Thursday, March 19, 2009

အလွဲများနဲ့ ကွန်မ၏တစ်နေ့တာ

ဒီရက်ပိုင်း စာရေးရမှာ အပျင်းထူနေပါတယ်။ အလုပ်ကိစ္စနဲ့ နည်းနည်းစိတ်ရှုပ်တာလည်း ပါတယ်။ အခု အလုပ်ကလည်း ရသလိုမရသလိုဖြစ်နေပါတယ်။ မနေ့က interview ၂ခုသွားပါတယ်။ ပထမတစ်ခုကတော့ ရေရေရာရာ မရှိလှပါဘူး။ မေးခွန်းနည်းနည်းမေးပြီး နောက်မှ ပြန်ဆက်သွယ်ပါ့မယ်ဆိုပြီး ပြီးသွားတယ်။ ဒုတိယ interview ကျတော့ အင်တာဗျူးတဲ့ ဒေါက်တာမမက အသက်၃၀ကျော်ဝန်းကျင်ပဲ ရှိပါသေးတယ်။ Training ဆင်းကြည့်ပါတဲ့။ ဒီအလုပ်က ညီမနဲ့ အဆင်ပြေမပြေမသိတော့ စမ်းလုပ်ကြည့်ပေါ့တဲ့။ ၃ရက်လောက်လုပ်ပြီး အဆင်ပြေရင် ဆက်လုပ်ပါလို့ ဒေါက်တာမမက ပြောပါတယ်။ ရာထူးကတော့ သူ့ရဲ့လက်ထောက်ပေါ့နော်။ အလုပ်ရှင်က ချောချောလှလှလေး။ စကားပြောလေးကလည်းချို။ အဲ့တော့ ဒီလို သဘောကောင်းကောင်း အလုပ်ရှင်နဲ့ လုပ်ရတော့ ကောင်းတာပေါ့ဆိုပြီး ခေါင်းကို ဆတ်ဆတ်ငြိမ့်လို့ ဒီနေ့Training စဆင်းတယ်ပေါ့ကွယ်။

