လျှောက်ဖူးသည်။ ကျောင်းကအပြန် သူငယ်ချင်းဆီကလည်း ထီးငှားမရတာနဲ့ လွယ်အိတ်ကို ရေမစိုအောင် အုပ်ပြီ မိုးရေထဲပြန်လာဖူးသည်။ နောက်တစ်ခါ vivo city မှာ သူငယ်ချင်းနှင့်သွားတုန်းက မိုးဖွဲဖွဲကျနေသည်။ ထိုအချိန် ရေကန်ထဲမှာ လူတစ်ချို့ ရေကစားနေသည်။ ကျွန်မလည်း မိုးဖွဲဖွဲလေးအောက်မှာ ရေထဲဆင်းဆော့ချင်သည်။ ရေကန်ကို လှည့်တကြည့်ကြည့်ဖြစ်နေသည်။ သူငယ်ချင်းကလည်း ရိပ်မိသည်ထင်။ ဆော့ဖို့ပြောသည်။ သို့သော် နောက်ဆုံးတော့လည်း မကစားဖြစ်ပါဘူး။
ကျွန်မမကောင်းတဲ့ အကျင့်က အဲ့ဒါပဲ။ လုပ်ချင်ရင် မလုပ်ဘူး။ ဟိုဟာစဉ်းစားဒီဟာစဉ်းစားနဲ့။ လုပ်သင့်သလာ မလုပ်သင့်ဘူးလားတွေးလွန်းလို့ ကျွန်မဘ၀မှာ အရာတော်တော်များများလက်လွှတ်ခဲ့ရတယ်။ အခုတော့ လုံးဝ ဆုံးဖြတ်ထားတယ်။ နောက်တစ်ခါ မိုးရွာတာနဲ့ ကြုံရင်တော့ မိုးရေထဲမှာ စိတ်ရှိလက်ရှိကို ဆော့မယ်.. လမ်းလျှောက်မယ်။

ကဲ မိုးလည်းသိပ်သွားပီ။ ရေးရတာလည်း နည်းနည်းညောင်းသွားဘီဆိုတော့.... တော်သေးပီ။


18 comments:

khin oo may said...

နောက်တစ်ခါဆိုရင်တော့အကောင်အထည်ဖော်လိုက်တော့။

Phyo Evergreen said...

ဘာဘာရဲ့ မိုးရာသီလေးက လွမ်းချင်စရာကောင်းသား

မဆုမွန် said...

ညီမလေး ရေးတာ မျက်စိထဲကို မြင်ကွင်းလေးတွေ တစ်ခုချင်း မြင်မိတယ် စာရေး တော်တော်ကောင်းတယ်..
ငယ်ငယ်လေးကတည်းကနေ အခုအထိ မိုးရာသီမှာ ကြုံရတဲ့အဖြစ်လေးတွေက ပြုံးချင်စရာ နောက် လွမ်းလို့ ငိုချင်စရာနော်...
ဟုတ်တယ် နေမကောင်းဖြစ်ရင် အိမ်ကို သတိရတယ် :(

စူးနွယ်လေး said...

နေမကောင်းဖြစ်မှာ အကြောက်ဆုံးပဲ။ စားချင်တဲ့ စွပ်ပြုတ်လေးကအစ ကိုယ့်ဟာကိုယ် တည်နေရတယ်။

ဘာတွေတုန်း said...

သို့ မမကွမ်=> အကောင်အထည်ဖော်မှာ စိတ်ချ။

သို့ ဖြိုးအဲဗားဂရင်း => ~~မိုးလေးညိုလာရင် လွမ်းမျက်ရည်လေးရယ်~~ဟုတ်ပါတယ်။ ရန်ကုန်မိုးကို တကယ် လွမ်းပါတယ်။

သို့မဆုမွန်=> အမှတ်တွေ ပေးသွားလို့ ပါးစပ်တောင် ခုထိ ပြန်စေ့လို့ ရဘူး။ :D

သို့ မစူးနွယ် => ဟုတ်တယ်နော်..ဒါပေမဲ့ အမေ့အိမ်မှာ နေမကောင်းဖြစ်ရတာတော့ မဆိုးဘူး။ လိုချင်တာ ပူဆာလို့ရလို့။ :P

Phyo Maw said...

၉ တန်း ကျွန်မ ပိုးကြေးပန်းကြေး ထီးကလေး ပေးလိုက်ပါသည် လို့ရေးလိုက်ပါလား...။

စာဖတ်သူ ပိုစိတ်ဝင်စားသွားတာပေါ့။
-
-
-
-
(သူငယ်ချင်းက ကောင်မလေးလို့ ပြန်ပြောမလို့လား အင်းလေ အဲလိုပဲ ပြန်ပြောစရာရှိတာကိုး)

သီဟသစ် said...

