Tuesday, June 29, 2010

Jurong Point သို့အလည်တခေါက်

ဒီကနေ့ ညနေ၄နာရီ အတန်းပြီးတော့ အိမ်မပြန်ချင်သေးတာနဲ့ နဂိုထဲက ခြေများတဲ့ကျွန်မ jurong pointကို တစ်ယောက်တည်းရောက်သွားရော..
ဟိုရောက်တော့ ဗိုက်ကနည်းနည်းဆာတာနဲ့ janpanese food street ကနေဖြတ်အသွား sushi တစ်တုံး ၀ယ်စားတယ်။ ပြား၇၀တဲ့ စားလို့လည်း သိပ်မကောင်းလှပါဘူး။ လမ်းသွားရင်း ဟိုငေးဒီငေး တွေ့သမျှအရုပ်ဆိုင်ဝင် အိမ်ပြောင်းရင် လိုမဲ့ပစ္စည်းလေးတွေ လိုက်ကြည့်ရင်း ခြေထောက်ညောင်းလာတာနဲ့ လိုအပ်တဲ့ပစ္စည်းတွေပဲ ကြည့်တော့မယ်ဆိုပြီး အပေါ်ထပ်က Courts နဲ့ Harvey Norman ကိုချီတက်တယ်။ သွားကြည့်တာက portable air con..ခုပြောင်းမယ့်အခန်းက air con မရှိဘူး အခန်းကလည်း နည်းနည်းလှောင်တာနဲ့ ဈေးနည်းနည်းသက်သာတာရှိရင် ၀ယ်မယ်ဆိုပြီး သွားကြည့်တာ။ ဈေးတွေက သက်သာရှာပါတယ်။ အပေါဆုံးက $600 ကျော် ကနေ $999 ထိရှိတယ်။ =(မှန်းထားတာနဲ့က ကွာနေတော့ နောက်မှပဲ ကြည့်တော့မယ်ဆိုပြီး the market place ဖက်ကို လျှောက်တယ်။

အဲ့မှာ အရပ်ရှည်ရှည်နဲ့ ဘိုတစ်ယောက်က ကြော်ငြာစာရွက်လေးနဲ့အတူ ခေါင်းလျှော်ရည်လိုအထုပ်လေးတစ်ထုပ်ကမ်းတယ်။ ကျွန်မလည်း အရင်တခါ flyerဝေတဲ့ အလုပ်မျိုးလုပ်ပြီးကတည်းက လမ်းမှာဝေတဲ့ကြော်ငြာတိုင်းကို ယူပေးတတ်တဲ့အကျင့်ဖြစ်နေတော့ လှမ်းယူလိုက်တယ်။ [ယူမိတာကိုက အနော့်အမှားပါ =( ] ကျွန်မလှမ်းယူပြီးထွက်လာတော့ အဲ့လူက လှမ်းအော်ပြီးမေးပါတယ် "Where are you from?"တဲ့။ ကျွန်မက "Myanmar" လို့ပြောတာကို သူက"Japan" လို့ ကြားတယ်။ ကျွန်မက "No"လို့ပြောတော့ အဲ့လူက အနားရောက်လာရော။နောက်ထပ်မေးပြီးတော့မှ "Oh you are Myanmar? I really like to be friend with Myanmar people..Can you show me your hand?" တဲ့.။ ဘာတွေပြောမှန်းလဲမသိဘူး။ ကျွန်မလည်း ကြောင်ပြီးလက်ပြမိလိုက်တယ်။ အဲ့မှာ ကျွန်မညာလက်ကို ဆွဲယူပြီးတော့ လက်သည်းကို တံစဉ်းတိုက်တဲ့ အတုံးလေးနဲ့တိုက်တယ်။ ကျွန်မလည်း ရုတ်တရက်ဆိုတော့ လက်ကို ပြန်ဆွဲတာပေါ့။ အဲ့လူက မလွှတ်ပေးဘူး။ ပြီးတော့ စကားဆက်ပြောတယ်။ "How old are you?"တဲ့။ ကျွန်မလည်း ၂၁ ပါ လို့ပြောတော့။ "Hey..dun bluff me..tell me seriously"တဲ့။ (ကျွန်မက လူကောင်အတော်ညှက်ပါတယ်။ အရပ်ပုတယ်ဆိုပါတော့။ တချို့တွေဆို secondary ကျောင်းသူဆိုပြီးတော့တောင်ထင်ကြတယ်။ ရုပ်နုလို့တော့ ဟုတ်မယ်မထင်)ဟိုလူက အဲ့လိုပြောနေတုန်း ကျွန်မလက်သည်းကို တိုက်နေတုန်းပဲ။ ကျွန်မလည်း သည်းမခံနိုင်တော့တာနဲ့ "Sorry..I am in a hurry.Need to meet my friend" လို့ပြောတာတောင် ဟိုဘိုးတော်က ကျွန်မကို စူးစူးကြီးကြည့်ပြီး "Why in a hurry? hum?"လို့ပြောပြီး ကျွန်မကို သူ့ပစ္စည်းတွေ စီထားတဲ့နေရာကို ဆွဲခေါ်တယ်။ ကျွန်မလည်း သူ့ကြည့်ပြီး ကြောက်လာတာနဲ့ လက်ကိုဆောင့်ဆွဲပြီး "I will come back later..really in a hurry" ဆိုပြီး နောက်ကြောင်းလှည့်မကြည့်ပဲ အမြန်လစ်ထွက်လာတယ်။ အဲ့ဒါတောင် အနောက်ကလှမ်းအော်ပြောတာ ကြားလိုက်ရသေးတယ်။ "Ok..Come back later.. I will wait for you " တဲ့။ ကြက်သီးတောင်ထတယ်။

အဲ့လူကြီးရုပ်က အင်းဂလိပ်ကားထဲက လူဆိုးရုပ်ကြီးနဲ့တူတယ်။ သူတိုက်ထားတဲ့လက်မကို ကြည့်လိုက်တော့ လက်မက လက်သည်းအကြည်ရောင်ဆိုးထားသလို ပြောင်နေတယ်။ သူတို့ရောင်းတဲ့ ပစ္စည်းတွေက skin,nail care နဲ့ hand soap တွေထင်တယ်။ သူflyer ပေးတုန်းက တံဆိပ်နာမည်ကို မဖတ်လိုက်ပေးမဲ့ ပုံတော့ မြင်လိုက်တယ်။ အဲ့ဒီ brand က နိုင်ငံခြားသားတွေပဲ ရောင်းတာများတယ်။

Funan mall macdonald ရှေ့မှာ push cart နဲ့ ရှိတယ်။ marina square မှာ ဆိုင်ခန်းနဲ့။jurong point မှာတော့ road showလုပ်နေတာ။ ကျွန်မ Funan mall မှာတုန်းက တခါခံရပြီးပြီ။ အခုသေချာမကြည့်ပဲ flyer ယူမိလို့ ထပ်ခံရတာ။ Funan မှာတုန်းက အဲ့ဘိုမက ကျွန်မကို သူတို့product စမ်းကြည့်ဖို့ခေါ်တော့ မားသား အိမ်သာသွားနေတာ စောင့်နေရမဲ့အတူတူ စမ်းလိုက်မယ်လေဆိုပြီး သူပေးတဲ့ သဲစေ့လိုဟာလေးတွေကို လက်ဖမိုးမှာလိမ်း ပြီးတော့ ရေနဲ့ဆေး..အသားချောသွားလားမေးတော့...ဟုတ် ချောသွားတယ် လို့ပြောတော့ သူတို့ပစ္စည်းကို အတင်းရောင်းရော..အဲ့လို လက်ဆေးတဲ့ သဲစေ့လေးတဘူးကို $100 ကျော်လားမသိဘူး ရောင်းတာ။ ကျွန်မလည်း မ၀ယ်တော့ဘူး သွားတော့မယ်ဆိုပြီးပြောတော့ အတင်းဆွဲပြီးရောင်းတာ။ တော်သေးတယ် မားသားရောက်လာလို့။ ခုjurong point ကလည်း အဲ့လိုပဲ။ သူကပိုဆိုးတယ် ..စမ်းမယ်တောင် မပြောရသေးဘူး အတင်းအကျပ်လုပ်တာ။