သို့သော်လည်း အလုပ်စဆင်းတော့ အထင်နဲ့အမြင်က မှားခဲ့လေပြီ။ မနေ့က စကားချိုသော မမဒေါက်တာ။ ဒီနေ့ ဆေးခန်းရောက်တာနဲ့ ကောင်တာက ကောင်မလေး၂ယောက် လေပေါနေတာတွေ့လို့ စအော်ငေါက်ပါလေရော။ ကျွန်မတောင် နည်းနည်းလန့်သွားတယ်။ ပြီးတော့ ကျွန်မကို ၀န်ထမ်းတစ်ဦးက ဆေးlabel တပ်နည်းတွေ Lab form ရေးနည်းတွေ blah blah သင်ပေးတယ်။ ဆေးနာမည်တွေလည်း မှတ်ရသေးတယ်။ အဓိက တာဝန်က ဆရာဝန် consultation လုပ်နေတဲ့ အချိန် သူလိုအပ်သမျှလုပ်ပေးရမယ်။ သူ့ပါးစပ်က ဆေးနာမည် တစ်ခုထွက်ပြီဆိုတာနဲ့ ဗီရိုဖွင့် ဆေးထုတ်။ လူနာနာမည် နဲ့ ဆေးအညွှန်းရေး။ ပြီးရင် ဆရာဝန်က ဘာကို စမ်းသပ်မယ်ဆိုတာနဲ့ လိုအပ်တဲ့ ပစ္စည်းကိရိယာတွေ အဆင်သင့်ထုတ်။ လူနာတွေ ကုတင်ပေါ်တက်ရင် တွဲတင်ပေး တွဲချပေး။ ဗဟုသုတတော့ အတော်ရသား။ ဒါပေမဲ့ ဒေါက်တာမမက စိတ်အလွန်ကြီးကြောင်း မျက်ဝါးထင်ထင်တွေ့ခဲ့ရသည်။ လုပ်တာကိုင်တာ နှေးရင် အော်ခံထိဖို့ပြင်။ မှားရင်တော့ သေဖို့သာပြင်ပေတော့။ တစ်ခါ သူခိုင်းတာ ဘာခိုင်းမှန်းမသိ၍ ကြောင်နေတဲ့ ကျမ ကောင်းကောင်းကလော်တုပ်ခံရ။ သူ့ultrasound machine ပေါ် လက်မအားလို့ မှတ်စုစာအုပ်ခဏတင်မိ။ ထပ်အအော်ခံရ။ ဆေးဗီရိုတွင် စာရေးရင် ဆွဲထုတ်ရသော သစ်သားအပြားလေးရှိသည်။ ထိုသစ်သားအပြားလေးအား အထုတ်အသွင်းတွင် အားနည်းနည်းပြင်းသွားသည်။ ခြိမ်းခြောက်ခံရသည်။ ပျက်ရင် လစာထဲက နှုတ်မည်ဟု။ လစာကဖြင့် ဘယ်ဆီနေမှန်းမသိသေး။ ဆေးမှတ်တမ်းပေါ်တွင် လူနာနာမည်နှင့် IC ရေးခိုင်းသည်။ လူနာ နာမည်မှာ မတရားရှည်သောကြောင့် နေရာမဆန့်။ မြှားထိုးပြီးရေးမိသည်။ ထပ်ဆူခံရသည်။ နာမည်ရှည်မှန်းသိရင် အစထဲက ချုံ့ရေးပါလားတဲ့။ အခုကြည့်မကောင်း ရှုမကောင်းနဲ့တဲ့။ ကျွန်မလည်း ဒါဆို နောက်တစ်ရွက်ထပ်ရေးလိုက်ပါ့မယ်ဆိုပြီး စာရွက်နောက်တစ်ရွက် အပြေးသွားယူ။ ပြန်လာတော့ မမက ပြော၏။ စာရွက်သိပ်ပေါနေလားတဲ့။ စာရွက်ဆိုတာ သစ်ပင်ကလုပ်တာဆိုတာ နားလည်တယ်မလား။ စာရွက်ဖြုန်းတီးတာ သစ်ပင်တွေကို သတ်တာနဲ့ တူတူပဲ။ ပြန်သွားထားတဲ့။ သြော်... ဘာလုပ်လုပ်တလွဲပါလား ငါ့နဲ့နော်။ တော်ပါသေးရဲ့။ မမက လှည့်ပတ်အော်ငေါက်ရတာ မောသွားပြီထင့်။ ဒီနေ့ သင်ပေးတာတွေ အကုန်ချရေးတဲ့။ ပြီးရင် ပြန်တော့တဲ့။ ကျွန်မလည်း အတက်ကြွဆုံးရေးတော့တာပေါ့။ ရေးပြီးသွားတော့ မမက မေးပါတယ်။ မနက်ဖြန် Training လာအုံးမှာလားတဲ့။ အလုပ်ကလည်း ရှာရခက်တယ်ဆိုတော့ ရနိုင်တဲ့ ဒီအလုပ်လေးပဲ ဆက်ကြိုးစားကြည့်ရမှာပေါ့ကွယ်။ ဟင့်။ အဲ့တော့ လာမယ်ပဲပြောလိုက်ရတာပေါ့။ ကဲဒီတော့ ဒီည ဘုရားသေချာရှိခိုးသွားမှ။ မနက်ဖြန် ဒေါက်တာမမ စိတ်ကောင်းဝင်ပြီး တပည့်တော်မလည်း ဆူပူအော်ငေါက်ခံရခြင်းဘေးမှ ကင်းဝေးစေသောဝ်။ ။


15 comments:

တီချမ်း said...

အံမယ်လေး ငါ့သမီးလေး သနားပါတယ်တော်
အဲဒီဆရာဝန် မ ရုပ်ဆိုးကြီးနဲ့ညားပါစေတော်
ဘာဘာ တီလာလည် ဖတ်
ဘာ့ ကိုသနား
တီ ဘာ့ ကို အဲဒါတေ(အလုပ်၊ ဇွဲ၊ အနိုင်မခံ အရှူံးမပေး) နဲ့ ပတ်သက်တဲ့ ပေးစားလေးတစ်စောင်ရေးပေးမယ်ကွယ် ဘာဘာ အားရှိအောင်နော်
လောလောဆယ်တော့ တီ့ ဆီ မှာ စွပ်ပြုတ်လာသောက်

Phyo Evergreen said...

ဒီလိုပါဘဲ..ဒီလိုပါဘဲ..
နောက်တော့လည်း အရေထူသွားမှာပါ..
:D

နွေးနေခြည် said...

ဘာဘာ့လေး သနားပါတယ်...
ကြိုးစားနော် ဘာဘာ ဒါပေမယ့် သိပ်လည်း စိတ်အပင်ပန်းမခံနဲ့ဦး
Training ကာလမို့ စမ်းသပ်နေတာလား မသိဘူး

My Diary said...