ကလေးမလေးက တယ်လိမ္မာတာပဲ။ ရိုးရိုးသားသားမိုးတွေကို သတိရတာချည်းပဲ။
လုပ်သင့်တာ မလုပ်သင့်တာ တွေ စဉ်းစားမနေနဲ့။ အရွယ်ဆိုတာ ဘ၀မှာ တစ်ခါပဲ ရတာ။ (ရေဆော့ခြင်းကိုသာ၊ ကျန်တဲ့ကိစ္စမဆိုင်)

Unknown said...
This comment has been removed by the author.
Unknown said...

အရိပ်ပြတယ်ပေါ့ အဟမ်း အဟမ်း တိနေတလိုဘဲ heek heek :D

ဘာတွေတုန်း said...

သို့ ဖြိုးမော် => ပိုးကြေးပန်းကြေးမဟုတ်ရပါ မောင်လေးရယ်။ မမက ရိုးရိုးသားသားလေးပါ။ ပြီးတော့ မောင်လေးပြောသလို သူငယ်ချင်းက မိန်းကလေးပါ။ ဘုရားမေးမေး ကျမ်းမေးမေးပါကွယ်။

သို့ ကိုသီဟသစ်=>ဟဟား ကိုသီဟသစ်တောင် ထောက်ခံနေပီ ဘာဘာလိမ္မာကြောင်း :P

သို့ Emerald=> အရိပ်မပြပါ အကောင်လည်းမပြပါ။ ဒါနဲ့ တူက ဘာဒွေတိနေဒါရဲဟင် :P :P

မိုးခါး said...

ဝေ .. အမလည်း ဗွက်ထဲလမ်းလျှောက်လို့ကတော့ ဗွက်က ကိုယ့်ရော သူများပါစင်သကွဲ့ .. ကိုယ့်ကိုယ်ဆို ခေါင်းထိတောင်တက်စင်သေးတယ် .. :D

နွေးနေခြည် said...

အဆင့်ဆင့် ရေးထားတာလေးကောင်းတယ်။
ဒီမှာတော့ ဥတုသုံးပါးကို ခံစားလို့မရပါဘူးလေ

Rita said...

တူတူပဲ

နွေးနွေးသဲမွန် said...

စင်ကာပူမိုးသည် အထီးကျန်မှုကို ပေးသည်။<-- မှန်၏..ဘာကိုလွမ်းလို့ လွမ်းရမည်မသိ

ဘာတွေတုန်း said...

သို့ မမမိုးခါး => ဗုဒ္ဓော ကိုယ့်ထက်ဆိုးတဲ့လူနဲ့ လာတွေ့နေတယ်။ ခေါင်းပေါ်ထိတောင် တက်စင်သတဲ့။ ကောင်းရော

သို့ မမနေခြည် => ဟုတ်ပါ့နော်.. ဥတုမရှိ ဘာမရှိနဲ့.. ဘယ်အချိန်မိုးရွာမလဲမသိ။ အမြဲထီးဆောင်ရတာ စိတ်ညစ်စရာ

ိသို့ မမရီတာ => တူတော့ ကောင်း၏ :D

သို့ မနွေးနွေး =>ဘာကို လွမ်းမှန်းမသိ လွမ်းရခြင်းသည် ပိုလွမ်းစရာကောင်းသည်။ :P

ရွှေပြည်သူ (ShwePyiThu) said...

မိုးရာသီခံစားချက်ကို နှစ်အပိုင်းအခြားနဲ့ ရေးဖွဲ့သွားတာကို လွမ်းလွမ်းမောမော ဖတ်သွားပါတယ် ညီမလေးရေ...

Anonymous said...

အမှတ်တရ မိုးတဲ့....စာဖတ်သူကိုဆွဲခေါ်သွာလိုက်တာများ
အစ်မ ကိုယ်တိုင်တောင် မိးရေတွေ ရွှဲလို့ ။။။။
:)...အစ်မလဲ မိုးရေတွေကို ကြိုက်တယ်လေ...

ဘာတွေတုန်း said...

သို့ မရွှေပြည်သူ =>ခံစားချက်အပြည့်နဲ့ ဖတ်သွားလို့ ကျေးဇူးအများကြီးတင်ပါတယ်ရှင်

သို့ မမမာလာ=>မိုးတွေရွှဲကုန်ရင် သုတ်လိုက်အုံးနော် အအေးမိမယ် :)