သတိပေးချင်တာ နောက် shopping mall တွေမှာ နိုင်ငံခြားသားဘိုတွေချည်းပဲ ရောင်းတဲ့ skin care shop လေးကို မြင်ရင် မ၀ယ်ဘူးဆိုရင် ဝေးဝေးရှောင်ပါလို့.။ သူတို့ရဲ့ဈေးရောင်းပုံက အင်မတန်ကြောက်ဖို့ကောင်းပါတယ်။ မ၀ယ်ဘူးဆိုရင်တောင် ပြူးပြဲပြပြီး အတင်းဝယ်ခိုင်းပါတယ်။ ပစ္စည်းကောင်းမကောင်းတော့ မသိပါ။ ပစ္စည်းတကယ်ကောင်းတယ်ဆိုရင်တောင် ကျွန်မဘယ်တော့မှ ၀ယ်မှာမဟုတ်ပါဘူး။ဆိုင်နာမည် ကျွန်မမှတ်မိတာ မမှားဘူးဆိုရင် Dead Sea Premier ထင်တယ်။ မသေချာပါဘူး။ ဒါပေမဲ့ အဲ့လို ဘိုတွေချည်းပဲရောင်းတဲ့ဆိုင်က ရှားပါတယ်။ ၃ဆိုင်လုံးက တူတူပဲလို့ထင်ပါတယ်။

အဲ့ဒီကနေလည်း ထွက်လာပြီးရော ကြောက်ကြောက်လန့်လန့်နဲ့ ပလာတာကြက်အူချောင်းညှပ်လေးမြန်မြန် ၀ယ်စားပြီး ဘာမှမ၀ယ်ပဲ လက်ဗလာ အိမ်ပြန်လာပါတော့တယ် =P


Thursday, April 29, 2010

စာမေးပွဲရှိခြင်း၏ ကောင်းကျိုးနှင့် ဆိုးကျိုး


ကောင်းကျိုး

၁)semester တစ်ခုလုံး သင်သမျှစာများကို သေသေချာချာဖတ်ဖြစ်စေသည့်အတွက် စာတတ်စေသည်။ (ဟုထင်မှတ်ရသည်။)
၂) စာမေးပွဲနီးလေ ဘုရားပိုရှိခိုးဖြစ်လေ..ဆရာ ဆရာမ များကို မေတ္တာပို့ဖြစ်သဖြင့် ကုသိုလ်ရသည်။ :D

ဆိုးကျိုး

၁) စိတ်ဖိစီးမှုပေးသည်
၂) ထို့အတွက်ကြောင့် လူကို ရုပ်ဆိုးစေသည် (ဥပမာ ..၀က်ခြံပေါက်လာခြင်း)
၃) လူကို ၀စေသည် (စာလုပ်ရင် energy ကုန်သည့်အတွက် များများစားရသည်.. )
၎) အိပ်ရေးပျက်စေသည့်အတွက် ကျန်းမာရေးကိုလည်း ထိခိုက်စေသည်။
၅) ညတွင် ကျောင်းတွင် စာမပြီးသည့်အခါ နောက်ဆုံးဘတ်စ်ကို မမှီသည့်အတွက် taxi နှင့် ပြန်ရသည်။ ထို့ကြောင့် ပိုက်ဆံကုန်သည်။
၆) မိတ်ဆွေအပေါင်းအသင်းများနှင့် တွေ့ဆုံပွဲများလည်း မသွားနိုင်သဖြင့် လူမှုရေးကို ထိခိုက်စေနိုင်သည်။
၇) ကျောင်းနှင့်အိမ်မှအပ ဘယ်မှမသွားဖြစ်သဖြင့် ပြင်ပလောကနှင့် အဆက်ပြတ်ရသည်။(ဥပမာ.. သူများတကာတွေ ဘယ်ရုပ်ရှင်ကတော့ဖြင့် ဘယ်လိုကောင်းတယ် ..ဟိုမှာတော့ဖြင့် ဘာပစ္စည်းတွေ ဘယ်လိုဈေးချနေတယ်ဟုပြောရင်လည်း ..ဟုတ်လားဟု ပြောရုံကလွဲပြီး ကိုယ်နဲ့မဆိုင်သလိုနေရသည့် ဒုက္ခလည်း ကြီးသည်။)

ဆက်စဉ်းစားရင် ဆက်ရှိနိုင်သေးသည်။

ကဲ... ဒါတွေကို ကြည့်တာနဲ့ စာမေးပွဲဆိုသည့်အရာက ကောင်းလား ဆိုးလားဆိုတာ သိသာနေပြီ ထင်ပါရဲ့... ဟီးး
ထပ်ဖြည့်ချင်တဲ့ေ
ကာင်းကျိုးဆိုးကျိုးလေးတွေရှိရင်လည်း ကွန်မန့်မှာ လွတ်လပ်စွာရေးသွားနိုင်ပါ၏..

(ပေါက်ကရ စိတ်ထဲပေါ်တာလေးတွေ ချရေးထားခြင်းသာ ဖြစ်ပါကြောင်း...) :D



Friday, January 22, 2010

PPT ပညာတန်ဆောင်



ဘာတွေတုန်းတစ်ယောက် အပျင်းထူပြီး သူ့ဘလော့ကြီးကို ပစ်ထားတာ ၄လတောင် ပြည့်ရော့မယ်။ :) စာတွေမနိုင်တာရယ် ရန်ကုန်ပြန်သွားတာရယ် ပရောဂျက်ပညာတန်ဆောင်ရယ်ကြောင့် ဘလော့ဖက်ကို လုံးဝခြေဦးမလှည့်ဖြစ်ဘူး။ စိတ်ထဲမှာတော့ ရေးချင်တာတွေက အများကြီး။ ဒါပေမဲ့ စိတ်ကူးထဲစာစီပြီးတော့ ဘလော့ပေါ်ထိ မရောက်လာခဲ့ဘူး။