သူငယ်ချင်းရေ ကြိုးစားကြည့်ပါ။ နောက်အဆင်ပြေမှာပါ
စမ်းသပ်တာမဟုတ်ပဲ သူ့အကျင့်ဆိုရင်တောင် သူ့ပြောသမျှ နာခံတဲ့အတွက် သူလည်း သဘောကျလာမှာပါ လစာတိုးပေးလိမ့်မှာ သေချာတယ်
အားမလျှော့စတမ်းနော်။
ခင်တဲ့ mydiary

Anonymous said...

:)...ညီမလေးရေ...ဒီလိုပဲ..
အဓိက ကဘာကိုပဲလုပ်လုပ် အကောင်းဆုံးဖြစ်အောင်
လုပ်၊ဇွဲမလျော့နဲ့ ၊ :).ဒီအချိန်မှာ အပင်ပန်းခံနိုင်မှ
နောင်တချိန်မှာ ပြုံးပျော်နိုင်မှာလေ.ကြိုးစား။:)
Everything will be ok..
Just Do ure best whatever.:)

Anonymous said...

မမရေ.. စိတ်မကောင်းဘူး.. :(
ညီမလေးပါ ဆုတောင်းပေးမယ်..

Phyo Maw said...

ဒေါက်တာ မမ ကခပ်ချောချော ဆိုပဲ။

ပေးတွေ့လိုက်စမ်းဘာ...
တုန်းတုန်းကို အဲလိုမလုပ်ဖို့ ပြောပလိုက်မယ်။
ဟင်း...
ပိုပိုသာသာတွေတော့ ထည့်မရေးထားပါဘူးနော်? (မေးကြည့်ရုံနော်)

သီဟသစ် said...

ဘာဘာလေးရေ
အဆင်ပြေပါစေကွာ။
အလုပ်သွားခါနီးကျရင် သောက်ရေချမ်းကပ် မေတ္တာပို့သွားပေါ့။
Good Luck

ဘာတွေတုန်း said...

ဟင့် တီချမ်းတို့ မနွေးတို့မဒိုင်ယာရီတို့ မမာလာနဲ့ ကလေးငယ်လေးတို့ကမှ ဘာဘာကို သနားဖော်ရသေးတယ်။ ဖြိုးအဲဗားဂရင်းကတော့ အားပေးရှာသား။ အရေထူသွားမှာပါတဲ့။ ကိုဖြိုးမော်ကတော့ သူများရေးတာတောင် မယုံသလိုလို ဘာလိုလိုနဲ့။ ဟွန့်။ အဲ့ဒေါက်တာမနဲ့ ပေးတွေ့လိုက်ရ။

ဘာတွေတုန်း said...

သို့ ကိုသီဟသစ်=>အဲ့ဒါတော့ မပူနဲ့ဗျို့။ ခုဆို ဘုရားတရားသိပ်ရိုသေသွားပြီ။ မနက်အလုပ်မသွားခင် ဘုရားရှိခိုးတယ်။ ဟဲဟဲ

နွေးနေခြည် said...

မှာချင်တာလေး ရှိလို့ ထပ်လာတယ်...
အလုပ်လုပ်ရင်း စေတနာလေးပါထည့်လုပ်ပါ ဘာဘာရေ..
မနက် အလုပ်မသွားခင်လည်း အားလုံးကို မေတ္တာပို့ပြီးမှ အိမ်ကထွက်...
ဂုဏ်တော်ကိုးပါးကို အမြဲရွတ်နေ (ရထားပေါ်မှာဖြစ်ဖြစ် ကားပေါ်မှာဖြစ်ဖြစ်) စိတ်ထဲကလည်း မြတ်စွာဘုရားသက်ရှိထင်ရှားရှိသလို အာရုံပြုထား

တဘ၀လုံးအတွက် မှာလိုက်တာပါ..

khin oo may said...

ကြိုးစား.

Anonymous said...

ခလုတ်ထိမှ ဘုရားတနေတယ် တုံတုံလေး... ကြိုးစားထားကွ... ၀ိုင်းဆုတောင်းနေပေးနေမယ်။ အလုပ်အဆင်ပြေပါစေလို့..

ဘာတွေတုန်း said...

ဟုတ် မမနွေး။ငါ့မမကတော့ တကူးတက ထပ်လာပြောတယ် အဲ့ဒါကြောင့် ချစ်ဖို့ကောင်းတာ
မမkom နဲ့ မမမေဒီ => ကြိုးစားနေပါတယ်။ ၃ခွေကုန်တွားပီ

khin oo may said...

တယ်လိမ်မာသကိုး သုံခွေကုန်သွားပြီ။