ပရောဂျက်ပညာတန်ဆောင်ဆိုတာ ကျွန်မတို့ကျောင်းကကျောင်းသူကျောင်းသားတွေ စုပေါင်းပြီး တွံတေးက ဘုရားကြီးကျေးရွာလေးက မိဘမဲ့ကျောင်းလေးတစ်ကျောင်းမှာ စာသွားသင်ရတဲ့ ပရောဂျက်လေးပါ။ မြန်မာ၈ယောက် စင်ကာပူသား၁၂ယောက် နဲ့ ဖွဲ့ထားတဲ့ volunteer group လေးပေါ့။ အဲ့ဒီပရောဂျက်ကြော်ငြာလေးတွေ့ကတဲက ကျွန်မတော်တော်စိတ်ဝင်စားပြီး ဟောပြောပွဲ သွားနားထောင်ခဲ့တယ်။ ဓါတ်ပုံတွေ ဗီဒီယိုတွေ ကြည့်ပြီးတဲ့နောက် ကျွန်မအဲ့ဒီအဖွဲ့ထဲ ပါဝင်ဖို့ ချက်ချင်းစာရင်းပေးခဲ့မိတယ်။ နာဂစ်ပြီးတဲ့အခါမှာ အဲ့ဒီမိဘမဲ့ကျောင်းလေးက ကလေး ၂၀၀ ကနေ ၄၀၀ အထိများလာခဲ့တယ်။ အမှန်တကယ်ကို အကူအညီတွေလိုအပ်ပါတယ်။ မိဘမဲ့ကျောင်းလေးကို အုပ်ချူပ်တဲ့ ဘုန်းဘုန်းဟာလည်း ၂ဆလောက် တိုးလာတဲ့ကလေးဦးရေကြောင့် အစားအသောက်တောင် အရင်လို သိပ်ကောင်းကောင်းမွန်မွန်မကျွေးနိုင်ဘူးဆိုတာ အပြောသက်သက်မဟုတ်ကြောင်း ကျွန်မကိုယ်တိုင် အဲ့ကို ရောက်သွားမှ မျက်မြင်တွေ့ခဲ့ရပါတယ်။ အလှူရှင်မရှိရင် ထမင်းတစ်ဇလုံနဲ့ ဟင်းရွက်ဟင်းချိုလေးသာ သောက်ရတဲ့ကလေးတွေ မြင်ပြီးတော့ ကျွန်မနောက်ဘယ်တော့မှ အိမ်မှာ ဟင်းဂျီးမများတော့ဘူးလို့တောင် စိတ်ထဲကတွေးမိတယ်။ ဒီလို အကူအညီလိုနေတဲ့ကလေးတွေကို စင်ကာပူနိုင်ငံသားတွေတောင် သွားကူဖို့ တက်တက်ကြွကြွပါဝင်နေတဲ့အချိန်မှာ ကျွန်မလည်း တထောင့်တနေရာကနေ ပါသင့်တယ်ဆိုပြီး အဖွဲ့ထဲဝင်ခဲ့တယ်။

အဲ့ဒီပရောဂျက်အတွက် ကျွန်မတို့အတော်ပြင်ဆင်ခဲ့ရတယ်။ စာတွေမနိုင်တဲ့ကြားက semester တစ်ခုလုံး တပတ်ကို တရက် အစည်းအဝေးထိုင်ပြီး စင်ကာပူသားတွေကို မြန်မာစာနဲ့ မြန်မာ့ယဉ်ကျေးမှုအကြောင်းတွေ သင်ပေးရတယ်။ အဖွဲ့ထဲမှာ ကော်မတီတွေအများကြီးခွဲထားတဲ့ အထဲက ကျွန်မက ပညာရေးကော်မတီမှာပါလိုက်တယ်။ စလုံး၂ယောက် မြန်မာ၂ယောက်။ သင်ရမဲ့ဘာသာတွေက English, Arts and Crafts, Geography,Physics, Chemistry နဲ့ Biology စုစုပေါင်း ၆ဘာသာ။ ကျွန်မတို့ မြန်မာ၂ယောက်က သိပံ္ပဘာသာတွေ သင်ရတယ်။ အကြီးတန်းကလေးတွေကိုပေါ့။ ၈တန်းနဲ့ ၉တန်း။ ကျွန်မတို့ အထက်တန်းတုန်းက သိပံ္ပဘာသာတွေကို သီအိုရီတွေသာ သင်ရပြီး လက်တွေ့လုပ်ခွင့်မရခဲ့တော့ ကလေးတွေကို သူတို့ဖတ်စာအုပ်ထဲက experiment တွေကို ပစ္စည်းကိရိယာအစုံနဲ့ လက်တွေ့ပြမယ်ဆိုပြီး ကျွန်မတို့ မြန်မာ၂ယောက် ပစ္စည်းတွေဝယ် ပြီးတော့ တကယ်ပြမှ အရှက်မကွဲအောင် ကိုယ့်ဟာကိုယ် အရင်စမ်းကြည့်နဲ့ ရန်ကုန်မပြန်ခင်နဲ့ စာမေးပွဲပြီးတဲ့ တပတ်စပ်ကြားမှာ အလုပ်တော်တော်ရှုပ်သွားပါတယ်။

ဒီပရောဂျက်မှာ ရခဲ့တဲ့ အတွေ့အကြုံတွေကို တခုချင်းပြောပြမယ်ဆိုရင် ကျွန်မအခန်းဆက်တွေ ရေးရမှာ အမှန်ပဲ။ ရယ်စရာတွေ စိတ်ညစ်စရာတွေ အဆင်မပြေမှုတွေကြားထဲက ၈ရက်ကြာတဲ့ ခရီးတိုလေးကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းခဲ့ကြတယ်။ ခရီးလည်းက နည်းနည်းကြမ်းတော့ တရက်ကို ၄နာရီကားစီးရတဲ့ ကျွန်မတို့ ကားခုန်တဲ့ဒဏ်ကြောင့် ဖျားတဲ့လူများ လဲတဲ့လူလဲပေမဲ့ ရှိတဲ့လူနဲ့ ဖြစ်အောင်လုပ်ခဲ့ကြတယ်။ ဒါပေမဲ့ ကလေးတွေဆီက ဆရာမလို့ ခေါ်သံကြားရင် အဲ့ဒီအမောတွေ ပြေသွားတာတော့ အမှန်ပါ။ ကျွန်မတို့ နားတဲ့အဆောင်က ထွက်တာနဲ့ အထုပ်တွေ လာပြေးဆွဲ ပန်းတွေလာပေးတဲ့အခါ ကိုယ့်ဟာကို တကယ့်ဆရာမအစစ်လို့တောင် ဘ၀င်လေဟပ်မိပါရဲ့။ ဟိဟိ။ နောက်ဆုံးနေ့မှာ culture exchange လုပ်ကြတော့ ကလေးတွေက ကရင်ဒုံးယိမ်းတွေ ပအို့ဝ်အကတွေ ကပြတဲ့အချိန်မှာ ကျွန်မတို့တွေက Singapore Town သီချင်းရယ် Wondergirls ရဲ့ Nobody သီချင်းနဲ့ ကပြကြရတာ ရယ်ရလွန်းလို့ အူတောင်တက်တယ်။ အဟုတ်။ပုံကို ကြည့်ပါလား။ :D


မကခင် စင်ပေါ်မတက်ခင်ကကော စင်ပေါ်ကဆင်းတော့ရော ကလေးတွေက အော်တိုစာအုပ်လေးတွေကိုင်ပြီး ဆရာမသမီးကို အော်တိုလေးရေးပေးပါဆိုပြီး ကျွန်မတို့ အားလုံးကို လိုက်ရေးခိုင်းတာ အယောက် ၅၀ကျော်လောက်လည်းကျရော မရေးနိုင်တော့လို့ လူအုပ်ကြားထဲက မနည်း ထွက်လာရတယ်။ မသိရင် celebrity လိုလို ဘာလိုလို။ ဟဲဟဲ။ ဒါတောင် ထွက်လာတဲ့ လမ်းမှာတွေ့တဲ့ ကလေးတွေက လိုက်ရေးခိုင်းလို့ လမ်းလျှောက်ရင်း ရေးပေးရတယ်။ ပြောရရင် ကျွန်မဘ၀မှာ ကိုယ့်ဟာကိုယ် အရေးပါပါလားလို့ ခံစားမိတာ ဒီတခါပဲရှိပါတယ်။ ကြော်ငြာခဏဖြတ်မယ်နော်။ ကျွန်မပိုလီပြီးတော့ ကျောင်းဆက်တက်တဲ့ အချိန်ကစပြီး ကျွန်မကိုယ့်ဟာကိုယ် အသုံးမကျသလိုခံစားရတယ်။ ကျောင်းမှာဆို ကျွန်မစာမလိုက်နိုင်ဘူး။ ကျွန်မသူငယ်ချင်းတွေ လွယ်လွယ်နဲ့ နားလည်နိုင်တဲ့စာမျိုးတောင် ကျွန်မချက်ချင်းနားမလည်းဘူး။ အမြဲတမ်း သူများကို ဒုက္ခပေးပြီး စာရှင်းခိုင်းရတယ်။ သူတို့တွေ စာမရတဲ့ အချိန်ကျတော့ ကျွန်မက ဘာမှ ထိထိရောက်ရောက်မရှင်းပြနိုင်ဘူး။ လူတစ်ယောက် နားလည်အောင် လိပ်ပတ်လည်အောင် မရှင်းပြနိုင်ဘူး။ ကျွန်မရှင်းလိုက်မှ သူတို့ ပိုပိုရှုပ်သွားတဲ့အတွက်လည်း အားနာမိတယ်။ ကျွန်မက သူတို့အတွက် ၀န်ထုပ်ဝန်ပိုးသူငယ်ချင်းတစ်ယောက်ဖြစ်နေပြီလားဆိုတဲ့စိတ် အမြဲဝင်လာတယ်။ အဲ့လို စိတ်အားငယ်ပြီး စိတ်ဓာတ်ကျနေလို့လည်း ဘလော့ဖက်ခြေဦးမလှည့်ဖြစ်တာပါမယ်။ ဘာပဲဖြစ်ဖြစ် ပညာတန်ဆောင်ပရောဂျက်ကြောင့် ကျွန်မအရင်ကထက်စာရင် နည်းနည်းတော့ စိတ်အားတက်လာတယ်လို့ ပြောရမယ်။

ပြောရင်းက စကားလမ်းကြောင်းက ပြောင်းသွားပြီ။ PPT ဖက် ပြန်လှည့်ဦးမယ်။ အဲ့ဒီနောက်ဆုံးနေ့ ပြန်ခါနီးလည်းကျရော ကျွန်မရဲ့တပည့်လေးတွေက ကျွန်မကို လက်ဆောင်လေးတွေ လာပေးတယ်ဗျ။ သူတို့ကိုယ်တိုင်လုပ်ထားတဲ့ သော့ချိတ်လေးတွေ ဟမ်းချိန်းလေးတွေ။ ကလေးသေးသေးလေးတွေကျတော့ ကျွန်မကို သူတို့ပေးစရာမရှိလို့ ရှိတာလေးပေးပါရစေဆိုပြီး ၀တ်ထားတဲ့ ကလစ်တွေ အလှလက်စွပ်လေးတွေ ချွတ်ပေးတယ်။ ဘယ်လိုမှ မယူဘူးပြောပြော မရဘူး။ မယူရင် ငိုမဲ့မဲ့လေးတွေ ဖြစ်ရော။ ကျွန်မမှာလည်း မသိရင် မိဘမဲ့ကျောင်းလာပြီးတော့ ကလေးတွေကို ဓားပြတိုက်နေသလိုပဲ။ "ရှိတာအကုန်ချွတ်"ဆိုပြီးတော့လေ။ ဟဟား။ အမယ် လက်ဆောင်ပေးတဲ့ထဲမှာ လေးခွလည်း ပါတယ်ဗျ။ သူတို့ဆရာမကို မျောက်မူးလဲထင်နေလို့လားမသိ။ ကျွန်မပုံတူလေးတွေ ဆွဲထားတာလည်း ပါတယ်။ အဲ့ထဲက တော်တော်လှတဲ့ပုံလေး ကျောင်းမှာကျန်ခဲ့တယ် လောလောလောလောနဲ့ ပြန်ခဲ့ရလို့ :( အောက်ကပုံလေးက သူတို့ဆီက ကျွန်မရထားတာလေးတွေပေါ့။ တကယ်ကို အမှတ်တရပါ။ သူတို့ရဲ့ စေတနာတွေနဲ့ ပြည့်နေတဲ့ ပစ္စည်းလေးတွေကို ကြွားပါရစေနော်။ ကြွားတယ်လို့ မမှတ်ကြေး =)



ကဲ ရေးရတာလည်း လက်ညောင်းသွားပြီ... ဒီမှာတင်ပဲ တခန်းရပ်ပါစေ။ ကျွန်မ ရောက်တတ်ရာရာတွေ ရေးထားတာကို သည်းခံပြီး အဆုံးအထိဖတ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ရှင်။


Wednesday, September 16, 2009

ဒီတလော ထပ်တလဲလဲနားထောင်မိသောသီချင်းများ





ဒီတလော ကျောင်းစာတွေပိနေတာနဲ့ ဘလော့လေးကိုလည်း လုံးဝ ပစ်ထားမိနေတယ်။ ရေးလက်စလေးတွေတော့အများကြီးပဲ။ ပြီးအောင်ရေးပြီး တင်ဦးမယ်။ အပေါ်က သီချင်း၂ပုဒ်ကို ဒီရက်ပိုင်း အတော်ဓါတ်ကျနေတယ်။ အိမ်မှာနေရင် အဲ့ဒါပဲဖွင့်ထားတာ များတယ်။ တစ်ပုဒ်က နိုင်းဝမ်းဆိုထားတာ။ ကမ္ဘာငယ်လေးတဲ့။ နောက်တစ်ပုဒ်က IMP က ပူစူးဆိုထားတာ။ မင်းစိတ်တိုင်းကျ တဲ့။ စာသားတွေလည်း ထိတယ်။ နားလည်းစွဲလို့ နားထောင်မိနေတာဖြစ်မယ်။ :)



Thursday, August 6, 2009

သြဂုတ်လ ၇ရက်


အသက်တော့ တစ်နှစ်ကြီးသွားပြန်ပြီ။ မွေးနေ့နဲ့ ပတ်သက်ပြီး တစ်ခုခုရေးချင်တယ်။ မနက်ဖြန်ကျမှပဲရေးတော့မယ်။

Tuesday, July 28, 2009

အလောင်းအစား ၂

ကျွန်တော် အလောင်းကို ကျောပေးထိုင်ရင်း ပြတင်းပေါက်ဖက်မျက်နှာမူကာ ဟိုဟိုဒီဒီအတွေးနယ်ချဲ့မိသည်။ ကျောင်းကိစ္စ အိမ်ကိစ္စ သူငယ်ချင်းကိစ္စ အစရှိသဖြင့် တောင်တွေးမြောက်တွေး လျှောက်စဉ်းစားနေမိတယ်။ ကျွန်တော်က ပြတင်းပေါက်ဖက်ကို မျက်နှာမူထားတယ်ဆိုပေမဲ့ အလောင်းရဲ့ ခေါင်းနဲ့ ခြေထောက်ဖက်ကို မျက်လုံးထောင့်နားကတော့ မြင်ရတယ်။ အလောင်းက ပိတ်ဖြူအုပ်ထားတာဆိုတော့ အမှောင်ထဲမှာ အတန်ငယ်မြင်ရတယ်။ ရုတ်တရက် ကျွန်တော့်မျက်စိထောင့်က အလောင်းရဲ့ ခြေထောက်ဖက်က တစ်ချက်လှုပ်သွားတာကို မြင်လိုက်ရသလို ခံစားလိုက်ရတယ်။ ရင်တစ်ချက်တုန်သွားတယ်။ သေချာအောင် နောက်ပြန်လှည့်ကြည့်မိတယ်။ အလောင်းက ခုနက ပုံစံအတိုင်းပဲ ဘာမှ မထူးခြား။ သူစိတ်ထင်တာ ဖြစ်မည်ဟု ထင်၏။ ဒါပေမဲ့ အလောင်းကို ကျောပေးပြီး မထိုင်ချင်တော့။ ကျောမလုံသလို ခံစားရတယ်။ ဒါနဲ့ ကျွန်တော် သံမံတလင်းပေါ်ဆင်းထိုင်တယ်။ ပြတင်းပေါက်ရှိတဲ့ နံရံကို ကျောမှီပြီးတော့ပေါ့။ အဲ့တော့ ကျွန်တော့်အနေအထားက အလောင်းကို ထိုင်ကြည့်နေသလို ဖြစ်သွားတယ်။ ကျွန်တော် အချိန်ကို ကြည့်လိုက်တော့ ၉နာရီကျော်လောက်ရှိသွားပြီ။ ကျွန်တော်လေ ဒီအလောင်းအစားလုပ်မိတာ နည်းနည်းတော့ နောင်တရလာတယ်။ ဖြစ်နိုင်ရင် သူတို့ကို လောင်းကြေးငွေ လျော်ပြီး ကျွန်တော် အိမ်ပြန်လိုက်ချင်တယ်။ အလောင်းကို ကြောက်တာမဟုတ်ပေမဲ့ စိတ်ထဲကတော့ တစ်ယောက်တည်းမို့လို့လား မသိဘူး။ နည်းနည်းခြောက်ခြားလာသလိုပဲ။ ဒါပေမဲ့ ကျွန်တော့်သူငယ်ချင်းတွေကို ပြန်လာခေါ်ခိုင်းရအောင် ဖုန်းလည်းမရှိ။ လှမ်းအော်လို့လည်း မရ။ မနက်မိုးလင်းတဲ့ထိ စောင့်ဖို့က လွဲရင် ကျွန်တော်မှာ တခြားရွေးချယ်စရာမရှိဘူး။

ကျွန်တော်လည်း အခန်းထောင့်လေးမှာ ဒူးနှစ်ချောင်းထောင်ပြီး ခဏမှေးနေလိုက်တယ်။ ကျွန်တော့်မျက်လုံးတွေ နည်းနည်းစင်းလာတယ်။ ဒါပေမဲ့ အိပ်တော့မအိပ်ချင်သေးဘူး။ရုတ်တရက် ဖယောင်းတိုင်ကို သတိရသွားတယ်။ မအိပ်ခင်လေး ဖယောင်းတိုင်လေးထွန်းလိုက်ဦးမယ်ပေါ့။ ဖယောင်းတိုင်က တစ်နာရီခံတယ်ဆိုတော့ အဲ့အချိန်လောက်ဆို ကျွန်တော်လည်း အိပ်ချင်လောက်ပြီ။ အိပ်သွားရင် ဘာမှ သိတော့မှာ မဟုတ်ဘူး။ မနက်နိုးလာရင် ဟိုကောင်တွေ တံခါးလာဖွင့်တာနဲ့ အတော်ပဲဆိုပြီး ဖယောင်းတိုင်ညှိလိုက်တယ်။ဒါပေမဲ့ ဖယောင်းတိုင်က ချက်ချင်းမီးမတောက်ဘူး။ ဖယောင်းတွေက ရှဲကနဲ မြည်ပြီး မီးပြန်သေသွားတယ်။ ကျွန်တော်ကလည်း မီးခြစ်ဆံငြိမ်းလိုက်ပြီဆိုတော့ စိတ်နည်းနည်းတိုသွားတယ်။ နောက်တစ်ဆံထက်ညှိရတယ်။ မီးခြစ်ဆံက ၂ဆံပဲကျန်တော့တယ်။ မီးထွန်းလိုက်တော့ တခန်းလုံးကို သေချာမြင်ရတယ်။ ကျွန်တော့်ကြောက်စိတ်လည်း နည်းနည်းပျောက်သလောက် ဖြစ်သွားတယ်။ ဖယောင်းတိုင်ကို ကျွန်တော်က ခုတင်ခြေရင်း သံတိုင်ပေါ်မှာ ဖယောင်းအစက်လေး ချပြီး ထွန်းထားတယ်။ ပြီးတော့ ခုတင်ကို မှီုပြီး ကျွန်တော်ထိုင်နေလိုက်တယ်။ ကျွန်တော်ဆေးလိပ်သောက်ချင်လာတယ်။ မီးခြစ်ဆံတစ်ဆံယူပြီး မီးညှိလိုက်တယ်။ ကျွန်တော့်မှာ နောက်ဆုံးမီးခြစ်ဆံပဲ ကျန်တော့တယ်။ အမှန်တော့ ကျွန်တော်နည်းနည်းစိတ်ထွေပြီး မေ့သွားတာ။ ဆေးလိပ်ကို ဖယောင်းတိုင်မီးနဲ့ညှိလို့ရတာပဲ။ မီးခြစ်ဆံမှ မလိုတာ။ အလကား တစ်ချောင်းကုန်သွားတယ်။ ဆေးလိပ်ကုန်ပြီး သိပ်မကြာခင်မှာ ဖယောင်းတိုင်လည်း ကုန်သွားတယ်။ ကျွန်တော်လည်း နည်းနည်းအိပ်ချင်လာပြီ။ အချိန်က ၁၀နာရီကျော်။ ဒါနဲ့ အိပ်ဖို့ဆုံးဖြတ်လိုက်တယ်။

အိပ်ဖို့ကျတော့ သံမံတလင်းမှာအိပ်လို့ ဘယ်လိုမှ အဆင်မပြေဘူး။ လေဖြတ်သွားနိုင်တယ်။ တစ်နည်းပဲရရှိတယ်။ အလောင်းကို ဟိုဖက်နည်းနည်းထပ်တိုးပြီး သူ့ဘေးနားဝင်အိပ်မှပဲရမှာ။ ဒါနဲ့ ကျွန်တော်အလောင်းကို ဖြည်းဖြည်းလေးတွန်းလိုက်တယ်။ ပြီးတော့ သူ့ဘေးနားမှာ အသာလေးဝင်လှဲနေလိုက်တယ်။ သူ့ခေါင်းကိုလည်း နည်းနည်းဟိုဖက်တိုးပြီး ခေါင်းအုံးပဲ အုံးလိုက်တယ်။ ကျွန်တော်က ခါတိုင်းအိပ်ရင် တစောင်းအိပ်လေ့ရှိတယ်။ ဒါပေမဲ့ အခုအနေအထားက တစောင်းစောင်းမယ်ဆို အလောင်းနဲ့ မျက်နှာချင်းဆိုင်ရင်ဆိုင် ဒါမှ မဟုတ် ကျောပေးမှပဲရမယ်။ အဲ့လိုမျိုးကြီးတော့ မအိပ်ချင်ဘူး။ ဒါနဲ့ ပက်လက်ကလေး လှဲနေလိုက်တယ်။ အိပ်နေကျ ပုံစံမဟုတ်တော့ အချိန်တော်တော်ကြီး ကြာသွားတာတောင် အိပ်မပျော်ဘူး။ ဒီကြားထဲ ပက်လက်ပဲ နေရတော့ ကျောနဲ့ ခေါင်းက ပူလာတယ်။ အချိန်က ၁၂နာရီလောက်တော့ရှိပြီ။ အိပ်မပျော်တော့ ပေါက်ကရလျှောက်စဉ်းစားမိတယ်။ အလောင်းက ယောက်ျားလား မိန်းမလားပေါ့။ ကျွန်တော်က မိန်းမသရဲက ပိုကြောက်ဖို့ကောင်းမယ်ထင်တယ်။ ရုပ်ရှင်တွေထဲမှာ ဆံပင်ဖားလားကြီးတွေနဲ့ဆိုတော့။ ယောကျာ်းအလောင်းဆိုရင်တော့ အိုကေတယ်။ ဒါနဲ့ အလောင်းက ယောက်ျားမိန်းမကြည့်ရအောင် နောက်ဆုံး မီးခြစ်ဆံကိုလည်းထုတ်မသုံးချင်ဘူး။ အရေးပေါ်သုံးဖို့ မရှိမှာစိုးလို့။ ဒါနဲ့ အကြံတစ်ခုရသွားတယ်။ အလောင်းရဲ့ မျက်နှာကို စမ်းကြည့်မယ်ပေါ့။ ဟိုကောင်တွေပြောတာ အလောင်းက လတ်လတ်ဆတ်ဆတ်ဆိုတော့ အကယ်လို့ ယောကျာ်းအလောင်းသာဆိုရင် နှုတ်ခမ်းမွှေး မုတ်ဆိတ်မွှေးတော့ ရှိမှာပဲ။ ကျွန်တော် ပိတ်ဖြူလေးကို အသာလှန်လိုက်တယ်။ မျက်နှာကို စမ်းကြည့်တော့ တကယ်ပဲ နှုတ်ခမ်းမွှေးတွေရှိနေတယ်။ ဆံပင်ကလည်း ဘိုကေနဲ့။ သေချာပါပြီ ယောက်ျားအလောင်းဆိုတာ။ စိတ်နည်းနည်းအေးသွားသည်။

ကျွန်တော် ကျောသိပ်ပူလာတာနဲ့ အလောင်းဖက်တစ်ချက်စောင်းပြီး ကျောပူသက်သာအောင် နေလိုက်တယ်။ ခေါင်းအုံးက အိကျသွားလို့ထင်တယ်။ အလောင်းရဲ့ခေါင်းက ကျွန်တော့်မျက်နှာပေါ်ကျလာတယ်။ ကျွန်တော်လန့်ပြီး ထရပ်မိတယ်။ စိတ်ထဲမှာ အလောင်းက လှုပ်သွားသလို ခံစားမိပြန်တယ်။ နောက်ဆုံး ကျန်နေတဲ့ မီးခြစ်တစ်ဆံကို ညှိပြီး ကျွန်တော်ရပ်နေမိတယ်။ မီးဆံလေးက စက္ကန့်ပိုင်းအတွင်းကုန်သွားတယ်။ ကျွန်တော်လည်း စိတ်ညစ်ညစ်နဲ့ ခုတင်ကို ကျောမှီပြီးထိုင်လိုက်တယ်။ ရုတ်တရက် မွေ့ယာက အိကနဲ ဖြစ်သွားတယ်။ ကျွန်တော် ကြက်သီးဖြန်းဖြန်းထသွားတယ်။ လုံးဝ နောက်လှည့်မကြည့်ဘူး။ အားးးး လက်အေးကြီးတစ်ခု သူ့မျက်နှာကို လာစမ်းမိတဲ့ အခိုက် သူဘာမှ မသိတော့ပဲ လောကကြီးနဲ့ အဆက်ပြတ်သွားတော့တယ်။

****************************************************************************
မနက် ဇော်ဇော်တံခါးလာဖွင့်တော့ အောင်အောင်က ခုတင်ခြေရင်းမှာ မေ့လျက်သား။ အောင်အောင်ကို ဆေးရုံပို့လိုက်ကြတယ်။ ၂နာရီလောက် ကြာတော့ အောင်အောင် ပြန်သတိရလာတယ်။ အောင်အောင်ကို ဆေးရုံပို့တဲ့ အချိန်မှာ မောင်မောင်တစ်ယောက် ရုတ်တရက်နှလုံးရပ်ပြီး ဆုံးပြီ ဆိုတာ ဆရာဝန်တွေ မှတ်ချက်ချလိုက်တယ်။ ရှုပ်သွားပြီထင်တယ်။ အားလုံးသတိထားမိလား။ ဇာတ်လမ်းအစထဲက အလောင်းအစားကိစ္စမှာ အောင်အောင့်ကို ဇော်ဇော်ပဲ အားလုံးရှင်းပြပြီး လိုက်ပြင်ဆင်ပေးတာ။ မောင်မောင်က ပျောက်နေတယ်။ အမှန်တော့ အခန်းထဲက အလောင်းကောင်က တကယ့်အလောင်းကောင်မဟုတ်ဘူး။ မောင်မောင့်ကို အိပ်ဆေးထိုးပြီး အိပ်ခိုင်းထားတာ။ သူတို့လို ဆေးကျောင်းသားတွေ အနေနဲ့ ဒီလို အလောင်းခိုးထုတ်ဖို့ဆိုတာ ဖြစ်မှ မဖြစ်နိုင်တာ။ အဲ့တော့ မောင်မောင်နဲ့ ဇော်ဇော် မဲနှိုက်ပြီး အလောင်းကောင်အဖြစ် တစ်ညအိပ်ဆေးနဲ့ အိပ်ဖို့ သဘောတူထားတယ်။ ဖြစ်ချင်တော့ အဲ့နေ့ညက အိပ်ဆေးက စောစောပြယ်ပြီး မောင်မောင်က နိုးလာတယ်။ ရုတ်တရက်နိုးလာတဲ့ အချိန် အမှောင်ထဲမှာဆိုတော့ အလောင်းအစားကိစ္စကို မေ့ပြီး အိပ်ရာက ထထိုင်ပြီး ဘေးဘီဝဲယာကို လျှောက်စမ်းမိတယ်။ အဲ့မှာ အောင်အောင်ကို စမ်းမိတာပဲ။ အောင်အောင် သတိလစ်ပြီး လဲကျသွားတာကို မောင်မောင်က အကြောက်လွန်ပြီး သေသွားတယ်လို့ ထင်သွားတယ်။ အနားကပ်ပြီးလည်း မစမ်းသပ်ရဲဘူး။ သူ့အနေနဲ့ နဂိုထဲက သရဲကို သေအောင်ကြောက်ပါတယ်ဆိုမှ အခု လောလောလတ်လတ်အသက်ထွက်သွားတဲ့ သူငယ်ချင်းအလောင်းနဲ့ အမှောင်ထဲမှာ နေရတော့ အကြောက်လွန်ပြီး နှလုံးရပ်သွားတာပဲ။ အလောင်းယောင်ဆောင်ရာကနေ တကယ့်အလောင်းဖြစ်သွားတယ်။

***********************************************************************
ဒီအဖြစ်အပျက်လေးက တကယ့်အဖြစ်အပျက်လို့ ပြောပါတယ်။ ကြားဖူးသူတွေလည်း ရှိမှာပါ။ အရင်က ဆေးကျောင်း ၂ရဲ့ ကျောင်းသားသစ်ကြိုဆိုပွဲတွေမှာ အဲ့ဇာတ်လမ်းလေးတွေကို ပုံနှိပ်ပြီး ဝေကြတယ်လို့လည်း ပြောကြပါတယ်။ ကျွန်မရေးထားတဲ့ ဇာတ်လမ်းက မူရင်းဇာတ်လမ်းနဲ့ နည်းနည်းပါးပါးတော့ လွဲနိုင်ပါတယ်။ ကျွန်မမှတ်မိသလောက် ပြန်ရေးထားတာကြောင့်ပါ။ အားလုံးဖတ်ပြီးတဲ့အခါမှာ ရင်ထဲတစ်ခုခုကျန်ခဲ့မယ် ကွန်မန့်လေးများထားခဲ့မယ်ဆိုရင် ကျွန်မလက်ညောင်းရကျိုးနပ်ပါပြီ။ ။

ပြီးပါပြီ။ ။


Saturday, July 25, 2009

အလောင်းအစား

ဘာတွေတုန်းတစ်ယောက် ဒီရက်ပိုင်း ဘလော့ဖက်ကို သိပ်ခြေဦးမလှည့်ဖြစ်ပါဘူး။ အကြောင်းကတော့ ဓါတ်ပုံရိုက်တဲ့ဖက် ခြေဦးလှည့်သွားလို့။ :D
ဒါလေးကတော့ ရိုက်ဖြစ်တဲ့ ဓါတ်ပုံတွေထဲက တစ်ပုံပါ။ တခြားပုံတွေကတော့ ဓါတ်ပုံဘလော့လေးသက်သက် လုပ်ပြီးမှ တင်မလားလို့ စဉ်းစားထားတယ်။

ကဲရေးချင်တာက သရဲကြောက်မကြောက် အလောင်းအစားလုပ်ကြတဲ့ ဆေးကျောင်းသား၃ယောက်အကြောင်း။ ဓါတ်ပုံအကြောင်း အင်ထရိုလုပ်တာလေး ခဏရပ်ပြီး ဇာတ်လမ်းစပါတော့မယ်။ ကျောင်းက စီနီယာတစ်ယောက်ပြောပြဖူးတာကို မှတ်မိသလောက်လေး ပြန်ချရေးထားတာပါ။

*************************************************************************************
တစ်ခါက ဆေးတက္ကသိုလ် ၂မှာ သူငယ်ချင်း ၃ယောက်ရှိသတဲ့။ အဲ့၃ယောက်မှာ တစ်ယောက်က သရဲတအားကြောက်တယ်။ တစ်ယောက်ကတော့ ကြောက်တယ်လည်းမဟုတ် မကြောက်ဖူးလဲမဟုတ်တဲ့ neutral ပေါ့။ နောက်ဆုံးတစ်ယောက်ကတော့ လုံးဝ သရဲကို အယုံအကြည်မရှိဘူးတဲ့။သူတို့ နာမည်ကို မောင်မောင် ရယ် ဇော်ဇော်ရယ် အောင်အောင်ရယ် ထားပါတော့။ အောင်အောင်က တခြားသူငယ်ချင်း ၂ယောက်က သရဲအကြောင်းပြောတဲ့အခါမျိုးတိုင်းမှာ "မင်းတို့ကကွာ ဒီခေတ်ကြီးထဲမှာ ဒါမျိုးတွေ ကြောက်နေရသေးတယ်။ အလကား အဓိပ္ပာယ်မရှိတာတွေ။ ငါတော့ ရှိတာလည်း မယုံဘူး။ လုံးဝလည်း မကြောက်ဘူး။" အဲ့လိုမျိုးပြောလေ့ရှိတယ်။ အဲ့စကားကို ကြားဖန်များလာတော့ ကြာတော့ ဟို၂ယောက်လည်း အမြင်ကပ်လာတယ်။
တစ်နေ့ကျတော့ သူတို့ ၃ယောက် အဲ့ကိစ္စနဲ့ ပတ်သက်ပြီး အလောင်းအစားတစ်ခုလုပ်ကြတယ်။ ဘယ်လို အလောင်းအစားမျိုးလည်းဆိုတော့ အောင်အောင်ကို "မင်း သရဲလုံးဝမကြောက်တတ်ဘူးဆိုရင် အခန်းလေးတစ်ခုထဲမှာ အလောင်းကောင်တစ်ခုရယ် မင်းတစ်ယောက်တည်းရယ် တစ်ညလုံးနေနိုင်လား။ မင်းကို ငါတို့ အခန်းထဲမှာ သော့ခတ်ထားမယ်။ ငါတို့ မနက်မိုးလင်းလို့ တံခါးလာဖွင့်တဲ့ အချိန်မှာ မင်းက မတုန်မလှုပ် အေးအေးဆေးဆေးရှိနေသေးတယ်ဆိုရင် မင်းနိုင်တယ်။ မင်းကို ငါတို့၂ယောက် လောင်းကြေးငွေ ၂သောင်းပေးမယ်။ (အဲ့ဒီခေတ်တုန်းက ငွေ၂သောင်းဆိုတာ တော်တော်များတယ်တဲ့)"။ အောင်အောင်ကလည်း "အိုကေ စိမ်လိုက်လေ။ ငါ့ဖက်က ready ပဲ။ မင်းတို့သာ ငါ့ကို ပေးဖို့ ပိုက်ဆံ အဆင်သင့်ပြင်ထား" တဲ့။ ဒါနဲ့ သူတို့ အလောင်းအစားလုပ်ဖြစ်သွားတယ်.။

သူတို့ အလောင်းအစားရဲ့ စည်းကမ်းချက်တွေက အခန်းထဲမှာ ခုတင်တစ်လုံးထားမယ်။ အဲ့ကုတင်ပေါ်မှာ အလောင်းကို ပိတ်ဖြူအုပ်ပြီး တင်ထားမယ်။ ဆေးကျောင်းက အလောင်းထားတဲ့ အခန်းကိုစောင့်တဲ့လူကို ပေါင်းပြီးတော့ လတ်လတ်ဆတ်ဆတ်အလောင်းတစ်ခုကို တစ်ညလောက် ခိုးထုတ်လာမယ်။ ပြီးရင် ည၆နာရီမှာ တံခါးစပိတ်မယ်။ မနက် ၆နာရီတံခါး လာဖွင့်ပေးမယ်။ မီးကို အပြင်က မိန်းswitch ချသွားမယ်။ ဆက်သွယ်ရေးပစ္စည်းတွေ မယူရဘူး။ လိုအပ်တဲ့ ပစ္စည်းအချို့တောင်းနိုင်တယ်။

အောင်အောင်က ဆေးလိပ်သမားဆိုတော့ ဆေးလိပ်တစ်ဗူးတောင်းတယ်။ ပြီးတော့ မီးခြစ်။ ဒါပေမဲ့ ဇော်ဇော်က ဂတ်စ်မီးခြစ်မပေးဘူး။ မီးခြစ်ဆံ ၅ချောင်းပေးတယ်။ ပြီးတော့ ၁နာရီစာခံတဲ့ ဖယောင်းတိုင်တစ်ချောင်း။ နောက်ပြီးတော့ ရေတစ်ဘူး။

အဲ့ဒီ အလောင်းအစားလုပ်မဲ့နေ့ နေ့လည် ၃နာရီလောက်ထဲက အဲ့အခန်းကို ဇော်ဇော်က အောင်အောင်ကို လိုက်ပြတယ်။ အလောင်းကို ဘယ်လိုပုံစံထားမယ် ဘယ်နေရာမှာ ဘာပစ္စည်းထားမယ် အစရှိသဖြင့်ပေါ့။ ဒီနေရာမှာ အခန်းရဲ့အနေအထားကို ပြောပြဖို့လိုလာပြီ။ အခန်းက ၁၀ပေပတ်လည်အခန်း။ ဘေးပတ်ဝန်းကျင်အခန်းတွေမှာလည်း လူမရှိဘူး။ ဒီအခန်းကျဉ်းလေးထဲမှာ ပြတင်းပေါက်တစ်ပေါက်ရယ် တံခါးတစ်ချပ်ရယ်ပဲ ပါတယ်။ ပြတင်းပေါက်က တရုတ်ကပ်မှန်နဲ့ဆိုတော့ နည်းနည်းပဲ ဖွင့်လို့ရတယ်။ လေဖွင့်လေထွက်ရရုံလေးပဲပေါ့။ အခန်းမှာ ပရိဘောဂဆိုလို့ ဆေးရုံတွေမှာ ထားတဲ့ အဖြူရောင် သံကုတင်တစ်လုံးပဲရှိမယ်။ အဲ့ဒီကုတင်က ၇ပေလောက် ရှည်တယ်ဆိုတော့ သူတို့ အလျားလိုက်ထားမဲ့အစား ထောင့်ဖြတ်(diagonally) ထားဖို့ ဆုံးဖြတ်လိုက်တယ်။ အဲ့လို ထားလိုက်ရင် အောင်အောင်အတွက် နေစရာက ထောင့်၂ခု တြိဂံပုံစံလေးပဲ ကျန်မယ်။ ထောင့်တစ်ခုက တံခါးဖက်။ နောက်တစ်ခုက ပြတင်းပေါက်ဖက်။ အဲ့တော့ အကယ်လို့ အောင်အောင်သာ ပြတင်းပေါက်ဖက်သွားချင်တယ် ဆိုရင် အလောင်းကောင်ကို ကျော်ခွသွားရမယ်။

ကဲခုနဇာတ်လမ်းလေး ပြန်ဆက်မယ်။ ဇော်ဇော်က အောင်အောင့်ကို စည်းကမ်းချက်တွေ အသေးစိတ်ပြောပြီးတော့ အလောင်းသွားယူမယ်ဆိုပြီး ထွက်သွားတယ်။ ၅နာရီခွဲမှာ အဲ့နေရာ ပြန်ဆုံဖို့ချိန်းထားတယ်။ ဒီလိုနဲ့ အောင်အောင် ၅နာရီခွဲလောက် အခန်းကို ပြန်ရောက်တဲ့အချိန်မှာ ကုတင်ပေါ်ကို အလောင်းကောင်က ရောက်နေပြီ။ ပိတ်ဖြူပါးလေး အုပ်ထားတယ်။ အလောင်းက ယောက်ျားလား မိန်းမလားတော့ မမြင်ရဘူး။ အောင်အောင်ကလည်း စိတ်မ၀င်စားဘူး။ သူ့အနေနဲ့ ဒါဟာ သူတို့ practical အနေနဲ့ စမ်းသပ်အသုံးပြုတဲ့ အသက်မဲ့ခန္ဓာတစ်ခုလိုပဲ သဘောထားတယ်။ ဒီလိုနဲ့ ညနေ၆နာရီဆိုတဲ့ အချိန်က ရောက်လာတယ်။ ဇော်ဇော်က "ကဲ ငါသွားပြီကွာ ။ မင်းတောင်းဆိုထားတဲ့ပစ္စည်းတွေနဲ့ လိုအပ်မယ်ထင်တာတွေ ငါ ဟိုစင်ပေါ်မှာ အကုန်တင်ထားခဲ့တယ်။ ငါမနက် ၆နာရီ ပြန်လာခဲ့မယ်။ မင်းကံကောင်းပါစေကွာ။" ဆိုပြီး ထွက်သွားတယ်။
ဒီနေရာက စပြီး အောင်အောင်အနေနဲ့ ကိုယ်တိုင်ပြောပြတဲ့ ပုံစံမျိုးနဲ့ ရေးသွားပါရစေ။

**************************************************
ကျွန်တော် တစ္ဆေသရဲလုံးဝ အယုံအကြည်မရှိပါဘူး။ အဲ့အကြောင်းပြောတဲ့လူတွေကိုလည်း လုံးဝ ကြည့်လို့မရဘူး။ ကျွန်တော့်ကို ဒီကိစ္စနဲ့ ပတ်သက်ပြီး အစွန်းရောက်တယ်ပဲပြောပြော ပြောကြပါစေ။ ဒါပေမဲ့ဗျာ ကျွန်တော့်အခင်ဆုံးသူငယ်ချင်း၂ယောက်က ဒါတွေကို သိပ်ယုံတယ်။ သရဲဆိုတာ တကယ်မရှိဘူးဆိုတာ သူတို့နားလည်စေချင်လို့ သူတို့ ကျွန်တော့်ကို အပျော်တမ်း အလောင်းအစားတစ်ခုလုပ်ဖို့ ပြောခဲ့တာ လက်ခံမိတယ်။ အကယ်လို့ ဒီအလောင်းအစားဟာ ပျော်စရာတစ်ခုမဟုတ်ခဲ့ဘူး ဆိုတာ ကြိုသိခဲ့ရင်လေ...

ဇော်ဇော်က ၆နာရီထိုးတော့ တံခါးကို ပိတ်ပြီး အပြင်က သော့ပိတ်သွားတယ်။ ဘယ်တော့မှ အကြောက်အလန့်မရှိတဲ့ ကျွန်တော် .. သူသော့ခတ်တဲ့အသံကို ကြားလိုက်တဲ့အချိန်မှာ ဘာရယ်မဟုတ် ကြက်သီးနည်းနည်းထမိသွားတာ ၀န်ခံပါတယ်။ ခေါင်းထဲမှာ ငါတစ်ယောက်တည်း ဒီအခန်းထဲမှာ ကျန်ခဲ့ပြီ အရေးအကြောင်းကြုံရင်လည်း ဘယ်လိုမှ ထွက်လို့မရဘူး ဆိုတဲ့ အသိတစ်ချက်ဝင်လာလို့ ဖြစ်ပါလိမ့်မယ်။ ဒါပေမဲ့ အဲ့စိုးရိမ်စိတ်ကို ကျွန်တော်လွယ်လွယ်ကူကူပဲ ဖျောက်နိုင်ခဲ့ပါတယ်။ ဇော်ဇော်ထွက်သွားပြီး ခဏကြာတော့ ကျွန်တော် ပြတင်းပေါက်ဖက်ကို ကူးလာခဲ့တယ်။ ခံတွင်းချဉ်လာတာနဲ့ စင်ပေါ်မှာ တင်ထားတဲ့ စီးကရက်တစ်လိပ်နဲ့ မီးခြစ်ဆံတစ်ဆံယူလိုက်တယ်။ မီးခြစ်ဆံ ၄ချောင်းပဲ ကျန်တော့တယ်။ ပြီးတော့ ကျွန်တော် ပြတင်းပေါက်အောက်က ကားတွေ သွားနေတာကို ငုံ့ကြည့်ရင်း စီးကရက်လေးတဖွာဖွာနဲ့ ဟိုဟိုဒီဒီ လျှောက်တွေးနေမိတယ်။ ၇နာရီကျော်လောက်လည်းကြရော အပြင်မှာလည်း မှောင်စပျိုးနေပြီ။ လက်ထဲက စီးကရက်လည်း ကုန်ပြီ။ ခြေထောက်လည်း နည်းနည်းညောင်းလာတာနဲ့ ထိုင်ဖို့ နေရာတစ်ချက်လှည့်ကြည့်လိုက်တယ်။ အခန်းထဲမှာ ခုံမရှိဘူး။ ကျွန်တော်လည်း အောက်သံမံတလင်းမှာ မထိုင်ချင်တာနဲ့ အလောင်းကို ဟိုဖက်နည်းနည်းတိုးပြီး အလောင်းရဲ့ ခါးနေရာလောက်မှာ ကျောပေးပြီး ထိုင်လိုက်တယ်။

(ဆက်ပါဦးမည်....)